နှလုံးသားကို ဖွဲမီးလိုလောင်မြိုက်စေနိုင်တဲ့ သံသယလက်နက်

blank

လူတစ်ယောက်ကို ရူးသွပ်စွာချစ်မိတာတဲ့အခါ သူက ကိုယ့်လောက်ချစ်ရဲ့လား၊ သူ့မှာ နောက်ထပ်ချစ်ရမယ့်သူ ရှိနေပြီလား၊ သူကိုယ့်ကို ထားသွားမှာလား၊ စတဲ့ “လား” ပေါင်းများစွာရဲ့ နှိပ်စက်ခြင်းကို ခံစားတတ်ကြရပါတယ်။ သံသယဆိုတာ စိတ်ထဲမှာ ကြာကြာထားလေလေ၊ ဖွဲမီးလို လောက်မြိုက်စေနိုင်လေလေ ဖြစ်ပါတယ်။

ကိုယ့်ချစ်သူကို ဘယ်လောက်ပဲ ချစ်ပါတယ်၊ ယုံကြည်ပါတယ်ပြောပြော တစ်ခါတလေမှာတော့ သံသယစိတ်တွေ ဖြစ်မိတတ်တာ ဓမ္မတာပါ။ “သူပြောသလို သူကကိုယ့်ကိုချစ်ရဲ့လား” ဆိုတဲ့ သံသယအတွေးကတော့ မိန်းကလေးတော်တော်များများရဲ့ ရင်ထဲမှာ ရှိနေတတ်ပါတယ်။

သံသယဆိုတာ သေသေချာချာတွေးကြည့်ရင် မရေရာမှုတစ်ခုပဲဖြစ်ပါတယ်။ အဲဒီမရေရာမှုကြောင့် စိတ်ဆင်းရဲတာ၊ တွေးကြောက်ရတာ၊ စိတ်ဖိစီးရတာတွေ ဖြစ်ပြီး နာကျင်ခံစားရတတ်ပါတယ်။ တိကျသေချာတဲ့ရလဒ်တစ်ခုထွက်ဖို့ မကြိုးစားဘဲ မရေရာမှုတွေနဲ့ လုံးပမ်းနေတာက အပျက်သဘောဘက်ကို ဦးတည်နေတဲ့ လုပ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

သံသယတွေ၊ စွပ်စွဲမှုတွေကြောင့် ပိုမိုခိုင်မြဲပျော်ရွှင်သွားတဲ့ ချစ်သူစုံတွဲဆိုတာ မရှိပါဘူး။ ချစ်ရသူတွေ အနေနီးပေမဲ့ စိတ်ချင်းဝေးသွားအောင် ပြုစားနိုင်တာ သံသယစိတ်ပါ။ သံသယစိတ်ဟာ လက်ကိုင်ထားသူအတွက်လည်း မကောင်းသလို သံသယဖြစ်ခံရသူအတွက်လည်း ဂုဏ်သိက္ခာထိပါးတာ၊ ထိခိုက်နစ်နာတာတွေ ဖြစ်စေနိုင်ပါတယ်။

ဒီတော့ သံသယစိတ်ဝင်လာပြီဆိုတိုင်း ကိုယ့်ရဲ့ ရင်ထဲက အသံကို သေသေချာချာ နားထောင်ပါ။ ဒါပေမဲ့ ကိုယ့်စိတ်က ကိုယ့်ကိုသတ်သွားတာမျိုး မဖြစ်အောင်လည်း သတ်ထားဖို့ လိုပါတယ်။ ခံစားချက်တွေကို ခဏဘေးချိတ်ထားပြီး အကျိုးသင့်အကြောင်းသင့်စဉ်းစားပါ။ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေကို ဖွင့်ပြောသင့်သလောက် ဖွင့်ပြောပြီး တိုင်ပင်ဆွေးနွေးပါ။ ဒါပေမဲ့ သူတို့ရဲ့ အယူအဆတွေ၊ ဝေဖန်ချက်တွေက ကိုယ့်ထင်မြင်ချက်တွေထက် သေချာတယ်လို့တော့ မှတ်ယူမထားပါနဲ့။

စိတ်ထဲမှာ သံသယဖြစ်စရာပေါ်လာတိုင်း ကျိတ်မှိတ်မျိုသိပ်တာတွေ၊ အထင်အမြင်လွဲတာတွေ မလုပ်ဘဲ ကာယကံရှင်ကို တိုက်ရိုက်မေးမြန်းပါ။ ပြဿနာမကြီးထွားခင် ဖြေရှင်းပါ။ သံသယတွေကို စွန့်လွှတ်ပြီး နှစ်ယောက်အတူ အဖြေရှာပါ။ သံသယကင်းဝေးပြီး ပျော်ရွှင်ခိုင်မာတဲ့ အချစ်ကမ္ဘာလေးတစ်ခုကို အတူတကွတည်ဆောက်ကြပါလို့ အကြံပေးလိုက်ပါရစေရှင်။

နှစ်သက်တယ်ဆိုရင် SHARE ဖို့ မမေ့ပါနဲ့နော်။