ကျွန်မမှာသာ သားလေးတစ်ယောက်ရှိခဲ့ရင်…

blank

လူမှုကွန်ယက်တွေပေါ်မှာ သမီးလေးဖတ်ဖို့ဆိုပြီး အစချီထားတဲ့ စာစောင်လေးတွေကို အမြောက်အများတွေ့ဖူးမှာပါ။ ဒီစာစောင်လေးတွေမှာ မိခင်တစ်ယောက်အနေနဲ့ သမီးလေးတွေကို ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်အောင်၊ စိတ်ဓာတ်ခိုင်မာပြီး အကြောက်အရွံ့ကင်းအောင် ဘယ်လိုသင်ပြပေးမယ်ဆိုတာတွေကို ရေးဖွဲ့ဖော်ပြထားလေ့ရှိပါတယ်။ သမီးလေးတွေအပေါ်မှာ ဖြစ်စေချင်တဲ့အရာကို အမျိုးမျိုးဖွဲ့နွဲ့ရေးတတ်ကြပေမယ့် သားတွေအတွက်ကိုတော့ လျစ်လျူရှုထားမိတတ်ကြပါတယ်။ တကယ်တော့ ဆိုဆုံးမမှုတွေဆိုတာဟာ သားလေးတွေပါ သိရှိဖို့ လိုအပ်တဲ့အရာတွေပါ။ ကျွန်မမှာသာ သားလေးတစ်ယောက်ရှိခဲ့မယ်ဆိုရင် ကျွန်မရဲ့ သားလေးကို သင်ပြထားပေးချင်တဲ့အရာလေးတွေကတော့…

ကျွန်မမှာသာ သားလေးတစ်ယောက်ရှိခဲ့မယ်ဆိုရင် သူ့ကို စိတ်ခံစားချက်တွေ သိုဝှက်မထားဘဲ ထုတ်ဖော်ပြသတတ်အောင် သင်ပေးမယ်။ ဘာလို့လဲဆိုတော့ စိတ်ခံစားချက်တွေကို ဖော်ထုတ်ပြသခြင်းဟာ လူတွေယူဆထားကြသလို ပျော့ညံ့တာမဟုတ်ဘူးဆိုတာ သူ သိစေချင်လို့ပါပဲ။ ကျွန်မက သားလေးတစ်ယောက်ကို ပြုစုပျိုးထောင်မှာလေ။ ခံစားချက်မရှိတဲ့ စက်ရုပ်တစ်ရုပ်ကိုမှ မဟုတ်တာ။ ဝမ်းနည်းတဲ့အခါ ငိုကြွေးမယ်။ ပျော်ရွှင်တဲ့အခါ ရယ်မောမယ်။ ဒါတွေဟာ ပျော့ညံ့တာမဟုတ်ဘဲ သူ့နှလုံးသားဟာ နူးညံ့လို့ သူ့ကို ကောင်းကောင်းသိစေမယ်လေ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ပြီးတော့ သားလေးကို မိန်းကလေးတွေဆိုတာ ယောက်ျားလေးတွေထက် နိမ့်ကျတဲ့သူတွေမဟုတ်ဘူးဆိုတာ သိရှိစေပြီး မိန်းကလေးတွေအပေါ်မှာ လေးစားမှုထားတတ်အောင် သင်ပြပေးမယ်။ သူငယ်ချင်းတွေ အထင်ကြီးတာခံရဖို့လောက်နဲ့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကို ပြက်ရယ်ပြုတတ်သူမဖြစ်အောင် သင်ပြပေးမယ်။ မိန်းကလေးတွေကို နှိမ့်ချပြီး ဆက်ဆံနေတတ်တဲ့သူတွေကို တွေ့ရင်လည်း ဟန့်တားတတ်စေမယ်။ ယောက်ျားလေးဆိုတိုင်း မျက်နှာသာပေးခဲ့တဲ့ခေတ်က ကျန်ခဲ့ပြီဆိုတာ သူ့ကို သိရှိစေမယ်။ သူ့ရဲ့ ကျား၊ မဖြစ်တည်မှုထက် သူ့လုပ်ရပ်တွေကသာ သူ့ကို တန်ဖိုးရှိစေတယ်ဆိုတာ သင်ကြားပေးမယ်။

ကျွန်မမှာသာ သားလေးတစ်ယောက်ရှိခဲ့မယ်ဆိုရင် သူ့ကို သူ ဖြစ်ချင်တဲ့ပုံစံအတိုင်း ရှင်သန်ခွင့်ပေးမယ်။ ဆရာဝန်တစ်ယောက် ဖြစ်ချင်တာလား။ Dancer တစ်ယောက်ဖြစ်ချင်တာလား။ သူ ဆန္ဒရှိတာကို ပေးလုပ်မယ်။ သူဖြစ်ချင်တဲ့ဘဝအတိုင်း နေထိုင်ခွင့်ပြုမယ်။ ပတ်ဝန်းကျင်က ဖြစ်စေချင်တဲ့ပုံစံအတိုင်း သူ့ကို ဘယ်တော့မှ ပျိုးထောင်မှာမဟုတ်ဘူး။ သူ့ဘဝမှာ ဖြစ်ချင်တာအားလုံးကို သူကိုယ်တိုင် ဆုံးဖြတ်စေမယ်။ သူ့ကို ဘယ်အရာတွေက တမူထူးခြားနေစေတယ်ဆိုတာကို သိရှိစေမယ်။ လူတွေဘယ်လိုပဲ ဝေဖန်ကဲ့ရဲ့နေကြပါစေ သူ့လမ်း သူလျှောက်နိုင်စေဖို့ အားပေးမယ်။

အရေးအကြီးဆုံးအနေနဲ့ သားလေးကို သင်ကြားပေးချင်တာကတော့ အချစ်ဟာ အသွားအပြန်ရှိတယ်ဆိုတာပါပဲ။ တခြားသူတွေအပေါ်မှာ ကိုယ်ချင်းစာနာစိတ်ထားတတ်အောင် သင်ပြပေးမယ်။ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ပြီးတော့ သူဘာလုပ်သင့်တယ်ဆိုတာ ကောင်းကောင်းသိရှိစေမယ်။ ယောက်ျားတစ်ယောက်ဆိုတာ ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ်ဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ ကန့်သတ်ချက်တွေအားလုံးကို ရိုက်ချိုးပစ်နိုင်ရမယ်။ ဘဝဟာ တသမတ်တည်းဖြစ်မနေဘူးဆိုတာ သိရှိစေမယ်။ ကျွန်မမှာသာ သားလေးတစ်ယောက်ရှိခဲ့မယ်ဆိုရင် သူ့ကို ပျိုးထောင်မယ့်သူဟာ ပတ်ဝန်းကျင်မဟုတ်ဘဲ ကျွန်မပဲဖြစ်စေရမယ်။

စာချစ်သူတို့ကော ကိုယ့်ရဲ့ သားလေးကို ဘယ်လိုအရာလေးတွေ သင်ပြထားပေးချင်မိလဲ…