မင်္ဂလာမောင်နှံလေးတွေ ပြုလုပ်မိတတ်ကြတဲ့ အမှားအယွင်းလေးများ

ချစ်သူစုံတွဲအများစုဟာ မင်္ဂလာပွဲနေ့ကို နတ်သမီးပုံပြင်တွေထဲကအတိုင်း မျှော်လင့်ထားတတ်ကြပါတယ်။ ဒါပေမဲ့ တချို့အသေးအဖွဲအရာလေးတွေဟာ ကိုယ့်ဘဝရဲ့ အကောင်းဆုံးနေ့တစ်နေ့ဖြစ်တဲ့ မင်္ဂလာပွဲနေ့လေးကို ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာနိုင်အောင် ပြုလုပ်ပစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မင်္ဂလာပွဲနေ့လေးဟာ ကိုယ်မျှော်လင့်ထားတဲ့အတိုင်း ဖြစ်စေနိုင်ဖို့အတွက် မင်္ဂလာပွဲမှာ အမှတ်မထင် ပြုလုပ်မိတတ်ကြတဲ့ အမှားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မင်္ဂလာပွဲမတိုင်ခင်ညမှာ ဘက်ချလာနိုက်ပါတီလုပ်ခြင်း။

သူငယ်ချင်းတွေကတော့ ကိုယ့်ကို ဘက်ချလာနိုက်မှာ အပြင်ခေါ်ထုတ်လည်ခြင်းဟာ ပျော်စရာကောင်းတယ်လို့ ထင်ပါလိမ့်မယ်။ ဒါပေမဲ့  ဒါဟာ အမှားအကြီးကြီးတစ်ခုပါပဲ။ မင်္ဂလာပွဲနေ့မှာ ကိုယ့်ဘဝရဲ့ တခြားနေ့ရက်တွေအားလုံးထက် ဓာတ်ပုံတွေရိုက်ရဖို့ရှိတယ်ဆိုတာကို သတိရပါ။ မင်္ဂလာပွဲနေ့မှာ ပန်ဒါလို မျက်လုံးလေးတွေ မပိုင်ဆိုင်ချင်ဘူးမလား။ ဒါကြောင့် ဘက်ချလာနိုက်ပါတီကို မင်္ဂလာပွဲမတိုင်ခင် ရှေ့ရက်အနည်းငယ်ကတည်းက ကြိုလုပ်လိုက်ပါ။

၂။ သက်တောင့်သက်သာမဖြစ်တဲ့ ဝတ်စုံဝတ်ခြင်း။

သတို့သမီးတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ မင်္ဂလာပွဲလေးမှာ ရင်သပ်ရှုမောရလောက်အောင် လှချင်တာတော့ မိန်းကလေးတိုင်းပါပဲ။ ဒါပေမဲ့ လှပတဲ့ အမှတ်တရတွေအားလုံးဟာ နာကျင်မှုကြောင့် ပျက်ပြယ်သွားနိုင်တာကို သတိရပါ။ သတို့သမီးဝတ်စုံကို အရမ်းကျပ်ထုပ်ပြီး တစ်ချိန်လုံး ဆွဲချနေရတဲ့ အင်္ကျီမျိုးမဝတ်ဘဲ ကိုယ့်ရဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပေါ်လွင်စေပြီး သက်တောင့်သက်သာရှိစေမယ့် ဝတ်စုံမျိုးကို ရွေးချယ်ပါ။ ဒေါက်ဖိနပ်အသစ်တွေဟာ ဖိနပ်ပေါက်စေတတ်တာမို့လို့ ဒေါက်ဖိနပ်စီးနေကျ မဟုတ်ဘူးဆိုရင် မင်္ဂလာပွဲမတိုင်ခင်မှာကတည်းက ဖိနပ်ကို ကြိုစီးပြီး လမ်းလျှောက်ကျင့်ထားလိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ Plan B မပြုလုပ်ထားခြင်း။

မင်္ဂလာပွဲတစ်ခုမှာ အရာအားလုံးဟာ ကိုယ်မျှော်လင့်ထားသလို ဖြစ်ချင်မှ ဖြစ်မှာပါ။ ပန်းကြဲတဲ့ ကောင်မလေးရောက်မလာတာ၊ သတို့သား သတို့သမီးအရန် ရုတ်တရက်နေမကောင်းတာ စသဖြင့် အားလုံးဖြစ်နိုင်တာမို့လို့ အရာအားလုံးအတွက် Plan B လေးတွေ ပြုလုပ်ထားပါ။

၎။ မိသားစုကို နောက်ချန်ထားခြင်း။

ကိုယ့်မိသားစုဟာ ကိုယ်ဒီနေ့ ဒီလိုရပ်တည်နိုင်အောင် အများဆုံးပေးဆပ်ခဲ့တဲ့သူတွေပါ။ ဒါကြောင့် မင်္ဂလာပွဲနေ့ရက်မှာ နှစ်ဖက်မိဘတွေကို အခွင့်ထူးခံလူတန်းစားတစ်ရပ်အနေနဲ့ နေရာပေးပါ။

၅။ မင်္ဂလာပွဲလာဧည့်သည်တွေကို ဧည့်မခံခြင်း။

မင်္ဂလာပွဲမှာ မင်္ဂလာမောင်နှံအနေနဲ့ ပွဲလာပရိသတ်တွေကို ဧည့်ခံစကားပြောဆိုပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွေးမွေးဧည့်ခံတဲ့နေရာကိုသွားပြီး ပွဲလာဧည့်သည်တွေကို မင်္ဂလာပွဲတက်ရောက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောပါ။

စာချစ်သူတို့သိတဲ့ မင်္ဂလာပွဲမှာ ပြုလုပ်မိတတ်တဲ့အမှားလေးတွေရှိရင်လည်း မျှဝေပေးသွားပါဦးနော်။