သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခု ပိုင်ဆိုင်ချင်ပါသလား။ ဒီနည်းလမ်းလေးတွေကို လိုက်နာပါ။

blank

အိမ်ထောင်ရေးဆိုတာ အမြဲတမ်း အဆင်ပြေနေတတ်တဲ့အရာ မဟုတ်ပါဘူး။ အိမ်ထောင်ရေးတစ်ခု အဆင်ပြေစေဖို့အတွက် လင်ကော မယားပါ ညီတူညီမျှနဲ့ အကောင်းဆုံး ကြိုးစားဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ ဂန္ထဝင်မဂ္ဂဇင်းအနေနဲ့ အိမ်ထောင်ရေးသာယာစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ လက်ထပ်ပြီးပြီဆိုပေမယ့် သူမအတွက် ရင်ခုန်ကြည်နူးစရာလေးတွေ ဆက်လက်ဖန်တီးပေးပါ။

ပြောပြီးသားစကားကို ဘယ်တော့မှ မဖျက်ပါနဲ့။ သူမကို လက်ထပ်ခွင့်တောင်းတုန်းက ပေးခဲ့တဲ့ ကတိတွေအားလုံးကို အမြဲသတိရပါ။

၂။ သူမအတွက် နှလုံးသားထဲမှာ သီးသန့်နေရာလေး ထားထားပေးပါ။

ကမ္ဘာကြီးကို ချစ်မြတ်နိုးပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။ ဒါပေမဲ့ နှလုံးသားထဲမှာတော့ သူမကလွဲရင် ဘယ်သူမှ ဝင်လို့မရတဲ့ အထူးသီးသန့်နေရာလေး ထားထားပေးပါ။ ဒီနေရာဟာ သူမကို လက်ခံဖို့ အမြဲအသင့်ဖြစ်နေပါစေ။ တခြားဘယ်သူကမှ ဒီနေရာကို ယူသွားလို့မရပါစေနဲ့။

၃။ သူမကို ချစ်မြဲအတိုင်း ချစ်ပါ။

လူတွေဟာ ပြောင်းလဲတတ်ပါတယ်။ ပြောင်းလဲမှုတွေဟာ ရှောင်လွဲလို့မရတာကြောင့် သူမနှလုံးသားကို ပိုင်ဆိုင်နိုင်အောင် အမြဲကြိုးစားပါ။ ချစ်မြဲအတိုင်း ချစ်ပါ။ မဟုတ်ရင်တော့ တခြားတစ်ယောက်ဆီ လက်လွှတ်လိုက်ရမှာပါပဲ။

၎။ သူမကို ပြောင်းလဲပစ်ဖို့ ကြိုးစားခြင်းကို ရှောင်ပါ။

ကိုယ့်ရဲ့ တာဝန်ဟာ သူမကို သူမရဲ့ ပုံစံအတိုင်း ချစ်ခင်ဖို့ပါပဲ။ သူမ ဘယ်လိုပုံစံပဲဖြစ်လာလာ၊ ကိုယ်ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လက်ခံနိုင်ဖို့ကြိုးစားပါ။

၅။ နေ့စဉ်နေ့တိုင်းမှာ သူမရဲ့ အကောင်းဆုံးပုံစံကို မြင်ယောင်ပါ။

သူမကို အမြဲချစ်ခင်မြတ်နိုးနိုင်ဖို့အတွက် သူမအပေါ်မှာ ကိုယ် သဘောကျရတဲ့အချက်တွေကိုပဲ အာရုံစိုက်ထားပါ။ သူမကို ဘဝလက်တွဲဖော်အဖြစ် ပိုင်ဆိုင်ထားရခြင်းဟာ ကိုယ့်ကို ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူတစ်ယောက်ဖြစ်စေတယ်ဆိုတာ မယုံမရှိပါနဲ့။

၆။ သူမအပေါ်မှာ ကိုယ့်ဒေါသတွေ ပုံချခြင်းကို ရှောင်ပါ။

ဒါက ကိုယ့်ခံစားချက်တွေလေ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ချုပ်ထိန်းထားလိုက်ပါ။ အလုပ်၊ သူငယ်ချင်းစတာတွေကနေ ဘယ်လောက်ပဲ ဖိအားတွေ ရလာပါစေ။ သူမဟာ ကိုယ့်ရဲ့ မကောင်းတဲ့ခံစားချက်တွေကို သိမြင်ဖို့ မထိုက်တန်ပါဘူး။ ကိုယ့်ရဲ့ အဆိုးမြင်စိတ်တွေအားလုံးကို ကိုယ်တိုင်ချုပ်ထိန်းနိုင်ဖို့ ကြိုးစားပါ။ သူမဆီက အကြံဉာဏ်တောင်းပါ။ သူမရဲ့ ကိုယ်ချင်းစာနာမှုတွေကို ရရှိနိုင်ဖို့ အကြောင်းစုံပြောပြပါ။

၇။ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ရှာဖွေပါ။

ကိုယ့်ကို ပျော်ရွှင်အောင် လုပ်ဖို့က သူမ တာဝန် မဟုတ်သလို ကိုယ့်ကို ဝမ်းနည်းအောင်လည်း သူမ မလုပ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ပိုင် ပျော်ရွှင်မှုကို ကိုယ်ကိုယ်တိုင် ရှာဖွေပြီး သူမနဲ့ ဝေမျှပါ။ ကိုယ့်ဘဝမှာ ပျော်ရွှင်ပါ။ ကိုယ့် Relationship ကို ချစ်မြတ်နိုးပါ။ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ ဝန်မပိပါစေနဲ့။

၈။ ပေါ့ပေါ့ပါးပါးနေထိုင်ပါ။

ဘဝကို အလေးအနက်ကြီး မခံစားလိုက်ပါနဲ့။ အနားယူဖို့၊ ရယ်မောဖို့၊ သူမကို ပျော်ရွှင်အောင် လုပ်ပေးဖို့လည်း အချိန်တွေ ရှိသင့်တယ်ဆိုတာ အမြဲသတိရပါ။ ဘဝကို လွယ်ကူစေပြီး နေပျော်စေတာဟာ ရယ်မောခြင်းပါ။

၉။ သူမ လိုအပ်ချိန်တိုင်း အနားမှာ ရှိပေးပါ။

သူမ စိတ်ညစ်နေတဲ့အခါ အရာအားလုံးဟာ အဆင်ပြေပါတယ်ဆိုတာ သူမကို သိရှိစေပြီး အတတ်နိုင်ဆုံး ထောက်ပံ့မှုတွေပေးပါ။ ကိုယ်ဟာ သူမအမြဲမှီခိုအားထားလို့ရတဲ့သူတစ်ယောက်ဆိုတာ သူမ သိပါစေ။ သူမကို လျစ်လျူမရှုပါနဲ့။ သူမ လိုအပ်တိုင်း ကိုယ်အမြဲရှိနေမယ်ဆိုတာ သူမကို သေချာသိရှိပါစေ။

၁ဝ။ သူမအတွက် အမြဲရပ်တည်ပေးပါ။

သူမကို ပေးသင့်တာဟာ အချိန်တစ်ခုတည်းမဟုတ်ပါဘူး။ အာရုံစိုက်မှု၊ ဂရုစိုက်မှုတွေ အားလုံးပေးရမှာပါ။ သူမနဲ့ အတူရှိနေချိန်မှာ တခြားဘယ်အရာကိုမှ တွေးတောမနေပါနဲ့။ သူမဟာ ကိုယ့်နှလုံးသားရဲ့ ဘုရင်မ တစ်ပါးဖြစ်တာကြောင့် သူမကို ဘုရင်မတစ်ပါးလိုပဲ ဆက်ဆံပါ။

၁၁။ သူမ ဆန္ဒတွေကို ဖြည့်ဆည်းပေးပါ။

သူမဟာ အရေးပါသူတစ်ယောက်လို့ ခံစားမိလာစေမယ့် အရာအားလုံးကို လုပ်ပါ။ သူမကို ပျော်ရွှင်စေမယ့် အရာ (၁ဝ) ခုကို စာရင်းလုပ်ခိုင်းပြီး သူမဟာ ဘုရင်မတစ်ပါးလို့ ခံစားမိစေဖို့ စာရင်းအတိုင်းလုပ်ပါ။

၁၂။ အမှားတွေကနေ သင်ခန်းစာယူပါ။

လူတိုင်းအမှားလုပ်မိတတ်တာကြောင့် ကိုယ့်လုပ်ရပ်မှားယွင်းသွားမှာကို မကြောက်ရွံ့ပါနဲ့။ လူတိုင်းက မှားတတ်ကြတာပဲလေ။ အမှားတွေကနေ သင်ခန်းစာယူနိုင်အောင် ကြိုးစားပါ။ ပြီးပြည့်စုံနေဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ခဏခဏမမှားပါနဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁၃။ သူမအတွက် ယောက်ျားပီသသူတစ်ယောက်ဖြစ်ပါစေ။

သူမအတွက် အမြဲအသင့်ရှိနေသူတစ်ယောက်ဖြစ်ပါစေ။ ကိုယ့်ရဲ့ ယောက်ျားပီသမှုတွေမှာ သူမကို နစ်မြောနေပါစေ။ ကိုယ့်အပေါ်မှာ ယုံကြည်လို့ရတယ်ဆိုတာကို သူမ သေချာသိရှိပါစေ။

၁၄။ ကိုယ့်စိတ်ခံစားချက်တွေကို မျှဝေပါ။

ကိုယ့်ခံစားချက်တွေ၊ စိုးရိမ်ပူပန်မှုတွေ၊ နောက်ဆုံး အကြောက်တရားတွေကိုတောင်မှ သူမနဲ့ မျှဝေပါ။ ကိုယ့်ဘဝအတွေ့အကြုံတွေလည်း သူမကို ပြောပြပါ။

၁၅။ သူမကို အနားပေးပါ။

မိန်းမတွေဟာ ပေးဆပ်တတ်တဲ့နေရာမှာ သိပ်တော်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်ခွန်အားတွေပေးနိုင်ဖို့ အချိန်တွေလိုအပ်ပါတယ်။ ဒါကြောင့် မိသားစုရဲ့ ဝေယျာဝစ္စတွေ လုပ်ကိုင်ရင်း ပင်ပန်းပုံပေါက်လာပြီဆိုရင် သူမကို အနားယူဖို့ခွင့်ပေးလိုက်ပါ။ ဒီလို အနားပေးလိုက်ခြင်းဖြင့် သူမ အရင်ကထက်တောင်မှ ပိုမိုတက်ကြွပျော်မြူးလာပါလိမ့်မယ်။

၁၆။ သူမ အပေါ်မှာ ပွင့်ပွင့်လင်းလင်းရှိပါ။

ယုံကြည်မှု တည်ဆောက်ထားပါ။ ဒါပေမဲ့ ကိုယ် ဖုံးကွယ်ထားတဲ့အရာတွေကိုပါ ဝေမျှဖို့ အသင့်ဖြစ်ပြီဆိုမှ ဝေမျှပါ။ ဒီလိုဖွင့်ပြောနိုင်ဖို့ဆိုတာ တော်တော်သတ္တိရှိဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်အပေါ်မှာထားတဲ့ သူမ အချစ်တွေကို တိုးပွားလာစေချင်တယ်ဆိုရင်တော့ ဖုံးကွယ်ထားတာတွေအားလုံးကို ဖယ်ရှားလိုက်ပါ။

၁၇။ ဘဝခရီးကို အတူတူလျှောက်လှမ်းပါ။

ဘဝခရီးလမ်းဟာ အမြဲတမ်းဖြောင့်ဖြူးနေမယ်လို့ မပြောနိုင်ပါဘူး။ လေ့ကျင့်ခန်းတွေ ကောင်းကောင်းမလုပ်ပေးရင် ကြွက်သားတွေ လျော့ရဲကုန်သလိုပါပဲ။ သင်ယူခြင်းမပြုတော့တဲ့အခါ ဦးနှောက်ကလည်း ဉာဏ်ရည်နည်းလာပါလိမ့်မယ်။ နှစ်ယောက်လုံးကြိုက်နှစ်သက်မယ့်အရာတစ်ခု ရွေးချယ်ပါ။ ရည်မှန်းချက်ပန်းတိုင်ထားပြီး ဖြစ်လာအောင် ဆောင်ရွက်ပါ။

၁၈။ ခွင့်လွှတ်ပါ။

ပြဿနာတွေကို အတိတ်မှာပဲ ထားခဲ့ပါ။ အနာဂတ်ဆီ ယူဆောင်မလာပါနဲ့။ ပြဿနာကို ဆုပ်ကိုင်ထားမယ်ဆိုရင် ဒီ relationship ဟာ ကျောက်ချထားသလိုဖြစ်ပြီး ရှေ့ဆက်တိုးနိုင်တော့မှာမဟုတ်ပါဘူး။ ဒီကျောက်ဆူးကြီးကို ဖြတ်ပစ်ပြီး ရှေ့ဆက်နိုင်စေမှာကတော့ ခွင့်လွှတ်ခြင်းပါပဲ။

၁၉။ ပိုက်ဆံဆိုတာ စိတ်ပူဖို့တန်တဲ့အရာတစ်ခုမဟုတ်ပါဘူး။

ပိုက်ဆံဆိုတာ ကစားပွဲတစ်ခုပါ။ ဒါ့ကြောင့် ဒီကစားပွဲမှာ နိုင်အောင် နည်းလမ်းတွေသာ ရှာပါ။ နှစ်ယောက် ပူးတွဲလုပ်ဆောင်ပါ။ အောင်မြင်ဖို့ နည်းလမ်းတွေ ရှာပါ။ ရှေ့ဆက်တိုးပါ။

၂ဝ။ အချစ်ကိုပဲ အမြဲရွေးချယ်ပါ။

အချစ်ကိုပဲ ဦးစားပေးပြီးတော့ အမြဲရွေးချယ်ပါ။ ဒီလိုသာ အမြဲတမ်းလုပ်ခဲ့မယ်ဆိုရင် ဒီ relationship ကို ဘယ်အရာကမှ ပြိုလဲစေနိုင်တော့မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အချစ်က အမြဲနိုင်တယ်လေ။

စာချစ်သူတို့ကော အချစ်တွေနဲ့ ထုံမွှမ်းနေတဲ့ relationship တစ်ခု ဖြစ်လာစေမယ့် သော့ချက်က ဘာလို့ထင်လဲ။