လက်ကိုလွှတ်ပေးလိုက်ရတဲ့အချိန်….။

blank

ဒီနေ့ကျွန်မသမီးလေးနဲ့ ကျွန်မအပြင်ကပြန်လာတော့ အိမ်အပေါက်ဝကိုရောက်တာနဲ့ သမီးလေးက ကျွန်မလက်ကိုလွှတ်ပြီး အိမ်ထဲကိုဝင်သွားခဲ့တယ်။ တစ်ချိန်လုံး ကျွန်မလက်ကို အားကိုးတကြီးနဲ့ ဆုပ်ကိုင်လာတဲ့သမီးလေးက ကျွန်မလက်ကိုလွှတ်ပစ်လိုက်တဲ့အချိန်မှာ ကျွန်မရင်ထဲအမျိုးအမည်မသိတဲ့ ခံစားချက်တစ်ခုကို ခံစားခဲ့ရတယ်။ (၅) နှစ်သာသာရှိသေးတဲ့ သမီးလေးဟာ ကျွန်မကိုမလိုအပ်တော့တဲ့ အချိန်လေးတွေရှိလာပြီ။ အမေအနားကို တစ်ချိန်လုံးတွယ်ကပ်နေတတ်တဲ့သမီးဟာ ကျွန်မမပါဘဲ သူငယ်ချင်းတွေနဲ့ဆော့ကစားတတ်လာပြီ။ ကျောင်းလိုက်ပို့တဲ့အခါ ကျွန်မကိုတာ့တာလို့ပြောပြီး လှည့်တောင်မကြည့်တော့ဘဲ ကျောင်းထဲကို တန်းတန်းမတ်မတ်ဝင်တတ်နေပြီ။

အဲ့ဒီအချိန်မှာ အမေတစ်ယောက်ရဲ့ခံစားချက်ကို ကျွန်မကိုယ်ချင်းစာစွာ နားလည်လာခဲ့တယ်။ ကျွန်မတို့ရဲ့ သားသမီးလေးတွေဟာ ကျွန်မတို့အနားမှာ ဘယ်လောက်ပဲတွယ်ကပ်နေပါစေ။ တစ်ချိန်ချိန်မှာ ကျွန်မတို့ကို မလိုအပ်တော့တဲ့ အချိန်တွေရှိလာလိမ့်မယ်။ သူတို့ရဲ့အတောင်ပံတွေကို ဖြန့်ပြီး ဘဝကောင်းကင်ကြီးမှာ ပျံသန်းသွားကြလိမ့်မယ်။ တစ်ချိန်လုံးသူတို့ကို ထိန်းကျောင်းပဲ့ကိုင်လာတဲ့ ကျွန်မတို့ရဲ့ အကူအညီမပါဘဲ သူတို့ဘဝကို သူတို့နည်းသူတို့ဟန်နဲ့ လျှောက်လှမ်းသွားကြလိမ့်မယ်။ အဲ့ဒီအခါမှာ ကျွန်မတို့က သူတို့အတွက် ပျော်ရွှင်ဝမ်းမြောက်မိပေမယ့် သူတို့လက်လွှတ်လိုက်တဲ့အခါ လှစ်ဟာသွားတဲ့ ခံစားမှုကြောင့် နာကျင်ကြေကွဲနေကြလိမ့်မယ်။ တစ်ဘဝလုံးသူတို့အတွက် ပေးဆပ်ခဲ့တဲ့ မိဘတွေအနေနဲ့ သူတို့မရှိတော့တဲ့အခါမှာ အသိုက်ထဲက ငှက်ကလေးတွေ ပျံသန်းသွားတဲ့အခါ ငှက်မကြီးခံစားရတဲ့ လှစ်ဟာမှုမျိုးကို ခံစားရလိမ့်မယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဒါပေမဲ့ ကျွန်မတို့ဟာ သူတို့လက်ကို ဇွတ်တရွတ်ဆွဲကိုင်ထားချင်လို့ မရတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ ကျွန်မတို့ရဲ့အကူအညီကို အချိန်အတိုင်းအတာ တစ်ခုပဲ လိုတာကြောင့်ဖြစ်ပါတယ်။ အချိန်တန်တဲ့အခါ သူတို့ရဲ့လမ်းကြောင်းအတိုင်း ပျံသန်းသွားတာဟာ သဘာဝပဲဖြစ်တာကြောင့် မိဘတွေအနေနဲ့လည်း သားသမီးတွေက ခွဲခွာမသွားခင်ကတည်းက ပြင်ဆင်မှုတွေလုပ်ထားဖို့လိုပါတယ်။ “ငါ့မှာသူတို့အတွက် ပေးဆပ်လိုက်ရတာ သူတို့ကတော့ အချိန်တန်တော့ ငါ့ကိုပစ်သွားကြတာပဲ” လို့ တွေးမယ့်အစား သူတို့ဘဝကို သူတို့လျှောက်လှမ်းသွားချိန်မှာ ကိုယ့်ဘဝအတွက်ကိုယ်အချိန်ပေးဖို့ အခွင့်အရေးတွေရလာတာကို မြင်အောင်ကြည့်ပါ။ တစ်ဘဝလုံးသားသမီးတွေအတွက် ရင်းနှီးမြှပ်နှံထားပြီးနောက်မှာ ဝါသနာအသစ်တွေကို ရှာဖွေပါ။ သားသမီးတွေအတွက်ချည်း မြှပ်နှံထားတာမျိုးမလုပ်ဘဲ ကိုယ်ပိုင်ဘဝကိုလည်း တည်ဆောက်ပါ။ ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။

ဘာဖြစ်လို့လည်းဆိုတော့ အရာရာအားလုံးရဲ့ အဆုံးသတ်မှာ သင့်လက်ကိုဘယ်တော့မှ မလွှတ်ဘဲ သင့်ဘေးနားမှာရှိနေမယ့်သူက သင်ကိုယ်တိုင်ပဲမဟုတ်လား။