ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေဖြစ်လာစေဖို့ ကလေးတွေကို ငယ်ငယ်ကတည်းက ဘယ်လိုသင်ပေးမလဲ။

blank

လူဆိုတာ ပေါင်းသင်းဆက်ဆံရေးအမျိုးမျိုးကို ဖြတ်သန်းဖူးမှ ပေါင်းသင်းဆက်ဆံရေးကို နားလည်လာ တာပါ။ ကလေးတွေလည်း အဲ့ဒီလိုပါပဲ။ သူတို့ဘယ်သူလဲဆိုတာ သိဖို့၊ တခြားသူတွေအပေါ် နားလည်ပေးတတ် ဖို့ဆိုတာ သူတို့ငယ်စဉ်ကတည်းက မိဘတွေ သင်ကြားပျိုးထောင်ပေးမှုအပေါ်မှာ အများကြီး မူတည်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ပေါင်းသင်းဆက်ဆံရေးဆိုတာ မွေးဖွားချိန်ကနေ စတင်တာမို့ပါ။ အနီးဆုံးမှာရှိ တဲ့သူတွေနဲ့ ရင်းနှီးမှု၊ ယုံကြည်မှု၊ ကြင်နာမှု၊ ကူညီဖေးမမှုတွေကို ခံစားရင်းမှ ကလေးတွေဟာလည်း တခြားသူ တွေအပေါ် အဲ့ဒီအရာတွေတုံ့ပြန်သင့်မှန်း နားလည်သင်ယူလာကြတာပါ။ မွေးခါစမှာ နို့ချိုတိုက်ကျွေးတဲ့ မိခင်ရဲ့ မေတ္တာတရား၊ စောင့်ရှောက်ကာကွယ်ပေးတဲ့ ဖခင်ရဲ့နွေးထွေးကြင်နာမှု၊ အတူဆော့ကစားတဲ့ မောင်နှမတွေရဲ့ ထောက်ထားညှာတာမှုတွေ၊ အဘိုးအဘွားတွေရဲ့ ချစ်ခြင်းမေတ္တာများနဲ့အတူ ကလေးဟာ ပေါင်းသင်းဆက်ဆံ ရေးကို သင်ယူရင်း ကြီးပြင်းလာရပါတယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့သူ ဖြစ်လာစေဖို့ ငယ်ကတည်းက သင်ကြားထားပေးဖို့ အရေးကြီးလှပါတယ်။

၁။ ကလေးကို ဦးဆောင်ခွင့်ပြုပါ။

ကလေးနဲ့ကစားတဲ့အခါ လူကြီးက ရွေးချယ်ပေးတာထက် ကစားနည်းကို ကလေးကြိုက်တာ ရွေးခွင့် ပေးပါ။ တခြားသူတွေမပါဘဲ ကလေးနဲ့နှစ်ယောက်တည်းကစားပါ။ ကလေးအနေနဲ့ မိဘရဲ့ချစ်ခြင်းနဲ့ ဂရုစိုက်မှု တွေကို အပြည့်အဝခံစားမိမှာပါ။ ကလေးနဲ့စကားပြောပါ။ ကလေးကို ကူညီပါ။ ကလေးလုပ်နိုင်တာလေးတွေ ပေးလုပ်ပါ။ ပုံပြင်ပြောပြပါ။ မေမေတွေအနေနဲ့ ချက်ပြုတ်နေတဲ့အခါ ကလေးကိုအနားမှာခေါ်ထားပြီး ဆော့က စားဖို့ သစ်သားဇွန်း တစ်ချောင်းပေးထားပြီး ကလေးနဲ့ မိခင်ကြားက ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးကို တည် ဆောက်နိုင်စေပါတယ်။

၂။ ကလေးရဲ့လှုပ်ရှားမှုတွေအပေါ် စိတ်ဝင်စားကြောင်း ကလေးသိအောင်ပြပါ။

ကလေးဘာပဲလုပ်လုပ် မိဘတွေအနေနဲ့ စိတ်ဝင်စားမှုရှိတယ်ဆိုတာ ကလေးသိအောင် ပြသပါ။ ချီးကျူး တာ၊ အကြံပြုချက်လေးတွေ ပေးတာ၊ ကလေးဦးဆောင်ကစားတဲ့နောက် အလိုက်သင့်လိုက်ကစားပေးတာမျိုး တွေနဲ့ ကလေးကို အသင်းအဖွဲ့စိတ်ဓာတ်နဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့တန်ဖိုးကို နားလည်အောင်သင်ပေးပါ။

၃။ ကလေးရဲ့ခံစားချက်တွေထုတ်ဖော်လာအောင် လှုံ့ဆော်ပေးပါ။

သူတစ်ဖက်သားအပေါ် အကောင်းမြင်စိတ်ရှိမှ၊ အသိအမှတ်ပြုပေးတတ်မှ၊ သူများခံစားချက်ကို နား လည်ပေးနိုင်မှ ခိုင်မြဲတဲ့ပေါင်းသင်းဆက်ဆံရေး တည်ဆောက်နိုင်မှာပါ။ ကလေးစိတ်ဆိုးတဲ့အခါ ဒေါသထွက် နေတဲ့ပုံလေးတွေ ဆွဲခိုင်းပါ။ ခြံထဲပြေးခိုင်းပါ။ မိဘတွေရဲ့ခံစားချက်တွေကိုလည်း ကလေးသိအောင် “ သမီး လေးကကူညီလို့ မေမေပျော်နေတာ”၊ “ ဘွားဘွားအိမ်ပြန်သွားလို့ မေမေ ဝမ်းနည်းနေတယ်” ဆိုတာမျိုး ပြောပြ ပါ။ လူတိုင်းမှာခံစားချက်ရှိသလို အဲ့ဒီအတွက် ဖြေရှင်းနည်းရှိတာကိုလည်း နားလည်အောင် သင်ထားပေးပါ။

၎။ ကလေးရဲ့ခံစားချက်ကို လေးစားပါ။

ကလေးရဲ့ခံစားချက်ကို လူကြီးတွေက အလေးထားတာကို သိခြင်းအားဖြင့် ကလေးအနေနဲ့လည်း တခြားသူတွေရဲ့ခံစားချက်တွေအပေါ် အလေးထားရကောင်းမှန်း သိနားလည်လာပါတယ်။ ဒါက အရွယ် ရောက်လာတဲ့အခါ ပေါင်းသင်းဆက်ဆံရေးအားလုံးအတွက် မရှိမဖြစ်ပါ။ ဒါကြောင့် ကလေးရဲ့ခံစားချက် အသေးအဖွဲလေးကအစ အသိအမှတ်ပြုပေးပါ။

၅။ စိတ်ခံစားချက်တွေ ရှာဖွေဖော်ထုတ်ရတဲ့ကစားနည်းတွေ ကစားပါ။

ဒေါသထွက်နေတဲ့အရုပ်၊ ပျော်နေတဲ့အရုပ်၊ ဝမ်းနည်းနေတဲ့အရုပ် စသဖြင့် အရုပ်လေးတွေသုံးပြီး အတူ ကစားပေးပါ။ ပန်းချီဆွဲပါ။ စာအုပ်ဖတ်ပြပြီး စာအုပ်ထဲက ရုပ်ပုံကားချပ်လေးတွေအကြောင်း ပြောပြပါ။

၆။ ရွယ်တူချင်းပေါင်းသင်းဆက်ဆံတတ်ဖို့ အခွင့်အရေးတွေကို မိဘတွေက ဖန်တီးပေးပါ။   

ကလေးအနေနဲ့ မျှဝေတတ်ဖို့၊ အလှည့်ပေးတတ်ဖို့၊ ငြင်းခုံမှုတွေကို ဖြေရှင်းတတ်ဖို့နဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ပျော်ရွှင်တတ်ဖို့ လက်တွေ့သင်ယူဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ တ ခြားကလေးတွေနဲ့ မိမိတို့ကလေးကို အတူတူကစားဖို့ အခွင့်အရေးတွေဖန်တီးပေးသင့်ပါတယ်။

၇။ Screen time ကို ကန့်သတ်ပေးထားပါ။

တီဗွီကြည့်ချိန်၊ ဒါမှမဟုတ် ဖုန်းပေးကစားထားချိန်တွေဟာ မိဘနဲ့အတူရှိချိန်၊ ကလေးချင်းကစားချိန်၊ ပြ ဿနာဖြေရှင်းဖို့နဲ့ ကလေးတွေရဲ့ဝန်းကျင်က အကြောင်းအရာတွေကို သင်ယူချိန် လျော့နည်းစေပါတယ်။ ဒါ ကြောင့် တစ်ချိန်လုံးတီဗွီကြည့်နေတာမျိုးမဖြစ်ရအောင် ကလေးနဲ့စကားပြောပါ။ ကလေးစိတ်ဝင်စားမယ့် ဇာတ် လမ်းလေးတွေ၊ ပုံပြင်လေးတွေပြောပြပေးပါ။

သင်ကော သားသားမီးမီးလေးတွေကို ဘာလေးတွေသင်ထားပေးဖြစ်လဲ။

ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားချိန်အထိ ရက်တစ်ထောင်ခရီးအတွက် လိုအပ်မယ့်ဗဟုသုတလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Ceelin Plus  တို့မှ ပူပေါင်းစီစဉ်တင်ဆက်ထားပါတယ်ရှင်။

ဘေဘီလေးတွေကို ပျိုးထောင်ပေးနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဗဟုသုတရစေဖို့ ဝေမျှ ပေးလိုက်ပါဦး။