အဆိပ်ပင်ရေလောင်းနေတာကို ရပ်သင့်ပြီ ကောင်မလေးရေ။

blank

ညီမလေးရေ….။

အချစ်ရေးတစ်ခုဟာ လူတစ်ယောက်ကို ဘယ်လောက်ထိစိတ်ချမ်းသာစေလဲ ဆိုတာကို မင်းမိဘတွေရဲ့ စံပြအိမ်ထောင်ရေးကြောင့် မင်းကိုသိစေခဲ့တယ်။ ခြွင်းချက်မရှိချစ်မြတ်နိုးနေခြင်းနဲ့ ယုံကြည်မှုတွေခိုင်မာတဲ့ ပတ်ဝန်းကျင်မှာ မင်းကြီးပြင်းလာခဲ့တယ်။ လူတစ်ယောက်ကိုချစ်ရင် အလွယ်တကူခွင့်လွှတ်ပေးရမယ်လို့ ယုံကြည်ထားတဲ့မင်းဟာ ချစ်ရတဲ့သူကို လိုတာထက်ပိုပြီး ခွင့်လွှတ်ပေးခဲ့တယ်လေ။ ဒါပေမဲ့လူတိုင်းက မင်းရဲ့ ရွှေရောင်နှလုံးသားနဲ့မှ မထိုက်တန်တာညီမလေးရေ….။

သစ္စာဖောက်ခံရတဲ့အခါ နောက်တော့ ပြင်လာမှာပါဆိုတဲ့စိတ်နဲ့ ခွင့်လွှတ်တတ်တဲ့ အကျင့်ကိုပြင်ပါ။ ချစ်သူရှိရက်နဲ့နောက်တစ်ယောက်အကြောင်းစဉ်းစားတာဟာ အချစ်ရေးရဲ့ အပိုင်းအစတစ်ခုမဟုတ်ဘူး။

အနိုင်ကျင့်ခံရတဲ့အခါ ချစ်လို့ဆိုးတာပါဆိုတဲ့ အတွေးနဲ့ သည်းခံတတ်တဲ့အကျင့်ကို ပြင်ပါ။ တကယ်ချစ်တဲ့သူဆိုတာ ချစ်သူစိတ်ဆင်းရဲမယ့် ကိစ္စတွေကို လုပ်မှာမဟုတ်ဘူး။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

တစ်ပတ်မှာတစ်ရက်လောက်ရတဲ့ ပျော်ရွှင်မှုအတွက် ကျန်ခြောက်ရက်မှာပေးတဲ့ ဝမ်းနည်းမှုတွေကို လျစ်လျူရှုနေတတ်တဲ့ အကျင့်ကိုပြင်ပါ။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ သံသရာလည်နေတာက အချစ်ရေးတစ်ခုမှာ ပုံမှန်မဟုတ်ဘူး။

ချစ်သူနဲ့လမ်းခွဲတဲ့အခါ ရမယ့် နာကျင်ခြင်းတွေကိုကြောက်ပြီး စိတ်မချမ်းသာမှုတွေကို ဖက်တွယ်ထားတတ်တဲ့အကျင့်ကို ပြင်ပါ။ လောကမှာ အချိန်ကကုစားမပေးနိုင်တဲ့ ဒဏ်ရာဆိုတာ မရှိဘူး။

ညီမလေးရေ….။

ချစ်စရာကောင်းတဲ့မျက်နှာ၊ ကြင်နာတတ်တဲ့ နှလုံးသားကိုပိုင်ဆိုင်ထားတဲ့မင်းဟာ ချစ်ခြင်းအစစ်တွေနဲ့ ထိုက်တန်ပါတယ်။ ငယ်ငယ်ကတည်းက မင်းပတ်ဝန်းကျင်မှာ မြင်တွေ့ခဲ့ရတဲ့ ချစ်ခြင်းမေတ္တာတွေဟာ မင်းဆီရောက်လာဖို့ ကျန်ပါသေးတယ်။ “ချစ်ရင်ပေးဆပ်ရမယ်” လို့ တောက်လျှောက်ခံယူလာခဲ့တဲ့မင်းဟာ စိတ်ဆင်းရဲစေတဲ့အချစ်ရေးမှာ နှစ်မြှပ်နေခဲ့တာ  ရင်နာဖို့ကောင်းပါတယ်။ ချစ်ခြင်းဆိုတာ ပေးဆပ်ခြင်းဆိုရင်တောင် တစ်ဖက်တည်းကပဲ ပေးဆပ်နေရခြင်းမဟုတ်ပါဘူးနော်။ ညီမလေးကို နားလည်ပြီး ညီမလေးနှုတ်ခမ်းပေါ်မှာ အပြုံးတွေစိုက်ပျိုးပေးမယ့် ဘဝလက်တွဲဖော်တစ်ယောက် ညီမလေးဘဝထဲကိုရောက်လာပါလိမ့်မယ်။ ဒါ့ကြောင့်အဆိပ်ပင်ရေလောင်းနေတာ ရပ်လိုက်ပါတော့ ညီမလေး။