ကိုယ့်ကိုယ်ကိုယ် ထိမ်းမြားလက်ထပ်ခြင်း သို့မဟုတ် Sologamy ဆိုတာ…

          “ကိုယ့်ကိုယ်ကိုယ် ထိမ်းမြားလက်ထပ်ခြင်း (Sologamy) ဟာ လွန်ခဲ့တဲ့ (၁ဝ) နှစ်လောက်ကတည်းက တည်ရှိနေတဲ့အရာဖြစ်ပြီး လူသိမများခဲ့ပေမယ့် မကြာခင်မှာပဲ ခေတ်စားတဲ့အရာတစ်ခုဖြစ်လာမှာပါ” လို့ အလက်ဇန်ဒရာ ဂီလ်က ဆိုပါတယ်။ သူမဟာ ကိုယ့်ကိုယ်ကိုယ် ထိမ်းမြားလက်ထပ်ခြင်းမင်္ဂလာ ပြုလုပ်ချင်ကြတဲ့ အမျိုးသမီးတွေကို ကူညီပေးတဲ့ ကုမ္ပဏီ “Marry Yourself Vancouver” ရဲ့ တည်ထောင်သူပါ။ ၂ဝဝ၆ ခုနှစ်မှာ ဂီလ်ရယ် သူမသူငယ်ချင်း တာလူလာ (Tallulah) ရယ်ဟာ ကိုယ့်ကိုယ်ကိုယ်လက်ထပ်ခဲ့ကြတဲ့ သတို့သမီးခုနှစ်ယောက်ကို ကူညီခဲ့ပေးအပြီးမှာ ဒီကုမ္ပဏီကို အတူတူထူထောင်ခဲ့ကြပါတယ်။

သူတို့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ “Sologamy ဆိုတာ ကိုယ့်ဘဝတိုးတက်မြင့်မားလာအောင် ကိုယ်တိုင်လုပ်ဆောင်ပါ့မယ်လို့ ကတိပြုရာရောက်ပါတယ်”လို့ ရေးသားထားပါတယ်။ ပြစ်တင်ဝေဖန်သူတွေကတော့ Sologamy ကို အတ္တကြီးလွန်းတယ်၊ စိတ်ကြီးဝင်လွန်းတယ်လို့ ပြောဆိုကြပါတယ်။ Sologamy ကို အင်္ဂလန်နိုင်ငံ၊ သြစတြေးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေမှာ ကျယ်ပြန့်စွာတွေ့လာရပါတယ်။

Sologamy  အခမ်းအနားပြုလုပ်ဖို့ စီစဉ်နေသူတစ်ယောက်ဖြစ်တဲ့ ဘောဂျူး (Bourdeau) က“Sologamy ဟာ In a relationship တော့ဖြစ်ချင်တယ်။ ဒါပေမဲ့ ဘယ်သူနဲ့မှလည်း မတွဲချင်ဘူးဆိုတဲ့ အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးအရာတစ်ခုပါ” လို့ အမျိုးသမီးတွေအတွက် အကြံပေးထားပါတယ်။

“လွန်ခဲ့တဲ့ နှစ်တွေမှာ ကျွန်မကို အရမ်းစိတ်ဓာတ်ကျနေတဲ့အမျိုးသမီးအဖြစ် မြင်တွေ့ရင် မြင်တွေ့ခဲ့ရလိမ့်မယ်။ ဒါပေမဲ့ အခုထပ်ပြီးတော့ အဲ့ဒီလိုပုံစံမျိုးမြင်ရတော့မှာ မဟုတ်ပါဘူး။ စိတ်ဓာတ်ကျနေစရာဘာမှမရှိဘူးလေနော်။ ဘဝဆိုတာ စိတ်တက်ကြွစရာချည်းပါပဲ။ ကျွန်မရဲ့ ကျန်ရှိနေတဲ့ တစ်ဘဝလုံးကို Mrs.Bourdeau အဖြစ်နေထိုင်သွားရမှာကို ကျွန်မအရမ်းပျော်ရွှင်မိပါတယ်” လို့ ဘောဂျူးက ဆိုပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဂီလ်ကတော့ “ကျွန်မကတော့ Sologamy ဟာ နည်းနည်းတော့ အမျိုးသမီးဝါဒီဆန်တယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတိုင်းကတော့ ဒီလိုမမြင်ကြဘူးလေနော်” တဲ့။ ပြီးတော့ “လူတွေ Sologamy လုပ်ချင်ကြတဲ့ အကြောင်းရင်းတွေအများကြီးရှိပါတယ်”လို့လည်း ဂီလ်က ဆက်ပြောသွားပါတယ်။ “Sologamy အခမ်းအနားဟာ နည်းနည်းဟာသဆန်ပြီး ဓလေ့ထုံးစံတွေကို ဖောက်ဖျက်သလိုတော့ဖြစ်နေပေမယ့် အမျိုးသမီးတွေကိုတော့ ငယ်ဘဝတုန်းက အရမ်းသဘောကျနှစ်သက်ခဲ့ရတဲ့ နတ်သမီးပုံပြင်လေးတွေကို အမှတ်ရစေပြီး မင်းသမီးလေးအဖြစ် တစ်နေ့တာ နေထိုင်ခွင့် ရစေနိုင်တယ်လေ” လို့ ပြောထားပြီး သူမရဲ့ ကုမ္ပဏီ Marry Yourself Vancouver ရဲ့ ဝက်ဘ်ဆိုက်မှာ “ကိုယ့်ရဲ့ မင်္ဂလာကိတ်ကို ကိုယ့်စိတ်ကြိုက်ဖန်တီးနိုင်ပြီး တစ်ယောက်တည်း အဝစားနိုင်မယ်” လို့ ရေးထားပါတယ်။

ဒီအကြောင်းအရာဟာ ဘောဂျူးကို Sologamy ပြုလုပ်စေချင်ခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပေါ့။ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းထားပြီး Single mother တစ်ယောက်ဖြစ်တဲ့ အသက် (၃ဝ) အရွယ် ဘောဂျူးဟာ သူမခင်ပွန်းဟောင်းနဲ့ လက်ထပ်ခဲ့တုန်းက မဖြစ်မြောက်ခဲ့တဲ့ ငယ်ဘဝအိပ်မက်လေးကို ပြန်အကောင်အထည်ဖော်ချင်တယ်လေ။ “ကျွန်မ မင်္ဂလာပွဲကို နတ်သမီးပုံပြင်တွေထဲက မင်္ဂလာအခမ်းအနားလိုမျိုး တခမ်းတနားဖြစ်စေချင်တယ်” လို့ သူမကပြောထားပါတယ်။ ဘောဂျူးရဲ့ ဆုံးဖြတ်ချက်ကို သူမရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုကလည်း ထောက်ခံအားပေးပါတယ်။ “ကျွန်မလက်ထပ်မှာကို အမြဲတမ်းဆန့်ကျင်တားဆီးခဲ့တဲ့ အဖေကတောင်မှ ဒီအကြံဟာ အကောင်းဆုံးအကြံလို့ ထင်တယ်လေ” လို့ ဘောဂျူးက ပျော်ရွှင်စွာ ပြောပြခဲ့ပါတယ်။

ဂီလ်က “Sologamy ဆိုတာဟာ သာမန်မင်္ဂလာပွဲတွေလိုပါပဲ။ ဒါပေမဲ့ တစ်ယောက်တည်းကျင်းပတဲ့ မင်္ဂလာပွဲပေါ့” လို့ဆိုပါတယ်။ Sologamy ကို အပြင်းအထန်ဆန့်ကျင်နေသူတွေအတွက်လည်း ဂီလ် က ဒီလိုရိုးရိုးလေးပဲ အကြံပေးခဲ့ပါတယ်။ “မကြိုက်ရင် မလုပ်နဲ့လေ” တဲ့။

ဘောဂျူးအတွက်ကတော့ သူမရဲ့ ဘဝမှာ နောက်တစ်ဆင့်တက်လှမ်းနိုင်မယ့် အခမ်းအနားကို အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့ မိသားစုတွေ ကူညီပေးတာကို သူမ အရမ်းစိတ်လှုပ်ရှားမိတယ်လို့ ဆိုပါတယ်။ “ဒီမင်္ဂလာပွဲဟာ နွေရာသီမှာကျင်းပတော့မှာလေ” လို့ သူမရယ်ရင်းပြောပြီးတော့ “အဲ့ဒီပွဲဟာ အရမ်းခမ်းနားမယ် ဆိုတာကတော့ အသေအချာပါပဲ” တဲ့။

စာချစ်သူတို့သူငယ်ချင်းတွေထဲမှာ “RS Life တော့ရချင်တယ်၊ ဘယ်သူနဲ့မှတော့ မတွဲချင်ဘူး” ဆိုတဲ့သူလေးတွေရှိရင် Sologamy အကြောင်းသိရှိစေဖို့ မန်းရှင်းခေါ်ခဲ့လိုက်ပါဦးနော်။