အင်အားနည်းတာနဲ့ပဲ အနိုင်ကျင့်ခံရမှုတိုင်းကို ငြိမ်ခံနေသင့်သလား။

blank

ကျွန်မအမျိုးသားကော ကျွန်မပါ လယ်ယာစိုက်ပျိုးပြီး အသက်မွေးကြပါတယ်။ ကျွန်မမှာ သမီးလေးတစ်ယောက်ရှိပါတယ်။ သမီးလေးဟာ အသက် (၁ဝ) နှစ်ရှိပြီဆိုပေမယ့် သူ့အရွယ်အခြား ကလေးတွေထက် ဖွံ့ဖြိုးမှု နှေးကွေးပါတယ်။

သမီးလေးကို ကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာ ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ရတာတွေ၊ အာဟာရပြည့်ဝအောင် မစားခဲ့ရတာတွေရဲ့ ရလဒ်တစ်ခုပေါ့။ ကံအတိုင်းပေါ့လေ။ သမီးလေးအဲ့ဒီလိုဖြစ်နေလို့လည်း ဝမ်းနည်းမနေအားပါဘူး။ ဘဝကို အဆင်ပြေသလို ဖြတ်သန်းရင်း စားဝတ်နေရေးအတွက် လုံးပန်းနေရတာပေါ့။

ကျွန်မတို့ရဲ့ ရပ်မိရပ်ဖဖြစ်တဲ့ ဦးသိန်းက သမီးလေးကို ချစ်ရှာပါတယ်။ သားသုံးယောက်ရှိပေမယ့် ကိုယ့်အိမ်ထောင်နဲ့ကိုယ်ဆိုတော့ ဦးသိန်းက အထီးကျန်နေရှာတာလည်း ပါမှာပေါ့လေ။ သမီးလိုပဲ အခြားကလေးတွေကို သူ့အိမ်မှာ မုန့်တွေကျွေး၊ ထမင်းကျွေးနဲ့ ပျော်နေတတ်သူပေါ့။ ဦးသိန်းအိမ်မှာရှိတဲ့ တီဗွီအကြီးကြီးဟာ ကလေးတွေရဲ့ သည်းခြေကြိုက်ပေါ့။ ဦးသိန်းကလည်း ကလေးတွေကြိုက်တဲ့ ကာတွန်းကားကို အချိန်ပြည့်ဖွင့်ထားပေးတတ်တာပေါ့။ ကျွန်မလို မိဘတွေအတွက် ဦးသိန်းက ကယ်တင်ရှင်ကြီးပေါ့လေ။ ကျွန်မသမီးနဲ့ရွယ်တူကလေးတွေကတော့ လယ်ထဲမှာ တတ်သလောက် ကူညီပေးတတ်နေပါပြီ။ သမီးကသာ ကျန်းမာရေးမကောင်းလို့ ကျွန်မက ဦးသိန်းဆီ ပို့ထားရတာ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဦးသိန်းက ကျွန်မသမီးလေးကို အခြားကလေးတွေထက် ပိုပြီး အရေးပေး၊ တွယ်တာလွန်းပါတယ်။ သမီးလေးက သေးသေးညှက်ညှက်လေးမို့ အသနားပိုတာလည်း ပါမှာပေါ့။ တစ်ခါတလေ အိမ်ထိတောင် လာခေါ်၊ သမီးလေးအတွက် အဝတ်အစားတွေမုန့်တွေလည်း ဝယ်ပေးနဲ့။ “ငါ့မြေး.. ငါ့မြေး” နဲ့ ပါးစပ်ဖျားကကို မချနိုင်ဘူး။ ဘယ်အချိန်သွားကြည့်ကြည့် သမီးလေးကို ချီထားတတ်တာပဲ။ ဦးသိန်းက သံယောဇဉ်ကြီးသလောက် သမီးကတော့ ဦးသိန်းခေါ်ရင် တွန့်ဆုတ်တွန့်ဆုတ်နဲ့ ဘာဖြစ်လဲမသိပါဘူး။ ဒါပေမဲ့ သမီးကအရင်ကတည်းက တစ်မျိုးဆိုတော့ ကျွန်မလည်းတောင်တောင်အီအီ မစဉ်းစားနိုင်ပါဘူး။

တစ်နေ့မှာတော့ ကျွန်မသိပ်နေမကောင်းလို့ ယာထဲကစောစောပြန်လာခဲ့တယ်။ အပြန်မှာ မုန့်ဖက်ထုပ်ရောင်းနေတဲ့ အသည်ကိုတွေ့တော့ သမီးလေးအတွက် ဝယ်လာမိတယ်။ သမီးလေးက မုန့်ဖက်ထုပ်ဆိုရင် သိပ်ကြိုက်တာလေ။ ဒီနေ့တော့ သမီးလေးနဲ့အတူတူ တီဗွီကြည့်တာပေါ့လို့ တွေးပြီး ကျွန်မခြေလှမ်းသုတ်သုတ်နဲ့ လျှောက်လာခဲ့တယ်။

ဦးသိန်းအိမ်ကိုရောက်တော့ ကာတွန်းကားကို အကျယ်ကြီးဖွင့်ထားတယ်။ ဒီလိုပဲ ဝင်ထွက်သွားလာနေကျဆိုတော့ ကျွန်မလည်း စေ့ထားတဲ့ဝင်းတံခါးကို တွန်းပြီးဝင်လာခဲ့တယ်။ ဧည့်ခန်းထဲကိုရောက်တော့ ကလေးအများကြီး တီဗွီကြည့်နေတာကိုတွေ့တယ်။ ကျွန်မသမီးလေးနဲ့ ဦးသိန်းကလွဲလို့ပေါ့။ ကျွန်မက ကလေးတစ်ယောက်ကို “ဦးသိန်းနဲ့ မမဘုတ်ဘယ်မှာလဲ” လို့ မေးတော့ ကလေးက ဦးသိန်းရဲ့ အခန်းထဲကို လက်ညှိုးထိုးပြတယ်။ စိုးရိမ်စိတ်နဲ့အတူ ကျွန်မအခန်းတံခါးကို တဒုံးဒုံးထုလိုက်တော့ ဦးသိန်းက တံခါးလာဖွင့်တယ်။ “သမီးလာပြီလား… မြေးလေးက ဒီနေ့သိပ်နေမကောင်းဘူးထင်တယ်။ အိပ်ချိန်ကို မအိပ်ချင်ဘူးလို့ပြောပြီး ဂျီကျနေတာလေ” လို့ပြောတယ်။ သမီးမျက်နှာကြည့်ရတာတော့ မအိပ်ချင်လို့ ဂျီကျနေတာနဲ့မတူဘဲ ကြောက်မက်စရာတစ်ခုခု ကြုံလိုက်ရလို့ ထိတ်လန့်နေတဲ့ ပုံပဲ။

ကျွန်မသမီးလေးကို အိမ်ခေါ်လာလိုက်တယ်။ အိမ်ရောက်တော့ “ဘဘသိန်းက သမီးကို တကယ်ပဲ သိပ်နေတာလား” လို့ မေးလိုက်တယ်။ သမီးက “မဟုတ်ဘူးမေမေ.. ဘဘက သမီးကို ဟိုကိုင်ဒီကိုင်တွေလုပ်တယ်။ သမီးအရမ်းစိတ်ညစ်တာပဲ။ သူအဲ့ဒီလို ကိုင်တာတွေကို မေမေ့ကိုပြောပြရင် မေမေငိုလိမ့်မယ်တဲ့။ မေမေစိတ်ဆင်းရဲမှာတဲ့။ အလုပ်လည်းလုပ်လို့ရတော့မှာ မဟုတ်ဘူးတဲ့။ မေမေအလုပ်မလုပ်လို့ ပိုက်ဆံမရရင် မေမေကော၊ ဖေဖေပါ သေသွားမှာတဲ့” လို့ပြောရင်း ငိုတယ်။

ကျွန်မသမီးလေးနဲ့အတူတူ ရောငိုမိတယ်။ သမီးလေးကို ရင်အုပ်မကွာ စောင့်ရှောက်မှုမပေးနိုင်ခဲ့တဲ့အတွက် သမီးရင်ထဲမှာ ဒဏ်ရာတွေဘယ်လောက်တောင် ရနေပြီလဲ။ လိုအပ်ချက်တွေများနေတဲ့ ကျွန်မတို့ရဲ့ အခြေအနေတွေကို အသုံးချပြီး အမြတ်ထုတ်နေတဲ့ လိင်မုဆိုးတွေ ဘယ်လောက်ရှိနေပြီလဲ။ အဲ့ဒါနဲ့ပတ်သက်ပြီး ကျွန်မဘယ်လိုတွေဆက်လုပ်သင့်လဲ။ ကျွန်မဒီအဖြစ်အပျက်ကို အားလုံးသိအောင်ပြောပြလိုက်ရင် သမီးလေးဟာ ဒီပတ်ဝန်းကျင်မှာ ဘယ်လိုမျက်နှာနဲ့ ရှေ့ဆက်မလဲ။ သမီးလေးကို သားမှတ်မှတ်မယားမှတ်မှတ် ပေါင်းဖက်မယ့်သူကော ရှိလာပါ့မလား။ ကျွန်မရေငုံနှုတ်ပိတ်နေရင်ကော သမီးအတွက်ကောင်းလာမှာလား။ ဦးသိန်းလို လူတွေကကော ငြိမ်သွားမှာလား။ ပိုဆိုးလာမှာလား။

ကျွန်မဦးသိန်းကို ရပ်မိရပ်ဖတွေသိအောင် တိုင်တန်းပြီးတော့ အရေးယူမှုတွေလည်း ဆက်လုပ်ခဲ့တယ်။ ငွေကြေးချို့တဲ့ပြီး အင်အားနည်းတဲ့ကျွန်မတို့အတွက် အရမ်းခက်ခဲတဲ့ကိစ္စပဲပေါ့။
ဒါပေမဲ့ ကလေးတွေကို ရာဂအတွက် အသုံးချတဲ့ ဦးသိန်းလိုလူမျိုးတွေကို တိုက်ခိုက်ဆန့်ကျင်ဖို့အတွက် ကောက်ရိုးတစ်မျှင်စာ ကြိုးစားနိုင်တယ်ဆိုရင်ပဲ ကျွန်မသမီးလေးအပေါ် တာဝန်မကျေနိုင်ခဲ့တာတွေအတွက် ကျွန်မကိုယ်ကျွန်မခွင့်လွှတ်နိုင်မှာပါ။

ကလေးတိုင်း လုံခြုံဘေးကင်းတဲ့ ကလေးဘဝကို ရရှိကြပါစေ။