ဟင်ခနဲ ဖြစ်သွားစေမယ့် မင်္ဂလာဓလေ့လေးများ

blank

ကမ္ဘာတစ်ဝှမ်းမှာ ကျွန်မတို့ မကြားဖူးတဲ့ ဓလေ့ထုံးစံတွေ အများကြီးရှိပါတယ်။ အဲ့ဒီထဲကမှ “ဟင် ဘယ်လိုကြီးပါလိမ့်” ဆိုပြီး စိတ်ထဲမှာ ဟင်ခနဲ ဖြစ်သွားစေနိုင်မယ့် ဓလေ့ထုံးစံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အငိုကျင့်ရတဲ့ တရုတ်လူမျိုးတွေရဲ့ မင်္ဂလာပွဲ။

တရုတ်နိုင်ငံ၊ တူဂျာလူမျိုးသတို့သမီးတွေဟာ သူတို့ရဲ့ မင်္ဂလာထုံးစံအရ တစ်နေ့ကို တစ်နာရီနှုန်းနဲ့ တစ်လတိတိ အော်ဟစ်ငိုယိုရပါတယ်တဲ့။ သူမ ငိုတာ (၁ဝ) ရက်မြောက်တဲ့နေ့မှာ သူမရဲ့ မိခင်ပါ အတူတူလိုက်ငိုကြွေးရပြီး နောက်ထပ် (၁ဝ) ရက်ကြာတဲ့အခါမှာတော့ အဘွားဖြစ်သူပါ လိုက်ငိုကြွေးရပါတယ်။ တစ်လပြည့်တဲ့အချိန်မှာတော့ မိသားစုထဲက အမျိုးသမီးတိုင်းဟာ သတို့သမီးနဲ့အတူ လိုက်ငိုကြွေးရပါတယ်။ သူတို့ရဲ့ဓလေ့ထုံးစံအရ ငိုကြွေးနိုင်လေလေ အိမ်ထောင်ရေးမှာ စိတ်ဆင်းရဲစရာတွေနဲ့ မကြုံတွေ့နိုင်လေလေပါတဲ့။

၂။ သဝန်တိုတတ်သူတွေကို စိတ်ကသိကအောက်ဖြစ်စေမယ့် ဆွီဒင်နိုင်ငံရဲ့ မင်္ဂလာပွဲ။

ဆွီဒင်နိုင်ငံရဲ့ဓလေ့ထုံးစံအရ မင်္ဂလာပွဲမှာ သတို့သမီးဖြစ်သူဟာ သတို့သားဘေးနားက ခွာလိုက်တာနဲ့ မင်္ဂလာပွဲလာ ပရိသတ်အမျိုးသမီးတိုင်းဟာ သတို့သားကို အနမ်းပေးပိုင်ခွင့်ရှိပါတယ်တဲ့။ ဒီလိုပါပဲ သတို့သားက သတို့သမီးဘေးက ခွာလိုက်တဲ့အခါ မင်္ဂလာခန်းမထဲက အမျိုးသားတိုင်းဟာ သတို့သမီးဆီက အနမ်းတစ်ပွင့် ပေးပိုင်ခွင့်ရှိပါတယ်။ အမျိုးသားတိုင်းဟာ သတို့သားထွက်သွားမှာကို စောင့်ဆိုင်းနေတတ်ကြတာကြောင့် သဝန်တိုတတ်သူတွေအတွက်တော့ တော်တော်စိတ်ကသိကအောက်ဖြစ်စေမယ့် ဓလေ့ထုံးစံတစ်ခုပါပဲနော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ခြေထောက်တွေကို ကြမ်းပြင်နဲ့ အဆက်မပြတ်ထိထားရမယ့် အိုင်ယာလန်နိုင်ငံရဲ့ မင်္ဂလာကပွဲ။

အိုင်ယာလန်နိုင်ငံရဲ့ဓလေ့ထုံးစံအရ မင်္ဂလာမောင်နှံကခုန်နေတဲ့အချိန်မှာ သတို့သမီးရဲ့ ခြေထောက်နှစ်ဖက်လုံးဟာ ကြမ်းပြင်နဲ့ မပြတ်ထိနေရပါမယ်တဲ့။ ဒီလိုသာ ထိမထားခဲ့ဘူးဆိုရင် နတ်ဆိုးတွေရောက်လာပြီး သူမကို ခေါ်ဆောင်သွားလိမ့်မယ်လို့ ယူဆထားကြလို့ပါ။ ။ ခြေထောက်နှစ်ဖက်လုံး ကြမ်းပြင်နဲ့ အမြဲထိထားပြီး ကရတယ်ဆိုတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူးနော်။

၎။ မင်္ဂလာသတို့သား၊ သတို့သမီးကို မင်္ဂလာပွဲကနေ ငိုယိုပြီး ထွက်ခွာသွားစေမယ့် ပြင်သစ်နိုင်ငံ  မာကွီဆာကျွန်းစုရဲ့ မင်္ဂလာပွဲ။

ပြင်သစ် ပိုလီနေးရှားရဲ့ မာကွီဆာကျွန်းစုရဲ့ လက်ထပ်ခြင်းဓလေ့ထုံးစံအရ မင်္ဂလာပွဲပြီးချိန်မှာ သတို့သမီးရဲ့ ဆွေမျိုးသားချင်းတွေမှာ မြေပြင်ပေါ်မှာ ဘေးချင်းယှဉ်ရပ်သား လဲလျောင်းနေပြီးတော့ မင်္ဂလာမောင်နှံဟာ သူတို့အပေါ်ကနေ ခြေသုတ်ခုံတစ်ခုလိုကို နင်းလျှောက်သွားရပါတယ်တဲ့။ ဒီဓလေ့လေးကတော့ မင်္ဂလာမောင်နှံကို မင်္ဂလာပွဲမှာတောင် ငိုကြွေးစေနိုင်တဲ့ ဓလေ့လေးပါပဲ။

၅။ ဖိနပ်ဖွက်ရတဲ့ အိန္ဒိယနိုင်ငံရဲ့ မင်္ဂလာပွဲ။

အိန္ဒိယနိုင်ငံမှာတော့ မင်္ဂလာပွဲမှာ ဖိနပ်ဖွက်ရတဲ့ ဓလေ့လေးတစ်ခုရှိပါတယ်။ သတို့သားဖြစ်သူဟာ မင်္ဂလာပလ္လင်ကို သွားရတဲ့အခါ ဖိနပ်တွေကို ချွတ်ဖို့ လိုအပ်ပါတယ်။ သူ ဖိနပ်ချွတ်လိုက်တာနဲ့ တပြိုင်နက် သတို့သမီးဖက်က မိသားစုဆွေမျိုးတွေအားလုံးဟာ ဖိနပ်ကို ခိုးယူဖွက်ထားကြမှာဖြစ်တာကြောင့် သတို့သားရဲ့ မိသားစုက ဖိနပ်ကို ဘယ်သူကမှ ခိုးယူမသွားနိုင်အောင် အတတ်နိုင်ဆုံးတားဆီးကြရမှာဖြစ်ပါတယ်။ မတားဆီးနိုင်တဲ့အခါမှာတော့ သတို့သားဖြစ်သူဟာ သူ့ရဲ့ဖိနပ်တွေကို ပိုက်ဆံပေးပြီး ပြန်ရွေးယူရလေ့ရှိပါတယ်။ ဒီဓလေ့လေးကတော့ နှစ်ဖက်မိသားစုကြား ရင်းနှီးမှုပိုစေဖို့ ရည်ညွှန်းပါတယ်တဲ့။ ကဲ…ဖိနပ်လေးတွေက သိပ်ချစ်ဖို့ကောင်းနေပြီလား။

စာချစ်သူတို့ ကြားဖူးတဲ့ ထူးထူးဆန်းဆန်းမင်္ဂလာပွဲဓလေ့ထုံးစံလေးတွေရှိရင်လည်း မျှဝေပေးသွားပါဦးနော်။