အသည်းမခွဲတတ်တဲ့သူတွေဖြစ်လာစေဖို့ ငယ်ဘဝမှာ နှလုံးသားကို ဂရုစိုက်ပေးပါ။

blank

စာချစ်သူတို့ရေ…..။

“ ငယ်ဘဝမှာ ချစ်ခြင်းတွေ အပြည့်အဝရတဲ့ ကလေးတွေဟာ ချစ်တတ်တဲ့ ကလေးတွေဖြစ်လာတယ်”

“ဂရုစိုက်ကြင်နာခြင်းတွေ ရတဲ့ကလေးတွေက ဂရုစိုက်တတ်တဲ့ ကလေးတွေဖြစ်လာတယ်” တဲ့။ သင့်ကလေးဟာ အသည်းခွဲတတ်တဲ့ သူတစ်ယောက်ဖြစ်လာတယ်ဆိုတာကလည်း သူပျိုးထောင်ခံခဲ့ရတဲ့ နည်းလမ်းတွေနဲ့ သက်ဆိုင်တယ်လို့ ထင်လား။

သင့်ကလေးကြီးလာတဲ့အခါ ပိုင်ဆိုင်မယ့် အချစ်ရေးဟာ သူငယ်ငယ်က ဆက်ဆံခံခဲ့ရတဲ့ ပုံစံတွေ၊ ပတ်ဝန်းကျင်မှာမြင်တွေ့နေကျ အချစ်ရေးပုံစံတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ လေ့လာသူတွေကတော့ ဆိုကြပါတယ်။

သင့်ကလေးကို သာယာပျော်ရွှင်တဲ့ အချစ်ရေးတစ်ခုကို ပိုင်ဆိုင်စေချင်တယ်၊ အသည်းမခွဲတတ်တဲ့ ကလေးတွေဖြစ်လာစေချင်တယ်ဆိုရင်တော့ ငယ်ငယ်ကတည်းက သူတို့လေးတွေရဲ့ နှလုံးသားကို ဂရုစိုက်ပေးဖို့လိုပါတယ်။ သင့်ကလေးရဲ့ နှလုံးသားလေးကို ဂရုစိုက်ပေးဖို့အတွက်….

  • သူတို့ပြောတာလေးတွေကို ဝေဖန်သုံးသပ်တာတွေ မလုပ်ဘဲ ကောင်းကောင်းနားထောင်ပေးပါ။ ခံစားချက်တွေကို တန်ဖိုးထားပါ။
  • အမှားတွေလုပ်မိတဲ့အခါ အပြစ်ရှိသလို ခံစားမနေဘဲ အမှန်ကိုရဲဝံ့စွာပြင်ဖို့ သင်ကြားပြသပေးပါ။
  • ကလေးအပေါ် ရိုးရိုးသားသား ဆက်ဆံပါ။ ရိုးသားပြီးအမှန်အတိုင်းနေတတ်အောင် သင်ပေးပါ။
  • သင်တစ်ခုခုမှားသွားတိုင်းတောင်းပန်ပါ။ စံပြတစ်ယောက်ဖြစ်အောင်နေပါ။
  • သူတို့အမှားလုပ်မိတဲ့အခါ ခွင့်လွတ်ပါ။
  • သင့်ရဲ့အပြုအမူတွေ ခံစားချက်တွေကို တာဝန်ယူပါ။ တစ်ခုခုဖြစ်လာတိုင်း သူတစ်ပါးကို အပြစ်မတင်ဘဲ ကိုယ်ကိုယ်တိုင် ဖြေရှင်းရမယ်ဆိုတာကို နားလည်နေအောင် သင်ပေးပါ။
  • သူတို့ကိုရွေးချယ်မှုတွေ လုပ်ခိုင်းပါ။ ကိုယ်ရွေးချယ်လိုက်တဲ့အရာရဲ့ အကျိုးအပြစ်တွေကို ကိုယ်သာခံစားရမယ်ဆိုတာကိုလည်း နားလည်နေအောင်လုပ်ပါ။
  • ကလေးကိုအရှိအတိုင်းလက်ခံပေးပါ။ သူတို့ရဲ့ ဝါသနာတွေ၊ သူငယ်ချင်းတွေ၊ မနှစ်သက်တဲ့အရာတွေကို သင့်စိတ်ကြိုက် လွှမ်းမိုးချုပ်ကိုင်ခြင်းကို ရှောင်ကြဉ်ပါ။
  • ဘယ်လိုအခြေအနေမျိုးမှာ မဆို မိဘအနေနဲ့ ကလေးကိုချစ်မြတ်နိုးနေမယ်ဆိုတာကို နားလည်နေအောင်လုပ်ပါ။ သင့်ကလေးကို ချစ်ကြောင်း နေ့တိုင်းပြောပါ။ နွေးနွေးထွေးထွေးဆက်ဆံပါ။
  • မိဘနှစ်ယောက်ကြားမှာ အပြန်အလှန်တန်ဖိုးထား နားလည်မှုနဲ့ ချစ်ခြင်းမေတ္တာတွေ ရှိနေတယ်၊ တစ်ယောက်ကိုတစ်ယောက်အလွန်အမင်း တွယ်ကပ်လွန်းတာတွေ မရှိကြောင်းကို ကလေးနားလည်နေပါစေ။ အချစ်ရေးတစ်ခုမှာ နှစ်ယောက်စလုံးရဲ့ ပျော်ရွှင်မှုကအရေးကြီးတယ်ဆိုတာကို သိအောင် သင်ကြားပြသပေးပါ။

ကလေးငယ်လေးတွေဟာ ကျွန်မတို့ပြောတာတွေထက် ကျွန်မတို့ရဲ့ အပြုအမူတွေကနေ တဆင့်သင်ယူတာက ပိုပြီးမြန်တာကြောင့် စံပြအဖြစ်နေပါ။ အိမ်ထောင်ဖက်ကို တန်ဖိုးထားလေးစားပါ။ သင့်ကလေးငယ်ကို အသည်းခွဲတတ်တဲ့ကလေးတွေဖြစ်လာအောင် ငယ်ဘဝမှာကတည်းက နှလုံးသားကို ဂရုစိုက်ပေးပါနော်။

သင့်ရဲ့ ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားပြီးချိန်အထိ ရက်တစ်ထောင်ခရီးအတွက် လိုအပ်မယ့် ဗဟုသုတလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Ceelin Plus တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်တဲ့ စာစောင်လေးကို နှစ်သက်တယ်ဆိုရင် ဝေမျှပေးလိုက်ပါဦး။