အချိုးပြောင်းသွားတဲ့ချစ်သူနဲ့ ဘယ်လိုညှိနှိုင်းယူမလဲ

မိုးအေးအေးနဲ့ သာယာတဲ့ရာသီဥတုအခြေအနေလေးအောက်မှာ မောင်နဲ့ကျွန်မဟာ သိပ်ချစ်ကြတဲ့ချစ်သူတွေ ဖြစ်လာကြတယ်။ ချစ်စကြင်နာစဆိုတော့ မောင်က ကျွန်မကို အလိုလိုက်ဂရုစိုက်လိုက်တာ ပြောမနေပါနဲ့တော့။ ဒါကြောင့် ကျွန်မဟာ မောင့်အပေါ် သံသယကင်းကင်းနဲ့ အပြစ်မမြင်ရက်အောင် ချစ်ခဲ့ပါတယ်။ အချစ်မှာ ပျော်ရွှင်ချိန်တွေဟာ ကြာရှည်မခံဘူးဆိုတာ ကျွန်မတို့အချစ်ရေးမှာ အမှန်တွေဖြစ်လာပါတော့တယ်။

ချစ်သူသက်တမ်း ၁ နှစ်ပြည့်ခါနီးလောက်မှာ မောင့်အချိုးတွေ စပြောင်းလာတယ်။ ကျွန်မနေမကောင်းလို့ မောင့်ကိုပြောတဲ့အခါ “ဆေးသောက်လေ”ဆိုတဲ့စကားတစ်ခွန်းနဲ့ပဲ တုံးတိတိအဆုံးသတ်တယ်။ အရင်လို “ချစ်၊ နေမကောင်းဘူးလား။ ဆေးခန်းသွားပြမယ်လေ။ ဘာစားချင်လဲ။ မောင် ဘာဝယ်ပေးရမလဲ” ဆိုပြီး ကျွန်မကို စကားပြန်ပြောခွင့်မပေးဘဲ သူပဲဆက်တိုက်မေးသွားတတ်တဲ့မောင်ဟာ ပြောင်းလဲသွားခဲ့ပြီ။ ဆေးလေးဝယ်ပြီး လာပို့ပေးဖို့ ကျွန်မဘက်က တောင်းဆိုတာတောင် “မောင် အခုမအားသေးဘူး။ ဂိမ်းက ပစ်ထားလိုက်လို့မရသေးလို့။ ခဏနေမှ လာပို့ပေးမယ်”တဲ့။ မောင့်ရဲ့ “ခဏနေမှ”ဆိုတဲ့ စကားကို ကျွန်မ သိပ်စိတ်တိုမိတယ်။ အဲ့ဒီစကားဟာ ကျွန်မနောက်တစ်ခေါက် သတိပြန်မပေးမချင်း မောင်ဟာ ဘယ်တော့မှသတိမရတော့ဘူး။

မောင်နဲ့တွဲလာတာ ၁ နှစ်တောင်ပြည့်တော့မှာဆိုတော့ ကျွန်မ မောင့်အကြောင်းကို အကုန်မသိရင်တောင် ကျွန်မနဲ့ပတ်သတ်တဲ့ မောင့်အမူအကျင့်တွေကိုတော့ အလွတ်ရနေပြီ။ ကျွန်မကို တွေ့ဖို့ ကျွန်မဆီလာတဲ့ရက်တွေဟာ ကျဲပါးသွားခဲ့ပြီ။ အရင်ကဆို ကျွန်မကတောင် ခဏခဏမလာဖို့ တားယူရတဲ့မောင်ဟာ အခုတော့ လာတွေ့ဖို့ ကျွန်မဘက်က ဖုန်းဆက်ခေါ်နေရပြီ။ ခေါ်လိုက်တိုင်းလည်း “မောင့်ငယ်သူချင်းတွေ ရောက်နေလို့။”၊ “မောင့်ညီမလေးကို ရှော့ပင်လိုက်ပို့ပေးရမှာ” စတဲ့အကြောင်းပြချက်အစုံပေးလာတယ်။ ကျွန်မကို ပစ်ထားကြောင်းပြောမိရင်လည်း သူ့ကို နားလည်မပေးနိုင်ဘူးလားဆိုတဲ့စကားနဲ့ ချုပ်တယ်။ သူ့ဘက်ကပဲ ပျော်ရွှင်ချိန်တွေဖြစ်အောင် အမြဲဖန်တီးပေးတတ်တဲ့မောင်ဟာ အခုတော့ ကျွန်မက တောင်းဆိုနေတာတောင် မသိကျိုးနွံပြုလာခဲ့ပြီ။ သူငယ်ချင်းအပေါင်းအသင်းနည်းတဲ့ကျွန်မဟာ ချစ်သူရှိရက်နဲ့ အထီးကျန်နေခဲ့ရတယ်။

ကျွန်မဘက်က တောင်းဆိုမှုတွေများလာတဲ့အထိ မောင် ဘာကြောင့်အချိုးတွေပြောင်းသွားလဲဆိုတာ ကျွန်မသိချင်လာတယ်။ မောင့်ညီမ၊ ကျွန်မနဲ့သိတဲ့မောင့်သူငယ်ချင်းတွေနဲ့ ကျွန်မရောခဲ့တယ်။ မောင့်သူငယ်ချင်းတွေက ပြောမှသိရတဲ့ မောင့်အကြောင်းကြားရတာ ကျွန်မဝမ်းနည်းမဆုံးပါဘူး။ သူတို့တွေ့တဲ့အခါ မောင်က မိန်းကလေးသူငယ်ချင်းတွေ ခေါ်လာတတ်တယ်တဲ့။ နင်မသိဘူးလားလို့ မောင့်သူငယ်ချင်းတွေ ပြန်မေးကြရင် ကျွန်မ တွေဝေနေခဲ့လို့ ဘာပြန်ပြောရမှန်းတောင် မသိခဲ့ဘူး။ ကျွန်မလည်း သိချင်တာကို မြိုသိပ်မထားနိုင်တော့ဘဲ ကျွန်မထက်အရေးကြီးနေတဲ့ မောင့်မိန်းကလေးသူငယ်ချင်းတွေအကြောင်း မောင့်ကို စမေးတော့တယ်။ “သူတို့အခက်အခဲဖြစ်နေချိန် မောင့်ကိုအကူအညီတောင်းနေလို့ မောင်က အားနာလို့ကူညီပေးလိုက်တာ”တဲ့။ “နင်က ငါ့အတွက် မဟုတ်ဘဲ တခြားကောင်မလေးတွေအတွက်ပဲ super hero လား”လို့ ကျွန်မလည်း ပြန်ပြောလိုက်တယ်။ မောင်နဲ့ကျွန်မ တွေ့တဲ့ရက်တွေဟာ ကြာလေကြာလေ ရန်ဖြစ်ရတဲ့ရက်တွေပဲ များလာတယ်။

ကျွန်မအပေါ် အပြစ်လုပ်ထားသူ မောင်ဟာ အများအမြင်မှာ အေးဆေးသမား၊ ကျွန်မကတော့ စွာကျယ်မ ဖြစ်ခဲ့ရတယ်။ မောင့်မိန်းကလေးသူငယ်ချင်းတွေနဲ့ အဆက်မပြတ်သေးသမျှ မောင့်ကို အရွဲ့တိုက်ဖို့ ကျွန်မဆုံးဖြတ်မိတယ်။ ကျွန်မနဲ့သိပ်မရင်းနှီးတဲ့ယောက်ျားလေးသူငယ်ချင်းတွေနဲ့ လိုင်းပေါ်မှာ ဖော်ဖော်ရွေရွေ စကားပြန်ပြောတယ်။ ဖုန်းနံပါတ်တွေ ပေးပစ်တယ်။ မောင်နဲ့တွေ့နေချိန်မှာ သူတို့ဖုန်းဝင်လာရင် “မှတ်ပြီလား။ နင်လုပ်သလို ငါလည်းလုပ်တယ်” ဆိုတဲ့ မျက်နှာပေးနဲ့ စကားပြန်ပြောတယ်။ မောင် သဝန်တိုတာကြည့်ပြီး  ကျွန်မစိတ်ထဲ ကြိတ်ဝမ်းသာနေခဲ့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နောက်တော့ ကျွန်မယောက်ျားလေးသူငယ်ချင်းတွေနဲ့ အဆက်အသွယ်လုပ်ရတာကို ငြီးငွေ့လာတယ်။ မောင်မရှိဘဲ ကျွန်မတစ်ယောက်တည်းရှိနေချိန်တွေမှာ ဖုန်းလက်ခံမပြောတော့ဘူး။ ကျွန်မ တကယ်လိုချင်တာ မောင့်ဆီက အရင်လို ဂရုစိုက်မှု၊ နွေးထွေးမှုတွေလေ။ တခြားသူဆီက လိုချင်တာမှမဟုတ်တာ။ မောင် ကျွန်မကို လာမတွေ့တဲ့ရက်တွေဆို ကျွန်မတို့အချစ်ရေး ဘယ်လိုရှေ့ဆက်ရမလဲ အသေချာစဉ်းစားတယ်။ လာမတွေ့နိုင်တဲ့မောင့်ကို မျှော်နေမယ့်အစား ကျွန်မအတွက် အကျိုးရှိမယ့်စာအုပ်လေးတွေ ရှာဖတ်တယ်။ လိုင်းပေါ်မှာလည်း အချစ်ရေးအကြံပေးတွေ အစုံရှာကြည့်တယ်။ မောင်က လိုင်းပေါ်မှာရှိရက်နဲ့ သူ့ကိုစကားလာမပြောရင် “ကြူကြူစိန်၊ မောင့်ကို စကားလာမပြောနိုင်အောင် အလုပ်ရှုပ်နေတာပေါ့” ဆိုပြီး လာခနဲ့တယ်။

ကျွန်မ မောင်နဲ့ညှိညှိနှိုင်းနှိုင်းတိုင်ပင်မှ ဖြစ်မယ်ဆိုပြီး မောင့်ကို တွေ့ဖို့ ချိန်းလိုက်တယ်။ ဒါတောင် ကိုယ်တော်ချောက “ခဏနေမှ လာမယ်” လုပ်နေလို့ ကျွန်မ ဒုတိယမ္ပိခေါ်မှ ရောက်ချလာတယ်။ ရှေ့ဆက်ဖို့ဆိုရင် မောင့်အမူအကျင့်တွေ ပြင်မှ ကျွန်မလက်ခံနိုင်တော့မယ့်အကြောင်းပြောတယ်။ မောင်မကြိုက်တဲ့ကျွန်မလုပ်ရပ်တွေဟာ မောင် ကျွန်မကိုပြန်ဂရုစိုက်ဖို့ ဖန်တီးထားတာဖြစ်ကြောင်း သေချာရှင်းပြတယ်။ မောင်လည်း လက်ခံပါတယ်။ ဒါပေမဲ့ သူတဖြည်းဖြည်းချင်းပြောင်းလဲပါ့မယ်လို့ပဲ ကတိပေးတယ်။ ချက်ချင်းမပြောင်းလဲနိုင်တာ ဘာကြောင့်လဲလို့ ကျွန်မမေးတော့ အားလုံးချက်ချင်းရပ်လိုက်ရင် social ပြတ်ကုန်မှာစိုးလို့တဲ့။

ကတိပေးပြီး ၂ လအတွင်းမှာ မောင်ဟာ အရင်ကထက်ကို ပိုပြောင်းလဲလာခဲ့တယ်။ နံနက်စောစော အိပ်ရာထဖို့ နှိုးပေးတာကာအစ ဂရုစိုက်မှုလေးတွေ ပိုလာတယ်။ မောင် ပြောင်းလဲလာလို့ ဝမ်းသာကြောင်း ကျွန်မပြောတော့ “Social ကိစ္စအသေးအမွှားလေးတွေ ပြတ်တောက်သွားမှာထက် ချစ်နဲ့အဆက်ပြတ်သွားမှာကို မောင်ပိုကြောက်လို့”ပါတဲ့။ အချစ်ရေးမှာ ပြဿနာလေးတွေ ကြုံလာတဲ့အခါ တစ်ယောက်ကိုတစ်ယောက် အရွဲ့တိုက်နေမယ့်အစား ထိပ်တိုက်ဖြေရှင်းပြီး ညှိနှိုင်းမှုယူလိုက်တာက ကျွန်မတို့ relationship မှာ ပိုပြီးအဆင်ပြေသွားခဲ့ပါတယ်။

သင်ကော relationship ပြဿနာလေးတွေကို ဘယ်လိုဖြေရှင်းတတ်လဲ။