အထာကျကျ မြောင်းဖောက်မယ်။

blank

မကြာခင်မှာ သတင်းကျွတ်တော့မယ်။ သတင်းတွေကျွတ်တော့မယ်လို့ ပြောလိုက်တဲ့အခါမှာ သူ့ပုံရိပ်လေးက မျက်လုံးထဲပေါ်လာတယ်။ သူဆိုတာက ကိုယ့်ကိုသဘောကျနေတယ်လို့ ထင်ရသလို ကိုယ်ကလည်း သဘောကျနေသူပေါ့။ သူငယ်ချင်းတွေက သူ့ကွယ်ရာမှာဆိုရင် “နင့်လူ” လို့ စတတ်နေပြီ။ သူမရှိရင် ရင်တစ်ခုလုံးဟာပြီးမောတတ်နေပြီ။ ဒါပေမဲ့ ကိုယ်တို့နှစ်ယောက်ရဲ့ အဖြစ်က စိုင်းစိုင်းခမ်းလှိုင်ရဲ့ “ဘာမှလည်း ဆက်မဖြစ်ဘူး” ဆိုတဲ့ သီချင်းထဲကလို ဖြစ်နေတယ်ဆိုရင် ဘယ်မိုက်ပါ့မလဲနော်။ ကိုယ်ကသူငယ်ချင်းအဆင့်ကနေ ရှေ့တိုးချင်နေပေမယ့် သကောင့်သားက ဂရုစိုက်ပြလိုက် အတိတ်မေ့သလိုလို ရွှေပျောက်သလိုလို လုပ်လိုက်လုပ်နေတယ်ဆိုရင် အခက်သားမဟုတ်လား။

သူလည်းကိုယ့်ကို ကြိုက်နေပါတယ်လို့ ယူဆရအောင်လည်း ဖွင့်ဟပြီးမပြော၊ မကြိုက်ပါဘူးလို့ ငြင်းရအောင်လည်း သူငယ်ချင်းတွေက အစ သူ့ရဲ့ မျက်လုံးအရောင်ကို သတိထားမိနေပြီဆိုတော့ ကိုယ့်မှာ ရှေ့တိုးရခက်နောက်ဆုတ်ရခက်နဲ့ ခံစားရကြပ်တဲ့ ဝေဒနာကြီးပါ။ အဲ့ဒီအခါမျိုးမှာဆိုရင်တော့ အဆုံးရှုံးမခံနိုင်တဲ့ကိုယ်က ရေလာဖို့မြောင်းပေးချင်တယ် ဒါပေမဲ့ မိန်းမဈေးကျမှာစိုးတယ်။ ဖွင့်ပြောလာအောင် လမ်းဖွင့်ပေးချင်တယ် ဒါပေမဲ့ ကိုရီးယားဆန်သွားမှာ စိုးရိမ်နေတယ်ဆိုတဲ့ ပျိုမေလေးတွေအတွက် အချစ်ရေစီးကြောင်းလေး ဖြောင့်ဖြောင့်တန်းတန်းစီးဆင်းနိုင်စေဖို့ အထာကျကျမြောင်းဖောက်နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

နံပါတ်တစ်… လှလှလေးနေ ပျော်ပျော်ရွှင်ရွှင်နေပါ။ သူက ဖွင့်ပြောမလာဘူး ဆိုရင်တောင် ပိုလှလာတာက အမြတ်။

နံပါတ်နှစ်… သူနဲ့အကြည့်ချင်းဆုံအောင် ကြည့်ပါ။ ပြီးရင် အကြည့်တွေကို ကိုယ်ကစပြီး လွှဲဖယ်ပစ်ပါ။ အချစ်ဟာ ပြေးလို့လိုက်တာလား လိုက်လို့ပြေးတာလားမသိပေမယ့် လူ့သဘောကတော့ မရတာကို ပိုလိုချင်တတ်တယ်မဟုတ်လား။ နောက်တစ်ခါ အကြည့်ချင်းဆုံအောင် သူကအားထုတ်ပါလိမ့်မယ်။

နံပါတ်သုံး…သူရှိနေတဲ့အခါမျိုးမှာ အခြားသူငယ်ချင်းတွေနဲ့ ပိုပြီး ရယ်ရယ်မောမောနေပါ။ တွေ့တဲ့ရက်တွေကို ကြဲအောင်တမင်ဖန်တီးပါ။ ဒါမှလွမ်းလာပြီး သင့်ကို လာတွေ့မှာပေါ့။

နံပါတ်လေး…. သူဖုန်းဆက်ရင် ချက်ခြင်းမကိုင်ပါနဲ့။ တစ်ခုခုမေးရင် ချက်ခြင်းကြီးမဖြေပါနဲ့။ သူ့ကိုပစ်ကြွေနေတယ်ဆိုတဲ့ အမူအရာမပေါ်အောင် တတ်နိုင်သလောက်ထိန်းပါ။

နံပါတ်ငါး….သူ့ကို ဂရုစိုက်ပါ။ ဒါပေမဲ့ အလွန်အမင်းမဖြစ်ပါစေနဲ့။ လိုအပ်တာလေးတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ကူညီပေးပါ။ ကိုယ်လိုချင်တဲ့ ဘဝလက်တွဲဖော်ပုံစံမျိုးက သူ့လိုမျိုးဆိုတာကို အခြားလူတွေကို ပြောပြသလိုလိုနဲ့ ပြောပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အရေးအကြီးဆုံးက….။

ပြုံးပါ….။

လှလှလေးနေပါ…။

ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ…။

ဘဝကို အကောင်းဆုံးဖြတ်သန်းပါ။

ကိုယ်စိတ်ဝင်စားနေတဲ့ မိန်းကလေးဟာ စိတ်ပျော်ရွှင်နေပြီး လှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေမယ်ဆိုရင် ဖွင့်မပြောဘဲနေနိုင်အောင် အဲ့ဒီယောက်ျားလေးဟာ ကျောက်တုံးကျောက်ခဲတွေနဲ့ ထုထားတဲ့ လူသားမှမဟုတ်တာ။

အကယ်၍ သူက ဖွင့်မပြောခဲ့ဘူးဆိုရင်တောင် ဒီသီတင်းကျွတ်မှာ ပိုလှသွားတာလေး အဖတ်တင်သွားတာပေါ့….