အချစ်ဆိုတဲ့ ဘဏ်တိုက်လေးမှာ…..။

blank

Relationship တိုင်းဟာ ဘဏ်အကောင့်တွေလိုပါပဲ။ ဘဏ်အကောင့်တစ်ခုမှာ ငွေပမာဏများပြားနေစေဖို့ ပိုက်ဆံတွေ ထည့်ပေးရသလို relationship တစ်ခုမှာလည်း ပျော်ရွှင်မှုတွေအတိဖြစ်နေစေဖို့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်နေထိုင်ခြင်း၊ တီတီတာတာစကားလေးတွေပြောခြင်း၊ တစ်ယောက်စကားပြောနေစဉ်မှာ တစ်ယောက်က အာရုံစိုက်နားထောင်ပေးခြင်း၊ နှစ်ယောက်အတူရှိချိန်တွေကို အကျိုးရှိစွာ ကုန်ဆုံးခြင်း၊ ဝါသနာပါတဲ့အရာလေးတွေကို နှစ်ယောက်အတူလုပ်ဆောင်ခြင်းအစရှိတဲ့ နားလည်မှုလေးတွေကို ပုံမှန်အပ်နှံသွားဖို့ လိုအပ်ပါတယ်။

မောက်မာထောင်လွှားခြင်း၊ ရန်လိုခြင်း၊ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခြင်း၊ ဒါမှမဟုတ် အဆက်အသွယ်ပုံမှန်မလုပ်ခြင်း စတာတွေကတော့ relationship ဆိုတဲ့ ဘဏ်အကောင့်ထဲကနေ ပျော်ရွှင်မှုတွေထုတ်ယူနေတာပါပဲ။ များများလုပ်လေလေ အချစ်ဘဏ်လေးထဲက ပျော်ရွှင်မှုတွေကုန်သွားလေလေပါပဲ။

Relationship တစ်ခုဟာ ပိုက်ဆံတွေ ပြည့်နှက်နေတဲ့ဘဏ်အကောင့်တစ်ခုဖြစ်နိုင်သလို ဒေဝါလီခံရခါနားနီးနီးအကောင့်လည်းဖြစ်နိုင်ပါတယ်။ ပိုက်ဆံများများရှိနေတယ်ဆိုတာကတော့ ပျော်ရွှင်မှုတွေ များပြားနေတာကိုဆိုလိုပြီး ပမာဏနည်းလေလေ relationship ရဲ့ ပျော်ရွှင်မှုနည်းပါးလေလေပါ။ တကယ်လို့သာ နှစ်ယောက်လုံးက ထုတ်ပဲ ထုတ်နေမယ်ဆိုရင်တော့ relationship တစ်ခုဟာ အနှေးနဲ့ အမြန် ဒေဝါလီ ခံသွားရမှာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တစ်ယောက်အပေါ် တစ်ယောက်လိမ်လည် လှည့်ဖြားနေမယ်၊ သစ္စာမရှိဘူးဆိုရင်တော့ ဒီဘဏ်အကောင့်ဟာ အစက အပြည့်ရှိနေခဲ့တယ်ဆိုရင်တောင်မှ မျက်လှည့်ပြလိုက်သလို မျက်စိတစ်မှိတ်အတွင်း ချက်ချင်းကို ကုန်သွားတော့မှာပါ။

ပုံမှန်လေးသာ တစ်ယောက်နဲ့ တစ်ယောက် အလေးထားပြီး ဂရုတစိုက်ဆက်ဆံသွားမယ်ဆိုရင် သင်တို့နှစ်ယောက်ရဲ့ အချစ်ဘဏ်တိုက်လေးဟာလည်း ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေမှာပါ။ အချစ်ဘဏ်တိုက်လေးကနေ ပျော်ရွှင်မှုတွေကို စတင်ထုတ်ယူတဲ့အချိန်ရောက်ပြီဆိုရင်တော့ ဒီအချစ်ရေးဟာလည်း တဖြည်းဖြည်းပျောက်ကွယ်သွားမှာပါပဲ။

အချစ်ဘဏ်အကောင့်လေးဟာလည်း ပိုက်ဆံအကောင့်လိုပါပဲ။ သုံးစွဲရလွယ်ကူပေမယ့် စုဆောင်းဖို့တော့ ခက်ခဲပါတယ်။ အဆုံးသတ်တစ်နေ့ရောက်တဲ့အခါ အချစ်ရေးတွေ ကွာခြားသွားတယ်ဆိုတာ ချစ်သူနှစ်ဦး ဘယ်အရာတွေစုဆောင်းခဲ့လဲ၊ ဘာတွေထုတ်ယူနေခဲ့မိလဲဆိုတာတွေအပေါ်မှာ မူတည်တာပါ။

နှစ်ကိုယ်တူစုတဲ့ ဘဏ်အကောင့်တွေမှာ အရေးအကြီးဆုံး စည်းမျဉ်းဟာ တစ်ခုတည်းပဲရှိပါတယ်။ ဒါကတော့ ရင်းနှီးမြှုပ်နှံမှုအချိုးကတော့ ၁း ၁ ဖြစ်ဖို့ပါပဲ။ ညီမျှမှုသာ မရှိဘူးဆိုရင် အလှပဆုံး၊ အလိုက်ဖက်ဆုံး၊ နားလည်မှုအရှိဆုံးလို့ သင် သတ်မှတ်ထားခဲ့တဲ့ relationship တွေတောင် ပျက်စီးသွားနိုင်ပါတယ်။

စာချစ်သူတို့ကော အချစ်ဘဏ်တိုက်လေးမှာ နားလည်မှုလေးတွေ ပုံမှန်အပ်နှံဖြစ်ရဲ့လား…