သမီးလေးတစ်ယောက် ရလာတဲ့ တစ်နေ့မှာ….။

blank

ကျွန်မဟာ single တစ်ယောက်ပါ။ ကျွန်မမှာ ရည်ရွယ်ထားတဲ့သူတောင် မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်မတစ်နေ့နေ့လက်ထပ်ဖြစ်တဲ့အခါ ကျွန်မမှာ သမီးလေးတစ်ယောက်ရှိလာခဲ့ရင် ကျွန်မသမီးလေးကို ဘယ်လိုပျိုးထောင်မလဲဆိုတာလေးကို ကြိုပြီးတွေးထားဖြစ်တယ်။ ကျွန်မသမီးလေးကို ကျွန်မကိုမေမေလို့ခေါ်မယ့်အစား “ဓူဝံကြယ်”  လို့ ခေါ်စေမယ်။ မှောင်မိုက်တဲ့လမ်းမှာ သူလေးဘယ်လောက်ပဲလမ်းပျောက်ပျောက် ကျွန်မရှိနေတဲ့အရပ်ကို သူအမြဲတမ်းမြင်နေနိုင်မယ်ဆိုတာကို သူ့ကိုအမြဲတမ်းနားလည်နေစေမယ်လိမ့်မယ်လေ။

သမီးလေးရဲ့လက်ဖမိုးမှာ စကြာဝဠာတစ်ခုလုံးရဲ့ပုံကိုဆွဲထားပေးမယ်။ သမီးလေးက “ငါအရာရာသိတယ်” လို့ မော်ကြွားဖို့အတွက် လက်ကိုဆန့်ထုတ်လိုက်တဲ့အခါမှာ စကြာဝဠာကြီးတစ်ခုလုံးစာ လေ့လာစရာတွေရှိသေးတယ်ဆိုတာကို နားလည်လာလိမ့်မယ်။

ဘဝက သမီးလေးကိုမျက်နှာမှာဖျတ်ရိုက်လို့ သမီးလေးအံ့သြမယ့်အစား နောက်ထပ်ရိုက်ချက်တွေ ရောက်လာခဲ့ရင် ရှောင်လွဲတတ်ဖို့ သမီးလေးကို အားတွေမွေးပေးမယ်။ သမီးလေးကို လဲပြိုအောင် တိုက်ခိုက်မယ့်လေကိုအဆုတ်ထဲရောက်အောင် ရှူသွင်းပြီး သက်လုံကောင်းကောင်းနဲ့ ရင်ဆိုင်တတ်ဖို့ သင်ပေးမယ်။ သမီးလေးကြုံရမယ့် နာကျင်မှုတွေကို ကျွန်မရဲ့အိပ်ယာဝင်ချော့တေးတွေက ပြေပျောက်အောင် လုပ်ပေးနိုင်မှာတော့မဟုတ်ဘူး။ ဒါပေမဲ့ သမီးဘေးမှာ မေမေအမြဲတမ်းရှိနေတယ်ဆိုတဲ့ ခံစားမှုကိုတော့ ပေးနိုင်လိမ့်မယ်။ သမီးလးဟာ ရဲရင့်တယ်ဆိုတာကို ပြဖို့ wonder woman ရဲ့ ဝတ်ရုံလွှာကို ဝတ်ပြစရာမလိုဘူး။ သမီးလေးမျက်လုံးရဲ့ အရောင်နဲ့တင် လုံလောက်တယ်ဆိုတာကို သမီးလေးကိုပြောပြမယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သမီးလေးအရွယ်ရောက်လာလို့ ကျွန်မကိုလှည့်စားဖို့ ကြိုးစားတဲ့အခါ “သမီး… မေမေလည်း ငယ်ရာက ကြီးလာတာပါ။  သမီးလေးကို မေမေနားလည်ပါတယ်” လို့ တိုးတိုးလေးပြောပြမယ်။ အတိတ်ဆိုး၊အကျင့်ဆိုးတွေကနေ ရုန်းမထွက်ချင်တဲ့ ကောင်လေးတစ်ယောက်ကို သမီးလေးရဲ့အချစ်က ပြောင်းလဲနိုင်လိမ့်မယ်လို့ သမီးလေးထင်တဲ့အခါ၊ မကောင်းတဲ့သူတွေက လုပ်ခဲ့တဲ့အရာမှန်သမျှကို သမီးလေးက ပြုပြင်ပေးနိုင်မယ်လို့ သမီးထင်တဲ့အခါ ကမ္ဘာပေါ်မှာ သမီးလေးမလုပ်နိုင်တာတွေ အများကြီးရှိတယ်ဆိုတာကို သမီးလေးကိုနားလည်စေမယ်။

သမီးလေးအသည်းကွဲလို့ နာကျင်နေတဲ့အခါ ချောကလက်လေးတွေဝယ်ပေးမယ်။ ကမ္ဘာပေါ်မှာ ဘယ်နာကျင်မှုကမှ အကြာကြီးမခံဘူးဆိုတာ သမီးလေးကိုနားလည်စေမယ်။ သမီးလေး ငိုချင်တဲ့အခါ မိုးစီးဖိနပ်ကို ထုတ်ပေးပြီး မိုးရေထဲမှာ လမ်းလျှောက်စေမယ်။ သမီးသာ ဆန္ဒရှိမယ်ဆိုရင် မိုးစက်လေးတွေက အရာရာကို ဆေးကြောပစ်နိုင်တယ်ဆိုတာကို သမီးလေးတွေ့လာလိမ့်မယ်။ မိုးစီးဖိနပ်လေး ပြန်ပြီးခြောက်သွေ့သွားတဲ့အခါ၊ သမီးရဲ့ဒဏ်ရာတွေနည်းနည်းတော့ ပေါ့ပါးသွားမယ်ဆိုတာ သေချာပါတယ်လေ။

လှေအောက်မှာရှိနေတဲ့ လှိုင်းတံပိုးလေးတွေကအစ၊ စကြာဝဠာထဲက ကြယ်လေးတွေအဆုံး သမီးလေးကိုအရာရာကို လေ့လာစေမယ်။ ဒဏ်ရာတွေကြောင့် နာကျင်ရသလိုပဲ ဘဝမှာ ကျေးဇူးတင်စရာတွေအများကြီးရှိတယ်ဆိုတာကို သိစေမယ်။ ကမ်းစပ်က တွန်းထုတ်လိုက်တဲ့ လှိုင်းတွေဟာ ကမ်းစပ်ဆီလာမြဲလာနေတတ်သလို ဘယ်လောက်ပဲလဲကျလဲကျ ပြန်ထတတ်ဖို့ သမီးလေးကို သင်ထားပေးမယ်။ မှားတဲ့အခါ တောင်းပန်တတ်ဖို့ သင်ပေးမယ်။ အမုန်းတွေပေးရင်တောင် မေတ္တာထားတတ်ဖို့ သင်ပေးမယ်။

အရေးအကြီးဆုံးကတော့ မေမေဟာ ဘာအကြောင်းကြောင့်မှ သမီးလေးကို မုန်းတီးမယ့်သူ မဟုတ်ဘူးဆိုတာကို သမီးလေးကို အမြဲနားလည်စေမယ်လေ။ ကျွန်မအမေက ကျွန်မကိုအမြဲ ချစ်ခင်ပေးခဲ့သလိုပေါ့။

စာချစ်သူတို့ကော… သမီးလေးတစ်ယောက်ရလာတဲ့အခါ ဘာတွေသင်ပေးမှာလဲ။