နှစ်လွှာပေါင်းမှ တစ်ရွက်ဆိုတာ…

blank

စာချစ်သူတို့ရေ…။

လိုက်ဖက်ညီတဲ့ ချစ်သူစုံတွဲတွေကို နှစ်လွှာပေါင်းမှ တစ်ရွက်လို့ခေါ်တဲ့ စွယ်တော်ရွက်လေးတွေနဲ့ တင်စားကြတယ်။ သူစိမ်းနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် နှလုံးသားတွေအပ်နှင်းပြီး တစ်သက်တာ လက်တွဲသွားဖို့ဆိုတာ လွယ်တော့ မလွယ်ကူပါဘူး။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်မြတ်နိုးမှုတွေ တန်ဖိုးထားမှုတွေနဲ့ လျှောက်လှမ်းမှသာ လိုက်ဖက်ညီတဲ့ အချစ်ဇာတ်လမ်းတစ်ခုကို ဖန်တီးနိုင်မှာပါ။

လိုက်ဖက်ညီတဲ့ စုံတွဲတွေဖြစ်ဖို့….

တည်ငြိမ်ရင့်ကျက်ခြင်းတွေကို တည်ဆောက်ပါ။

ချစ်သူရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို အမှန်အတိုင်းလက်ခံနိုင်မယ့် တည်ငြိမ်ရင့်ကျက်ခြင်းတွေ လိုပါတယ်။ ချစ်သူနှစ်ဦးလုံး စိတ်ပိုင်းဆိုင်ရာ သန်စွမ်းကြံ့ခိုင်ပြီး အကောင်းမြင်စိတ်ရှိတဲ့ ချစ်သူစုံတွဲတွေဟာ ပိုပြီး ရေရှည်ခိုင်မြဲပါတယ်။

ပွင့်လင်းရိုးသားပါ။

လူတိုင်းမှာ အားနည်းချက်ရှိပါတယ်။ သင်ချစ်တဲ့ချစ်သူမှာလည်း သင်မကြိုက်တဲ့အရာတွေ၊ လက်မခံနိုင်တဲ့အရာတွေရှိသလို သင့်အပေါ်မှာလည်း သူလက်မခံနိုင်တဲ့ အမူအကျင့်လေးတွေရှိနိုင်ပါတယ်။ အဲ့ဒီအရာတွေကို ပွင့်လင်းစွာပြောဆိုထားခြင်းဟာ အချစ်ရေးမှာ ရိုးသားမှုတွေ တည်ဆောက်နိုင်စေပါတယ်။

လေးစားပါ။

သင့်ရဲ့ တန်ဖိုးထားမှုတွေကို ချစ်သူကိုပြောပြထားပါ။ ချစ်သူတန်ဖိုးထားတဲ့အရာတွေကို လေ့လာထားပါ။ သင်အထိခိုက်မခံနိုင်တဲ့ မြတ်နိုးမှုတွေကို လေးစားသလို ချစ်သူတန်ဖိုးထားတဲ့အရာတွေကိုလည်း လေးစားပါ။ အပြန်အလှန်လေးစားမှုတွေဟာ အချစ်ရေးကို ပိုမိုတည်တံ့စေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

စာနာနားလည်ပါ။

ကိုယ်ချင်းစာစိတ်ဆိုတာ လူတိုင်းမှာ ရှိသင့်တဲ့ အခြေခံစိတ်ပါ။ သင်ခံစားရသလို ချစ်သူလည်း ခံစားရမယ်ဆိုတဲ့ စာနာမှု၊ သင်မထိခိုက်ချင်သလို ချစ်သူကိုမထိခိုက်အောင် လုပ်မယ်ဆိုတဲ့ ကြင်နာမှုတွေဟာ အချစ်ရေးအတွက် ကြိုးလေးတွေပါ။ “ကိုယ်သာ သူ့နေရာမှာဆိုရင်” ဆိုတဲ့ စိတ်လေးနဲ့ နားလည်ပေးခြင်းဟာ ချစ်ခြင်းတွေကို တန်ဆာဆင်ပေးပါတယ်။

အချိန်ပေးပါ။

“လူတစ်ယောက်ကို ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်က အချိန်” တဲ့။ ချစ်သူကို တန်ဖိုးထားကြောင်း အချိန်ပေးမှုတွေနဲ့ သက်သေပြပါ။ အမှတ်တရနေ့တွေကို သတိတရရှိပါ။ ချစ်သူကိုရယ်မောပျော်ရွှင်စေပါ။