အချစ်ဆိုတာ အဖြူသက်သက်

blank

လူတွေက ပြောကြတယ်…..

“အချစ်က သစ္စာမရှိဘူး”

“အချစ်ကို ယုံကြည်လို့မရဘူး”

“အချစ်က ဘဝမှာ အာမခံချက်မပေးနိုင်ဘူး” တဲ့။

တကယ်တော့ အချစ်မှာ အပြစ်မရှိပါဘူး။ အချစ်ဟာ အဖြူသက်သက်ပါ။ လူတွေကပဲ အချစ်လို့ ခေါင်းစဉ်တပ်ပြီး သူတို့အပြစ်ကို ဖုံးကွယ်နေကြတာ။

လက်ရှိချစ်သူနဲ့ နှစ်ရှည်လများလက်တွဲခဲ့ပြီး နောက်တစ်ယောက်နဲ့ ကောက်ကောက်ပါအောင်လိုက်သွားတော့ “အချစ်က သစ္စာမရှိဘူး” ဆိုပြီး အချစ်ကို အပြစ်တင်ပြန်တယ်။

မိသားစုကိစ္စတွေကြောင့် တာဝန်ကျေတဲ့သားသမီးဖြစ်ချင်လို့ လက်ထပ်ဖို့စီစဉ်ထားပြီးမှ လမ်းခွဲသွားတဲ့အတွက် “အချစ်ကို ယုံကြည်လို့မရဘူး” ဆိုပြီး အချစ်ကို ယိုးမယ်ဖွဲ့ပြန်တယ်။
တာဝန်ခံခြင်းမပါတဲ့ချစ်ခြင်းကို တွေ့ဖူးသူတွေက “အချစ်က ဘဝအတွက် အာမခံချက်မပေးနိုင်ဘူး”ဆိုပြီး အချစ်ကို အရောင်ဆိုးပြန်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တကယ်တော့ အချစ်မှာ အပြစ်မရှိပါဘူး။ လူတွေရဲ့ ပြောင်းလဲတတ်တဲ့စိတ်သဘောထားတွေကြောင့် အချစ်ကို အပြစ်ဖွဲ့မိကြတာပါ။ လူတွေပြောသလို အချစ်ဟာ တကယ်ပဲ သစ္စာမဲ့လား၊ ယုံကြည်လို့မရဘူးလား၊ တာဝန်ယူမှုကင်းမဲ့နေသလား။

ဒါဆိုရင် သာယာပျော်ရွှင်တဲ့အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ထားကြသူတွေကကော အချစ်ကို အပြစ်ဖွဲ့တတ်ကြသလား။

လူတွေရဲ့စိတ်သဘောထားခံယူချက်ချင်း မတူကြသလို အချစ်ကို ရှုမြင်သုံးသပ်ပုံချင်းလည်း ကွာခြားကြတယ်။
တချို့လူတွေ အချစ်ကို ခုတုံးလုပ်ပြီး အခြားသူတွေကို ကစားနေချိန်မှာ သာယာပျော်ရွှင်တဲ့အချစ်ရေးကို ပိုင်ဆိုင်ထားသူတွေကတော့ အချစ်ကြောင့် ကိုယ့်ရဲ့အကောင်းဆုံးအနေအထားကို ပြသခွင့်ရပြီး ချစ်သူကိုလည်း ပျော်ရွှင်အောင် ထားတတ်ကြတယ်။

တချို့လူတွေကတော့ အချစ်ကြောင့် တစ်ယောက်ကိုတစ်ယောက် အပြစ်ဖို့ပြီး ရန်လိုမှုတွေ၊ အငြင်းပွားမှုတွေ ဖြစ်ပွားနေကြချိန်မှာ သာယာပျော်ရွှင်တဲ့အချစ်ရေးကို ပိုင်ဆိုင်ထားသူတွေကတော့ အချစ်ကြောင့် ယုံကြည်မှု၊ နွေးထွေးမှု၊ ဂရုစိုက်မှုတွေ တိုးလာကြပြီး အောင်မြင်မှုဆီရောက်ဖို့ တစ်ယောက်ကိုတစ်ယောက် လက်တွဲခေါ်ကြတယ်။

ဒါကြောင့် အချစ်ကို အပြစ်တင်လို့မရပါဘူး။ ကိုယ်ခံယူထားတဲ့အပေါ် မူတည်ပြီး အချစ်က ကွဲပြားသွားတာပါ။ တကယ်တော့ အချစ်ဟာ အဖြူသက်သက်ပါ။ အရောင်ပြောင်းတတ်တဲ့လူတွေကြောင့် အချစ်ကို အပြစ်မဖို့သင့်ပါဘူး။
သင်ကော အချစ်ကို ဘယ်လိုမြင်တတ်သူလဲ။