လက်ထပ်ကြတဲ့အခါ…

blank

မင်္ဂလာပွဲနေ့ဆိုတာဟာ ဘဝမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး၊ စိတ်ဖိစီးမှုအများဆုံးနေ့တွေထဲက တစ်နေ့ပါ။ လနဲ့ နှစ်နဲ့ချီပြီးတော့တောင် စီစဉ်ခဲ့ရတဲ့ မင်္ဂလာနေ့လေးပေါ့။ ရုပ်ရှင်တွေထဲမှာဆိုရင်တော့ ဒီနေ့လေးဟာ သတို့သမီးရဲ့ အိပ်မက်ကလေးတွေအားလုံး အမှန်တကယ်ဖြစ်လာတဲ့နေ့ပါပဲ။ ရုပ်ရှင်တွေထဲမှာတော့ မင်းသားနဲ့ မင်းသမီးညားပြီး တစ်သက်လုံး ပျော်ရွှင်စွာပေါင်းဖက်သွားကြတယ်ဆိုပေမယ့် လက်တွေ့ဘဝမှာတော့ ဒီလောက်ထိ လွယ်ကူမနေပါဘူး။

မင်္ဂလာပွဲနေ့ဟာ တစ်ရက်တည်းဆိုပေမယ့် အိမ်ထောင်ရေးတစ်ခုကတော့ တစ်သက်လုံးအတွက်ပါ။

သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုပိုင်ဆိုင်နိုင်ဖို့ဆိုတာ ခက်ခဲပင်ပန်းပါတယ်။ ဒါကြောင့် မကြာခင်မှာ လက်ထပ်တော့မယ့်ချစ်သူတွေ၊ လက်ထပ်ပြီးစ စုံတွဲတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားလို့ရအောင် အိမ်ထောင်သည်ဘဝမှာ ရင်ဆိုင်လာရမယ့် စိန်ခေါ်မှုလေးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ နှစ်ဖက်အသိုင်းအဝန်းနဲ့ အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲ…

နှစ်ဖက်မိဘတွေ၊ ဆွေမျိုးတွေနဲ့ အဆင်ပြေပြေဖြစ်ဖို့အတွက် ခင်ပွန်းလောင်း၊ ဇနီးလောင်းကို သူ့မိဘ၊ ဆွေမျိုးတွေရဲ့ အမူအကျင့်၊ စရိုက်လေးတွေမေးပြီး ကြိုတင်ပြင်ဆင်ထားလိုက်ပါ။ ဒါမှသာ အချိန်ကျရောက်လာတဲ့အခါ အရာအားလုံးဟာ ချောချောမွေ့မွေ့ဖြစ်နေမှာပါ။

၂။ ငွေကြေးသုံးစွဲမှုတွေမှာ အငြင်းမပွားရအောင် ဘာတွေလုပ်ထားရမလဲ…

လက်မထပ်ခင်နဲ့ လက်ထပ်ပြီးအချိန်တွေမှာ ငွေရေးကြေးရေးအခြေအနေတွေဟာ သိပ်ပြီး ခြားနားသွားစရာမရှိဘူးလို့ ထင်စရာရှိပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ငွေကြေးသုံးစွဲမှုဆုံးဖြတ်ချက်တွေဟာ မတူညီကြပါဘူး။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် ငွေကြေးသုံးစွဲမှုအလေ့အထတွေကို သေချာညှိနှိုင်းပြီး ဆုံးဖြတ်ထားပါ။

၃။ ကလေးပြုစုပျိုးထောင်တဲ့အခါမှာ အမြင်မတူညီရင် ဘယ်လိုဖြေရှင်းမလဲ…

ကလေးရလာတဲ့အခါမှာ လင်ကိုယ်မယားနှစ်ယောက်တည်းဘဝနဲ့တော့ ဘယ်တူနိုင်ပါတော့မလဲ။ ကလေးတွေကို ပြုစုပျိုးထောင်ရတယ်ဆိုတာ မလွယ်ကူပါဘူး။ အိပ်ရေးပျက်ညတွေရယ်၊ ဟော်မုန်းအပြောင်းအလဲတွေရယ်ကြားမှာ ကလေးပြုစုပျိုးထောင်နည်းတွေနဲ့ ပတ်သက်ပြီး လင်မယားငြင်းခုံရတာတွေ ရှိလာပါလိမ့်မယ်။ ကလေးကြီးလာတာနဲ့အမျှ သင်နဲ့ သင့်အိမ်ထောင်ဖက်ရဲ့ ကလေးပြုစုပျိုးထောင်ပုံတွေဟာလည်း ကွာခြားလာမှာ အမှန်ပါပဲ။ ဒါကြောင့် နှစ်ယောက်တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းလုပ်ခြင်းကသာ အကောင်းဆုံးပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ဘယ်လိုချမလဲ…

နှစ်ယောက်လုံးမှာ အလုပ်အကိုင်တွေရှိတယ်ဆိုရင် သင်တို့နှစ်ယောက်ယှဉ်ပြိုင်လာရမှာကတော့ ဘယ်သူ့အလုပ်က ပိုအလေးသာတာလဲဆိုတာပါ။ သင်တို့နှစ်ယောက်ထဲမှာ တစ်ယောက်ပဲ အလုပ်ရှိတယ်ဆိုရင်တော့ တစ်ယောက်က အိမ်မှာနေပြီးတော့ အိမ်အလုပ်တွေ လုပ်ကိုင်နေလို့ရပါတယ်။ တစ်ခါတစ်ရံမှာတော့ အလုပ်အကိုင်အပြောင်းအရွှေ့တွေဟာ လိုကိုလိုအပ်ပါတယ်။ ဒီအခါမှာ လင်မယားကြားမှာ စိတ်ဖိစီးမှုတွေ များပြားလာစေပြီး ကလေးတွေရဲ့ ဘဝကိုပါ ထိခိုက်စေတတ်ပါတယ်။ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချတော့မယ်ဆိုရင် မိသားစုဝင်တိုင်းရဲ့ ဆန္ဒကိုပါ မေးမြန်းသင့်ပါတယ်။

လက်ထပ်ခြင်းဆိုတာ ဘဝရဲ့ အပျော်ရွှင်ရဆုံးနေ့တွေကို ဖန်တီးပေးလိုက်နိုင်တဲ့ လှပတဲ့ စွန့်စားခန်းတစ်ခုပါ။ ဒါပေမဲ့ အိမ်ထောင်ရေးတစ်ခု ရေရှည်တည်မြဲစေဖို့အတွက်တော့ ဒီအရာလေးတွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်နော်။

ဝါမဝင်ခင် လက်ထပ်ကြတော့မယ့် မောင်မယ်လေးတွေကော ဒီအရာလေးတွေကို ပြင်ဆင်ထားကြပြီးပြီလား။