ကွဲအက်နေတဲ့ နှလုံးသားလေးကို ဘာနဲ့ဖာထေးမလဲ။

blank

အသည်းကွဲဖူးလား။

အသည်းကွဲတုန်းက နာကျင်ခံစားခဲ့လား။

နာကျင်ခံစားမှုတွေကနေ ရုန်းထွက်ပြီး ဘဝကို ဆက်လျှောက်ဖူးလား။

အသည်းကွဲတာကို ကုစားဖို့အတွက် ကြာခဲ့တဲ့အချိန်ကိုကော မှတ်မိလား။

တစ်နှစ်လား။ ခြောက်လလား။ သုံးလလား။ တစ်လလား။

ချစ်ခဲ့တဲ့ အတိမ်အနက်တွေ၊ ရှိခဲ့တဲ့ အမှတ်တရတွေ၊ ထားရှိခဲ့တဲ့ ကြင်နာခြင်းတွေရဲ့ အတိမ်အနက်ပေါ် မူတည်ပြီး အသည်းကွဲတဲ့ ဒဏ်ရာရဲ့ အတိမ်အနက်က ကွာခြားပါတယ်။

သိပ်ချစ်ခဲ့လို့ သိပ်ခံစားနေရတယ်ဆိုရင် ခံစားနေရတာကို ခံစားနေရတဲ့အတိုင်းသာ ထားလိုက်ပါ ပရိသတ်ကြီးရေ…။

ငိုချင်လာရင် ငိုချလိုက်ပါ။ သတိရလာရင် အားရှိပါးရှိကြေကွဲလိုက်ပါ။ နာကျင်နေတဲ့ နှလုံးသားလေးကို သူ့အလုပ်ဖြစ်တဲ့ ခံစားတဲ့အလုပ်ကို အပြည့်အဝလုပ်ခွင့်ပေးလိုက်ပါ။

ဒါပေမဲ့… မျက်ရည်တွေ သွေ့ခြောက်သွားတဲ့အချိန်…။

သတိရခြင်းတွေ တိတ်ဆိတ်သွားတဲ့အချိန်မှာ…။

အသာလေးမတ်တပ်ရပ်ပါ။ ဒဏ်ရာရနေတဲ့ နှလုံးသားလေးကို ဖာထေးလိုက်ပါ။ နှစ်နှစ်ကာကာ ချစ်ခဲ့တဲ့အတွက် နှလုံးသားကို ဂုဏ်ပြုလိုက်ပါ။ အကောင်းဆုံးချစ်ခဲ့တဲ့ သင့်နှလုံးသားလေးဟာ ရွှေတံဆိပ်ဆုနဲ့ ထိုက်တန်ပါတယ်။ သင့်နှလုံးသားရဲ့ တန်ဖိုးဟာ ချစ်ခြင်းကို ကစားသွားတဲ့သူတစ်ယောက်ကြောင့်၊ သစ္စာတရားကို မထိန်းသိမ်းတတ်တဲ့ သူတစ်ယောက်ကြောင့်၊ ချစ်ခြင်းနဲ့မထိုက်တန်တဲ့သူတစ်ယောက်ကြောင့် ကျဆင်းသွားမှာ မဟုတ်ပါဘူး။

အဲ့ဒီလိုလူတစ်ယောက်ကြောင့် အချိန်အကြာကြီးခံစားနေတာဟာ ကျကွဲသွားတဲ့ နှလုံးသားကို နာကျင်ခြင်း၊ မကောင်းမြင်ခြင်း၊ ကြေကွဲခြင်းဆိုတဲ့ ရွှံ့တွေနဲ့ ဖာထေးနေတာနဲ့တူပါတယ်။ ဘဝကို ကန့်လန့်တိုက်နေမယ်၊ လမ်းမှားကိုလျှောက်လှမ်းနေမယ်ဆိုရင် နှလုံးသားကို အရည်အသွေးနိမ့်တဲ့ ကော်တွေနဲ့ ဖာနေတာနဲ့တူပါလိမ့်မယ်။
ဘဝကို ပြန်လည်ရုန်းထွက်မယ်။ တစ်ဖန်ပြန်လည်ကြိုးစားမယ်။ နောက်တစ်ခါ အချစ်နဲ့တွေ့တဲ့အခါ ဘယ်လိုတွေ ပြန်လည်တည်ဆောက်မယ်။ အချစ်ရေးမှာ ဘယ်လိုစံနှုန်းတွေနဲ့ သတ်မှတ်ထားမယ်စတဲ့ နည်းလမ်းတွေနဲ့ နှလုံးသားကို ကုစားတာဟာ နှလုံးသားကို ရွှေဂဟေနဲ့ ဆက်ထားသလို ပိုလှလာပါလိမ့်မယ်။

ဂျပန်နိုင်ငံမှာ ကွဲသွားတဲ့ ပန်းကန်တွေကို ရွှေဆက်ပြီး ပြန်ဖာထေးကြတယ်တဲ့။ သင့်နှလုံးသားလောက်မှ တန်ဖိုးမရှိတဲ့ ပန်းကန်လေးတွေကတောင် ရွှေနဲ့ပြန်ဆက်လိုက်တဲ့အခါ ပိုလှတဲ့အလှတစ်မျိုးနဲ့ ပိုလှလာတယ်ဆိုရင် သင့်နှလုံးသားလေးဆိုရင် ဘယ်လောက်တောင်လှလာလိမ့်မလဲ။

ရွေးချယ်မှုက သင့်လက်ထဲမှာပါ။

ကွဲအက်နေတဲ့ သင့်နှလုံးသားကို ဘာနဲ့ဖာထေးမှာလဲ။

ရွှေနဲ့လား။

ရွှံ့တွေဗွက်တွေနဲ့လား။