ရုပ်ချောတာတစ်ခုတည်းနဲ့ ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်သင့်လား။

blank

ဘဝမှာ ကိုယ်နဲ့ လိုက်ဖက်ညီတဲ့ လက်တွဲဖော်တစ်ယောက်ကို ရှာရင်း အလုပ်များနေပြီလား။ ခေတ်ရေစီးကြောင်းအရ လူတွေအားလုံးဟာ ဘဝလက်တွဲဖော်ကို ရုပ်ရည်၊ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်နဲ့ အရွယ်အစားတွေအပေါ်မှာ မူတည်ပြီး ရွေးချယ်နေကြတယ်ဆိုပေမယ့် တကယ်တော့ ဘဝလက်တွဲဖော်ဆိုတာ လူတစ်ယောက်ရဲ့ တန်ဖိုး၊ စာရိတ္တ၊ ကိုယ်ရည်ကိုယ်သွေးစတာတွေအပေါ် မူတည်ပြီး ရွေးချယ်ရတာပါ။

လက်ရှိခေတ်ကာလမှာ လူတွေဟာ ပိုပြီးတော့ ရုပ်ဝါဒီဆန်လာကြတာကြောင့် ယောက်ျားအများစုဟာ ငယ်ရွယ်ပြီး ချောမောတဲ့ မိန်းမတွေကိုပဲ လက်ထပ်ချင်လာကြပါတယ်။ လူတိုင်းကတော့ စွဲဆောင်မှုရှိတဲ့သူကိုပဲ လက်ထပ်ချင်ကြမှာပေမယ့် ဉာဏ်ရည်ထက်မြက်မှု၊ ကိုယ်ရည်ကိုယ်သွေးနဲ့ ဘာသာရေးဆိုင်ရာတန်ဖိုးတွေအားလုံးကို နောက်တန်းပို့လိုက်တာကတော့ ပြဿနာပါပဲ။ လှတာမက်ရင် ညစာခက်တယ်လို့ ဆိုကြတယ်မလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တကယ်တော့ အိမ်ထောင်ဖက်ဆိုတာ ဘဝလက်တွဲဖော်ပါ။ တစ်ကမ္ဘာလုံးကို ပတ်ကြွားနေရမယ့်အရာတစ်ခုမဟုတ်ပါဘူး။ အချစ်နဲ့ စိတ်ချင်းဆက်သွယ်နိုင်မှုကသာ ချစ်သူတွေကို တစ်ဘဝလုံးအတူတူရှိနိုင်စေပါလိမ့်မယ်။ တစ်ယောက်အကြောင်း တစ်ယောက် သေချာမသိသေးဘဲ လက်ထပ်ကြတာတွေများလာတာကြောင့် ကွာရှင်းမှုနှုန်းတွေမြင့်တက်လာတာဟာ အံ့အားသင့်စရာမရှိပါဘူး။ တကယ်တော့ လက်မထပ်ခင်မှာ တစ်ယောက်အကြောင်း တစ်ယောက်သေချာသိနိုင်ဖို့ အချိန်ယူသင့်ပါတယ်။ ကိုယ့်ကို ဘယ်အရာတွေက ပျော်ရွှင်နိုင်စေတယ်။ ကိုယ့်ရဲ့ ဘဝရည်မှန်းချက်ပန်းတိုင်က ဘယ်လို၊ ဒီပန်းတိုင်ကို ရောက်နိုင်ဖို့ ဘယ်လိုကြိုးစားမယ် စသဖြင့်ပေါ့။ အိမ်ထောင်ရေးတစ်ခုမှာ ရုပ်ရည်ထက် ဒီအိမ်ထောင်ရေးကို တည်မြဲအောင် ဘယ်လိုလုပ်မယ်ဆိုတာကို သိဖို့က ပိုအရေးကြီးပါတယ်။ ရည်ရွယ်ချက်တွေသာ စစ်မှန်နေတယ်ဆိုရင် အားလုံးက အကောင်အထည်ပေါ်လာမှာ အမှန်ပါပဲ။

တစ်ယောက်နဲ့ တစ်ယောက် သက်ဆုံးတိုင် ချစ်သွားပါမယ်လို့ ကတိပေးပြီး နှလုံးသားတစ်စုံပေါင်းဆုံသွားတဲ့အခါ လက်ထပ်ခြင်း ဖြစ်တည်လာပါတယ်။ ဒီကတိကပဲ ကိုယ့်သားသမီးတွေအတွက် နေထိုင်ချင်စရာကောင်းတဲ့ ကမ္ဘာကြီးတစ်ခု၊ ပျော်ရွှင်မှုတွေ၊ အချစ်တွေ၊ နှစ်လိုမှုတွေ ပြည့်ဝနေတဲ့ လူမှုဝန်းကျင်တစ်ခု ဖန်တီးပေးလိုက်နိုင်မှာပါ။ ဒီအရာတွေအားလုံး ဖြစ်တည်လာဖို့ဆိုတာ ပြင်ပရုပ်ရည်ဘယ်လိုရှိတယ်ဆိုတဲ့အပေါ်မှာ မူတည်နေတာမဟုတ်ဘဲ အတွင်းစိတ်ဘယ်လိုရှိတယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

စာချစ်သူတို့ကော ဘဝလက်တွဲဖော်ကို ဘယ်အချက်တွေပေါ်မှာ မူတည်ပြီး ရွေးချယ်ဖြစ်ကြလဲ။