အိမ်ထောင်သည်ဘဝအပေါ်မှာ ထားရှိတဲ့ လူတွေရဲ့ မှားယွင်းတဲ့ အယူအဆများ

အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ယုံတမ်းစကားတွေ အများကြီးရှိပါတယ်။ ဓလေ့ထုံးတမ်းတွေကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ယုံတမ်းစကားတွေရှိသလို ကိုယ့်မိသားစုကြောင့်ဖြစ်တည်လာခဲ့တဲ့ ယုံတမ်းစကားတွေလည်းရှိပါတယ်။ ကိုယ့်အဖေနဲ့ အမေ သဘောထားကွဲလွဲပြီး အော်ဟစ်ငြင်းခုံတာကို ကြုံဖူးတဲ့ကလေးတစ်ယောက်ဟာ သဘောထားကွဲလွဲတာဟာ လုံးဝမကောင်းဘူးလို့ ထင်မြင်ယူဆပါလိမ့်မယ်။ ယုံတမ်းစကားတွေရဲ့ ပြဿနာကိုက ဒါတွေကို လူတွေက အမှန်လို့ ယူဆနေမိလို့မလား။

ယုံတမ်းစကား (၁)။   ။ ကိုယ့်ကိုတကယ်ချစ်တဲ့သူဆိုရင် ကိုယ့်ဆန္ဒတွေကို ထုတ်ပြောနေစရာမလိုဘဲ အလိုလိုသိတယ်။

တကယ်တော့ ကိုယ့်လက်တွဲဖော်ဟာ ကိုယ့်စိတ်ကို မဖတ်နိုင်တာကြောင့် ကိုယ့်ဆန္ဒတွေကို ထုတ်ဖော်ပြောဆိုနိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ပွင့်ပွင့်လင်းလင်းရှိမှသာ နှစ်ယောက်ကြားမှာ ဖြစ်ပေါ်လာတဲ့ ပြဿနာတိုင်းကို ဖြေရှင်းနိုင်မှာပါ။

ယုံတမ်းစကား (၂)။   ။ လက်ထပ်ပြီးရင် ဒါတွေလုပ်ကို လုပ်ရမယ်။ ဥပမာ- ကလေးယူခြင်း။

ချစ်သူစုံတွဲတွေဟာ လက်မထပ်ခင်ကတည်းက လက်ထပ်ခြင်းအပေါ် ကိုယ့်ရဲ့ခံယူချက်ကို တစ်ယောက်နဲ့ တစ်ယောက်မျှဝေထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်မတိုင်ပင်ဘဲ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို တစ်ဖက်သတ်ချခြင်း (ဥပမာ- ကလေးယူခြင်း) က ပြဿနာတွေပဲ ဖြစ်ပေါ်လာစေနိုင်တာမို့ပါ။

ယုံတမ်းစကား (၃)။   ။ ကလေးရှိမှ လင်မယားကြားမှာ သံယောဇဉ်တွေ ပိုခိုင်မြဲလာမယ်။

သားသမီးပြုစုပျိုးထောင်တဲ့ပုံစံဟာ တစ်ယောက်နဲ့ တစ်ယောက်မတူညီကြပါဘူး။ ကလေးတွေရဲ့ ကိစ္စတချို့မှာ ကိုယ်ကအလိုလိုက်လွန်းတယ်လို့ထင်ပေမယ့် သူက ကလေးတွေအပေါ် ဒီလောက်တင်းကျပ်စရာမလိုဘူးလို့ ယူဆရင် ယူဆနေနိုင်ပါတယ်။ ကလေးက အဖေကို ပိုချစ်တယ်၊ အမေကိုပိုချစ်တယ်ဆိုတဲ့ ကိစ္စဟာလည်း ပြိုင်ဆိုင်ငြင်းခုံချင်စရာတွေပဲမို့ ကလေးရှိလို့ သံယောဇဉ်ပိုလာတယ်ဆိုတာ မဟုတ်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ယုံတမ်းစကား (၄)။   ။ ကွဲပြားခြားနားမှုတွေဟာ အိမ်ထောင်ရေးကို ပျက်စီးစေလိမ့်မယ်။

တကယ်တော့ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ကြပါဘူး။ ကိုယ့်လက်တွဲဖော်ပြောသမျှတွေကိုလည်း သဘောတူလက်ခံနေဖို့ မလိုပါဘူး။ သဘောထားကွဲလွဲမှုတွေ ဘယ်ကစတင်လာတယ်ဆိုတာ အဖြေရှာကြည့်ပါ။ ညှိနှိုင်းကြည့်ပါ။ စချစ်ခဲ့တုန်းက ကိုယ့်အကြောင်း သူ့အကြောင်းမျှဝေခဲ့ကြသလို လက်ထပ်ပြီးနောက်မှာလည်း ဆက်လက်ပြောပြပါ။

ယုံတမ်းစကား (၅)။   ။ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးဆိုတာ ရန်လုံးဝမဖြစ်တာ။

တကယ်တော့ အငြင်းအခုံမရှိခြင်းဟာ တစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်းမရင်းနှီးဘူးဆိုတာကို ဖော်ပြနေတာပါ။ အဆင်ပြေပျော်ရွှင်ကြတဲ့ စုံတွဲတွေလည်း ငြင်းခုံစကားများတတ်ကြပါတယ်။ တစ်ခုပါပဲ ပြဿနာတွေကို အေးအေးဆေးဆေးဖြေရှင်းဖို့၊ ခွင့်လွှတ်ဖို့၊ ပြီးတော့ ရှေ့ဆက်သွားနိုင်ကြဖို့ လိုပါတယ်။

ယုံတမ်းစကား (၆)။   ။ ပျော်ရွှင်တဲ့စုံတွဲတွေဆိုတာ အရာအားလုံးမှာ စိတ်တူကိုယ်တူရှိကြတယ်။

စိတ်တူကိုယ်တူရှိတယ်ဆိုတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ် စိတ်မဝင်စားတဲ့အရာကို လုပ်ဖို့ အတင်းတိုက်တွန်းနေတာ၊ ကိုယ့်အတွက် အရေးကြီးတဲ့အရာတွေကို လုပ်ခွင့်မပေးတာဆိုရင်တော့ ပြဿနာတွေပဲဖြစ်လာစေပါလိမ့်မယ်။ တကယ်တော့ ကိုယ် စိတ်ဝင်စားတဲ့အရာကို အာရုံစိုက်ခြင်းကသာ ကောင်းမွန်တာပါ။ ကိုယ်စိတ်ဝင်စားတာကိုမလုပ်ရခြင်းက အိမ်ထောင်ရေးကို လှောင်အိမ်တစ်ခုလို့ ထင်မြင်လာနိုင်စေတာမို့ပါ။

စာချစ်သူတို့ ကြားဖူးခဲ့တဲ့ ယုံတမ်းစကားတွေကိုလည်း မျှဝေခဲ့ပါဦးနော်။