“ချစ်တယ် သားလေး”လို့ ခဏခဏပြောလေ့ရှိတဲ့ မေမေ့စကားလုံးတွေရဲ့ ကွဲပြားလှတဲ့အဓိပ္ပာယ်တွေဆိုတာ….

blank

သားလေးရေ……..

မေမေငယ်ငယ်တုန်းက သားဘွားဘွားက မေမေကို “မေမေ သမီးကို အရမ်းချစ်တယ်”လို့ ခဏခဏပြောခဲ့တာလေးကို သတိရမိတယ်။ မေမေတို့ဖုန်းပြောတဲ့အခါ ဘွားဘွားက  ဖုန်းမချခင်တိုင်း မေမေ့ကို “ချစ်တယ်”လို့ ပြောလေ့ရှိတယ်။ မေမေကျောင်းမသွားခင် နှုတ်ဆက်တဲ့အခါမှာလည်း ဘွားဘွားက မေမေ့ကို “ချစ်တယ်”လို့ ပြောဖို့ ဘယ်တော့မှမမေ့ဘူး။ မေမေ့သူငယ်ချင်းအိမ်အလည်သွားဖို့ ဘွားဘွားကိုခွင့်ပန်တဲ့အခါမှာလည်း ဘွားဘွားက “သမီးရေ ချစ်တယ်နော်”ဆိုတဲ့စကားကို ပြောပြီးမှ သွားခွင့်ပေးတယ်။

“မေမေ ဘာလို့ ငါ့ကို ချစ်တယ်လို့ ခဏခဏပြောနေတာလဲ”ဆိုပြီး နားမလည်ခဲ့တုန်းက မေမေက ဘွားဘွားပြောတာတွေကို သိပ်သဘောမကျခဲ့ဘူး။ “ကလေးလည်းမဟုတ်ဘဲနဲ့ မေမေက ဘာလို့ငါ့ကိုချစ်တယ်လို့ ပြောနေရတာလဲ”ဆိုပြီး ရှက်စရာကြီးလို့တောင် ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ မေမေ့ဘဝထဲကို သားလေးရောက်လာမှ မိခင်တစ်ယောက်ကပြောတဲ့ ချစ်တယ်ဆိုတဲ့စကားဟာ အဓိပ္ပာယ်အများကြီးရှိမှန်း သိလိုက်ရတယ်။ အခုဆိုရင် “မေမေ ငါ့ကို ချစ်တယ်လို့ ခဏခဏမပြောနိုင်တော့ပါလား”လို့လည်း သံဝေဂရမိတယ်။ အဲ့ဒါကြောင့် “ချစ်တယ်၊ သားလေးရေ”လို့ပြောတဲ့ မေမေ့စကားတစ်ခွန်းမှာ ဘယ်လိုအဓိပ္ပာယ်တွေ ရှိနေလဲဆိုတာ သားလေးကို သိစေချင်တယ်ကွယ်။

မေမေ့ရဲ့အချစ်ဆုံး သားလေးရေ……

“သားလေး ချစ်တယ်နော်”လို့ မေမေခဏခဏပြောဖို့ လိုအပ်တယ်။ ဘာလို့လဲဆိုတော့ မေမေ့နှုတ်ကထွက်လာတဲ့ “ချစ်တယ်”ဆိုတဲ့စကားဟာ ဘယ်လောက်တောင် ကျယ်ပြောလှလဲ၊ ဘယ်လောက်တောင် အဓိပ္ပာယ်နက်နဲလှလဲဆိုတာ သားလေးကို သိစေချင်လို့ပါ။ သားဘဝတစ်လျှောက်လုံး သားလေးကို ချစ်တယ်လို့ မေမေပြောပါရစေ၊ သားရေ။ မေမေ သားကို ချစ်တယ်လို့ ပြောတဲ့အခါ မေမေ ဘာကိုဆိုလိုလဲဆိုတာ သား တိတိကျကျသိနေတဲ့အခါမျိုးမှာ မေမေသိပ်ပျော်နေမိတယ်။ “သားလေးရေ ချစ်တယ်”လို့ ပြောတဲ့အခါ မေမေ့စိတ်ထဲမှာ ကလေးရှိတဲ့မိခင်တစ်ယောက်ရဲ့ပုံမှန်ခံစားချက်တစ်ခုထက်ကို ပိုပါတယ်၊ သားရေ။

“သားလေးရေ ချစ်တယ်”လို့ မေမေပြောတာဟာ အချိန်တိုင်းပဲ သားအကြောင်းကို တွေးနေမိတယ်လို့ ဆိုလိုတာပါ။ တစ်နေ့လုံးပဲ သားအကြောင်းတွေးနေတဲ့ မေမေ့အတွေးတွေဟာ မရေမတွက်နိုင်အောင် များပြားလွန်းပါတယ်။ သားအကြောင်း တွေးလိုက်ချိန်တိုင်း သားလေးဟာ မေမေ့အတွက် မျှော်လင့်ချက်ရှိစေတယ်။

သားလေးကျောင်းတက်တဲ့အခါမှာလည်း သားလေး စာသင်ရတာပျော်ပါစေ။ သင်ခန်းစာတွေကို စိတ်ရှည်ရှည်နဲ့ လိုက်လုပ်နိုင်ပါစေလို့ မေမေအမြဲတမ်း ဆုတောင်းပေးတယ်။ သားလေး အိမ်မှာနေရင်လည်း မေမေတို့အိမ်လေးဟာ ငြိမ်းချမ်းပါစေ၊ သာယာပါစေ၊ နေရတာသက်သက်သာသာရှိပါစေလို့ မေမေ ဆုတောင်းတယ်။ သားလေး  သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်တဲ့အခါမှာလည်း သားလေး စိတ်ချမ်းချမ်းသာသာ၊ ပျော်ပျော်ရွှင်ရွှင်ရှိပါစေလို့ မေမေက ဆုတောင်းတတ်တယ်။ မေမေ့ရဲ့အချစ်တွေက သားလေးအပေါ် ချစ်မြတ်နိုးတာထက်ကို ပိုပါတယ်။ မေမေ့အချစ်တွေက အနာဂတ်မှာသားလေးဘာဖြစ်လာမလဲ၊ အခုကောသားလေးဘယ်လိုလူလဲဆိုတဲ့ တန်ဖိုးတွေတွက်နေတာထက်ကို ပိုပါတယ်၊ သားရေ။ မေမေ့အချစ်တွေက ဘယ်တော့မှပျောက်ကွယ်မသွားဘဲ တစိမ့်စိမ့်နဲ့ သားလေးအပေါ် ချစ်နေမယ်ဆိုတာ ယုံပါ။

“သားလေးရေ ချစ်တယ်”လို့ပြောတာဟာ သားလေးအတွက်ဆို မေမေ အရာအားလုံးကို ကျောခိုင်းပစ်နိုင်တယ်လို့ ဆိုလိုတာပါ၊ သားရေ။ သားလေး မေမေ့ကို လိုအပ်လာတဲ့အခါ မေမေ့ကိုယ်က သားလေးအနား ချက်ချင်းရောက်မလာနိုင်ရင်တောင် မေမေ့စိတ်ကတော့ သားလေးဘေးမှာပါ။ သားလေးလက်တွေကို ဆုပ်ကိုင်ထားမယ်။ သားလေး လဲကျနေရင် ဆွဲထူပေးမယ်။ သားလေးအနားမှာ အနီးဆုံးရှိမယ့်သူဟာ မေမေပါ။ သားလေး ရှေ့ဆက်နိုင်ဖို့ မေမေဟာ လမ်းညွှန်ပေးမယ်။ သားလေး လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို့ မေမေရှိနေပါတယ်။ သားလေး ဘယ်နေရာရောက်နေရောက်နေ မေမေစိတ်ကတော့ သားလေးအနားမှာ အမြဲရှိနေတယ်။ ဘာတွေပဲဖြစ်နေဖြစ်နေ သားလေးလိုအပ်ချိန်တိုင်း မေမေ့ကို ခေါ်လို့ရတယ်။

သားလေးအပြင်သွားခါနီးတိုင်း “ချစ်တယ်သားလေး။ Goodbye”လို့ မေမေ့ရဲ့နှုတ်ဆက်သံလေးကို သားလေး မှတ်မိသေးလား။ မေမေ့ရဲ့ချစ်တယ်ဆိုတဲ့စကားဟာ ဘာကိုဆိုလိုချင်လဲဆိုတာ သားလေး သိလောက်ရောပေါ့။ မေမေက သားလေးရဲ့မိခင်တစ်ယောက်ဆိုတော့ မေမေ့အချစ်တွေက သားလေးအတွက် မရှိမဖြစ်တဲ့အခြေခံလိုအပ်ချက်တွေပေါ့၊ သားရေ။ မေမေ့အချစ်တွေက သားလေး ဒီနေ့အထိ ရပ်တည်ရှင်သန်လာအောင် ကူညီပေးခဲ့တယ်။ မေမေကတော့ မေမေ့အချစ်တွေက သားလေးအတွက် မလုံလောက်ဘူးလို့ထင်တယ်။ သားလေးက မေမေ့အတွက် တန်ဖိုးမဖြတ်နိုင်အောင် အဖိုးထိုက်တန်တဲ့ရတနာတစ်ပါးဆိုတာ သားလေးသိမယ်လို့ မေမေ မျှော်လင့်ပါတယ်။ ဒါ့အပြင် မေမေ့သားလေးက ရိုကျိုးတဲ့ကလေး၊ ယဉ်ကျေးလိမ္မာတဲ့ကလေးတစ်ယောက်ဖြစ်တယ်ဆိုတာလည်း သားလေးကို သိစေချင်တယ်။ မေမေ့အချစ်တွေက သားရဲ့စိတ်ဝိဉာဉ်လေး သန်မာလာအောင်၊ နူးညံ့လာအောင်၊ ပွင့်လင်းလာအောင် ကူညီပေးခဲ့လိမ့်မယ်လို့ မေမေမျှော်လင့်တယ်။ မေမေ့အချစ်တွေနဲ့ သွန်သင်ဆုံးမမှုတွေကြောင့် သားရဲ့ကြိုးစားအားထုတ်မှုတွေ အားကောင်းလာပြီလို့ မေမေထင်တယ်။ ဒါပေမဲ့ သတိလက်လွတ်တော့ မနေရဘူးနော်၊ သားလေး။ သားလေးရဲ့စိတ်စေတနာဟာ ရက်ရောလိမ့်မယ်လို့ မေမေမျှော်လင့်တယ်။ ဒါပေမဲ့ အတိုင်းအတာတော့ရှိပါစေ၊ သားရေ။ သားလေးမှာ ကမ္ဘာကြီးကို ပိုကောင်းအောင် လုပ်နိုင်ဖို့ ခွန်အားရှိတယ်လို့ သားကိုယ်သား ယုံကြည်ရမယ်။ သားလေးကို ချစ်တယ်လို့ မေမေခဏခဏပြောတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရမယ်၊ ဘာပဲဖြစ်နေဖြစ်နေ ကိုယ့်ကိုယ်ကိုယ် ချစ်ရမယ်ဆိုတာ သားလေးကို မေမေ သတိပေးတာလည်းဖြစ်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သားလေးအတွက် မေမေ အကောင်းဆုံးလုပ်ပေးတာတွေဟာ သားလေးဆီက ကျေးဇူးတင်စကား ကြားရဖို့လည်း မဟုတ်ဘူး။ သားလေးဆီက ကျေးဇူးသိတတ်မှုကို ပြန်လိုချင်လို့လည်း မဟုတ်ပါဘူး၊ သားရေ။ သားလေးကို ချစ်တယ်လို့ နှုတ်ကမပြောဘဲ အလုပ်နဲ့သက်သေပြခြင်းသာ ဖြစ်တယ်။ သားလေးမနိုးခင် သားလေးအတွက် မနက်စာပြင်ဆင်ပေးတာဟာ မနက်ခင်းမှာ သားလေး အားလုံးအဆင်သင့်ဖြစ်စေချင်လို့ဖြစ်တယ်။ သားလေးမွေးနေ့တွေမှာ လုပ်ပေးခဲ့တဲ့ ကိတ်တွေဟာ သားလေးကို မေမေ အရမ်းချစ်လို့ မေမေ့ရဲ့အချိန်တွေ၊ ခွန်အားတွေ၊ စွမ်းဆောင်နိုင်စွမ်းတွေဟာ သားလေးကလွဲပြီး ဘယ်သူ့အတွက်မှ မဟုတ်ဘူးဆိုတာ သက်သေပြတာလည်းဖြစ်တယ်။ ဟော်လိုဝင်းတိုင်းမှာ သားလေးအတွက် ဝတ်စုံလေးတွေကို မေမေ့မေတ္တာတွေနဲ့ ချုပ်ပေးထားတာပါ။ ဒါကြောင့် သားလေး ဝတ်ချင်တာမှန်သမျှ ဝတ်နေရတာပေါ့။ သားလေးပူဆာစရာမလိုဘဲ သားအင်္ကျီလေးတွေကို မေမေမီးပူတိုက်ပေးတဲ့အခါ၊ သားကြိုက်တဲ့ဟင်းတွေ ချက်ကျွေးတဲ့အခါ၊ ဆောင်းရာသီဝတ် ခြေအိတ်တွေ၊ ဦးထုပ်တွေဝယ်ပေးတဲ့အခါ သားလေးပျော်နေတတ်တယ်။ သားလေးက သိပ်သတိမထားမိရင်တောင် မေမေ သားလေးအတွက် လုပ်ပေးသမျှတွေဟာ သားလေးကို သက်သက်သာသာရှိစေချင်လို့၊ ပျော်စေချင်လို့သာဖြစ်တယ်။

သားလေးကို ချစ်တဲ့မေမေ့အချစ်တွေနဲ့တော့ သားလေးလုပ်ခဲ့တဲ့အမှားတွေကို ချေဖျက်ပစ်လို့မရဘူးနော်။ မေမေ့အချစ်တွေက သားလေးလဲကျရင်လည်း ဖမ်းထားမပေးနိုင်ဘူး။ အသည်းကွဲဝေဒနာနဲ့ ကျရှုံးမှုတွေကနေလည်း လွတ်မြောက်အောင် မလုပ်ပေးနိုင်ဘူး။

ဒါပေမဲ့ မေမေ့အချစ်တွေက သားလေးအတွက် အကောင်းဆုံးတွေကိုပဲ အမြဲတမ်းလိုလားနေတယ်။ အကောင်းဆုံးတွေ အမြဲတမ်းဖြစ်မလာရင်တောင် အခက်အခဲတွေကို လွယ်လွယ်နဲ့ သားလေးကျော်လွှားနိုင်စေရမယ်။ သားလေးကို အားပေးဖို့၊ အတော်ဆုံးဖြစ်ဖို့၊ သက်သက်သာသာရှိစေဖို့ မေမေ အမြဲရှိနေတယ်ဆိုတာ သားလေးယုံကြည်ပါ။

သားလေး ဘယ်နေရာပဲရောက်နေရောက်နေ၊ မေမေတို့တွေ အသက်ဘယ်လောက်ပဲကြီးလာပါစေ အရေးမကြီးပါဘူး။ နှစ်တွေ ဘယ်လောက်ပဲဖြတ်သန်းခဲ့ပါစေ၊ သားလေးက ဖခင်တစ်ယောက်ဖြစ်လာပါစေ အရေးမကြီးပါဘူး။ သားလေးဟာ မေမေ့ရင်ထဲမှာ အမြဲတမ်းနေရာယူထားပြီးသားပါ။ သားလေးနဲ့အတူရှိနေတဲ့အချိန်ဟာ မေမေ့အမှတ်တရတွေထဲက အပျော်ရွှင်ရဆုံးပါပဲ။ သားလေးဟာ မေမေတက်တက်ကြွကြွရှိနေရတဲ့အကြောင်းရင်းတစ်ခုလည်း ဖြစ်တယ်။ သားလေးရဲ့အပျော်ဆုံးနေ့ရက်တွေမှာ သားလေးကို မေမေချစ်နေမှာ။ သားလေး အခက်အခဲဆုံးအခြေအနေတွေ ကြုံတွေ့နေရင်လည်း မေမေက ချစ်နေမှာ။ သားလေး အသည်းကွဲနေလည်း မေမေကတော့ သားလေးကို ချစ်နေမှာပဲ။ မေမေ့ရဲ့အချစ်တွေဟာ ဘယ်တော့မှပြောင်းလဲမသွားဘဲ ပုံစံမျိုးစုံနဲ့ သားလေးကို ဆက်ချစ်နေဦးမှာပါ၊ သားရေ။

သားလေး အသက်ကြီးလာတဲ့အခါ မေမေ သားလေးအတွက် လုပ်ပေးခဲ့တဲ့အရာလေးတွေကို သားလေး မေ့ချင်မေ့သွားနိုင်တယ်။ ဒါပေမဲ့ “သားလေးရေ ချစ်တယ်”လို့ မေမေပြောလိုက်တဲ့စကားတစ်ခွန်းဟာ ဘယ်လောက်အဓိပ္ပာယ်တွေ ရှိနေလဲဆိုတာ သားလေးအမြဲတမ်းနားလည်နေလိမ့်မယ်လို့ မေမေမျှော်လင့်ပါတယ်၊ သားရေ။

မေမေတို့ရေ…….သားလေးကို ပြောချင်တဲ့ခံစားချက်လေးတွေ တိုက်ဆိုင်သွားရင် share လိုက်ပါဦးနော်။