ကလေးတွေကိုသာ လိင်ပိုင်းဆိုင်ရာ အသိတွေ ပေးမသိခဲ့ရင်….။

blank

စာချစ်သူတို့ရေ….။

တချို့လူတွေကပြောကြတယ် “ကလေးတွေကို လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့အသိပညာတွေ ပြောပြလိုက်ရင် လိင်ပိုင်းဆိုင်ရာကိစ္စတွေကို စိတ်ဝင်စားသွားလိမ့်မယ်” တဲ့။

တကယ်တော့ ကလေးတွေလိင်မှုကိစ္စတွေကို စိတ်ဝင်စားလာတာဟာ ကျွန်မတို့က အသိပညာတွေပေးမှမဟုတ်ပါဘူး။ အချိန်တန်အရွယ်ရောက်လာတဲ့အခါ ဆန့်ကျင်ဖက်လိင်နဲ့ပတ်သက်ပြီး စိတ်ဝင်စားလာတာဟာ တားဆီးမရတဲ့ ကိစ္စပါ။ ကလေးအများစုရဲ့ လက်ထဲမှာ ဖုန်းတွေ၊အင်တာနက်တွေ ရှိနေကြပြီဆိုတော့ ကျွန်မတို့လူကြီးတွေသာ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်တာတွေကို ဖုံးကွယ်ထားရင် သူတို့နည်း၊သူတို့ဟန်နဲ့ သိအောင်ကြိုးစားလို့မရဘူးလား။

လေ့လာသူတွေကလည်း လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ဗဟုသုတတွေရှိထားတဲ့ ဆယ်ကျော်သက်တွေဟာ ဘာမှမသိတဲ့ ဆယ်ကျော်သက်တွေထက် လိင်ပိုင်းဆိုင်ရာအမှုတွေ ပြုလုပ်တာ နည်းတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ တချို့မိဘတွေဆိုရင် သားသမီးတွေနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်ထားနိုင်တဲ့အတွက် ကလေးတွေရဲ့ ကြီးပြင်းမှုဖြစ်စဉ်မှာ လမ်းတွေမမှားအောင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချပေးနိုင်ခဲ့ပါတယ်။
တကယ်တော့…. မိဘတွေနဲ့ဆရာတွေကသာ ကလေးတွေကို သူတို့အသက်အရွယ်နဲ့ ကိုက်ညီတဲ့အသိပညာတွေသာ ပေးသွားမယ်ဆိုရင် ကလေးတွေအနေနဲ့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အပူတပြင်းသိချင်တာမျိုးတွေ မဖြစ်နိုင်ပါဘူး။

ဒါ့ကြောင့် ဆယ်ကျော်သက်အရွယ်ကလေးတွေကို …

• မျိုးပွားအင်္ဂါဆိုတာ ဘာလဲ။
• ကိုယ်ဝန်ဆောင်ခြင်းဆိုတာ ဘာလဲ။
• အကာအကွယ်မဲ့ လိင်ဆက်ဆံတဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အသိပညာပေးထားသင့်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

မိဘတွေတိုင်းက သားသမီးတွေကို ငယ်သေးတယ်လို့ပဲ ထင်တတ်ကြတာပါပဲ။ သင့်ရဲ့သားသမီးကို “ငယ်သေးတာပဲ” ဆိုတဲ့ စိတ်နဲ့ ကလေးလိုသဘောထားလိုက်မယ်ဆိုရင် သူ့ရဲ့လူကြီးဖြစ်တော့မယ် ဖြစ်စဉ်မှာ သင်ကပြတ်ပြီးကျန်ခဲ့မှာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ သူလက်တွဲသွားမယ့်အရာဟာ ဖုန်းတွေ၊ အင်တာနက်တွေဖြစ်နိုင်သလို၊ ရွယ်တူသူငယ်ချင်းတစ်ယောက်လည်း ဖြစ်နိုင်တာပါပဲ။

ဒါ့ကြောင့်…. သင်ရွေးချယ်ရမှာက သင့်ရဲ့ဆယ်ကျော်သက်အရွယ်ကလေး လက်တွဲမယ့်အရာဟာ သူ့ထက်အသိပညာရှိတဲ့ လူကြီးမိဘဖြစ်စေချင်လား၊ သူ့လောက်ပဲ အသိဉာဏ်ရှိတဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်စေချင်လား…။

ကလေးတွေကို လိင်ပိုင်းဆိုင်ရာ အသိပညာပေးတွေပေးတာက ကာကွယ်တတ်ဖို့ဖြစ်မလား….။
ပိုဆိုးသွားစေမယ်လို့ ထင်လား…။