တစ်ဖက်သတ်အချစ်ရဲ့ နာကျင်မှု

တစ်ဖက်သတ်အချစ်နဲ့ ချစ်ခဲ့ဖူးလား။ တစ်ဖက်သတ်ချစ်ရတာ ဘယ်လောက်တောင် နာကျင်ရတယ်ဆိုတာ ချစ်ခဲ့ဖူးသူတိုင်း သိကြပါတယ်။ သူ့အပေါ် အရမ်းချစ်မြတ်နိုးမိနေတဲ့ ကိုယ့်ခံစားချက်ကို ကိုယ်ကိုယ်တိုင် ထိန်းချုပ်လို့မရသလို ဘယ်သူ့ကို ချစ်လိုက်မယ်လို့လည်း ရွေးချယ်လို့မရခဲ့ဘူးလေ။

ကိုယ့်အတွက် မကောင်းမှန်းသိရက်နဲ့တောင်မှ မီးကို တိုးတဲ့ ပိုးဖလံလို ထောင်ချောက်တစ်ခုလို ဒီအချစ်ထဲ ပျော်ဝင်နေမိတုန်းပါပဲ။ ဒါကြောင့်ပဲ ကိုယ်ရှိနေမှန်းတောင် သိချင်မှ သိမှာဖြစ်တဲ့ သူတစ်ယောက်ကို ဆက်ချစ်နေမိတာပေါ့။

ဒါပေမဲ့ သူကတော့ ကိုယ့်ကို သူငယ်ချင်းတစ်ယောက်ထက် ပိုပြီး သဘောထားနိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ သိပ်မကြာခင်မှာပဲ သဘောပေါက်လာမှာပါ။ သူ့အတွက်တော့ ကိုယ့်အချစ်တွေဟာ ပလေတိုးနစ်အချစ်ပေါ့။

ဒါဟာ ဘယ်လောက်တောင် နာကျင်စရာကောင်းလိုက်သလဲနော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကိုယ့်မေတ္တာတွေဟာ ဘယ်လောက်ပဲ ထုထည်ကြီးမားနေပါစေ။ ဖွင့်မပြောသရွေ့တော့ ဒီအချစ်က နာကျင်စေပြီး ရှေ့ဆက်မတိုးနိုင်အောင် တားဆီးထားဦးမှာပါပဲ။ ဘာလို့လဲဆိုတော့ တစ်နေ့မှာတော့ ကိုယ်ချစ်သလို သူပြန်ချစ်လာမှာပါဆိုတဲ့ မျှော်လင့်ချက်ကြီး ရှိနေတာကိုး။

ဒါပေမဲ့ သူချစ်လာမှာပါဆိုတဲ့ မျှော်လင့်ချက်ကြီးကိုပဲ အမှန်တရားတစ်ခုလို ဆုပ်ကိုင်ထားရင်း ဆက်ခေါင်းမာနေဦးမလို့လား။ အချစ်တွေကို ရပ်တန့်ပစ်နိုင်ဖို့ဆိုတာ အချိန်ယူရပါတယ်။ သူ့ခံစားချက်တွေကို ပြောင်းလဲအောင်လုပ်နိုင်စွမ်း ကိုယ့်မှာ မရှိဘူးဆိုတာ သဘောပေါက်တဲ့အခါကျရင်တော့ လွတ်လပ်သွားသလို ခံစားရမှာပါ။ အရမ်းနာကျင်တာပဲလို့ ခံစားလာရတဲ့အခါတိုင်း ဒီလူနဲ့ သူငယ်ချင်းအဖြစ် ဆက်နေပြီး သူ့အချစ်တွေကို မျှော်လင့်မနေတော့ဘူးလို့  ရွေးချယ်လို့ရတယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ့်ကိုပြန်ချစ်လာမှာ မဟုတ်တဲ့သူကို ဆက်မချစ်နိုင်တဲ့ခွန်အားဆိုတာ လူတိုင်းမှာ ရှိပြီးသားဆိုတာ သတိရပါ။

စာချစ်သူတို့ကော တစ်ဖက်သတ်ချစ်ခဲ့ဖူးလား။ ဘယ်လိုရပ်တန့်ပစ်ခဲ့တယ်ဆိုတာ မျှဝေပေးသွားပါဦးနော်။