ချစ်သူသက်တမ်းလေးတစ်ခုတည်းကြောင့် အဆင်မပြေတဲ့ အချစ်ရေးမှာ ဆက်မျှောနေမယ်ဆိုရင်…

blank

ကျွန်မနဲ့သူချစ်သူဖြစ်ခဲ့တာက လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကပါ။ “ချစ်တဲ့သူနဲ့  လက်ထပ်တဲ့သူက တစ်ယောက်တည်းဖြစ်ရမယ်” လို့ ခံယူခဲ့တဲ့ကျွန်မ။ ချစ်သူတစ်ယောက်တည်းကိုပဲ ရိုးမြေကျပေါင်းဖက်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ကျွန်မ၊ သူ့တစ်ယောက်တည်းကိုပဲ ချစ်သွားဖို့ စဉ်းစားထားခဲ့တယ်။ ကျောင်းမှာ၊ ပတ်ဝန်းကျင်မှာလည်း သူနဲ့ပဲ တွဲသွားတွဲလာလုပ်ပြီး မိဘတွေကိုလည်း သူနဲ့လက်ထပ်မယ့်အကြောင်း ဖွင့်ပြောပြပြီးပြီ။ နှစ်ဖက်အသိုင်းအဝိုင်းမှာလည်း ဝင်ထွက်သွားလာနေပြီဆိုတော့  ကျွန်မဟာတစ်နေ့မှာ သူရဲ့ဇနီးဖြစ်လာမယ်လို့ စိတ်နှလုံးထဲမှာ ခံယူထားပါတယ်။

အပေါ်ယံကြည့်လိုက်ရင် အဆင်ပြေနေတယ်လို့ ထင်နေရတဲ့ အချစ်ရေးမှာ ကျွန်မတကယ်ပျော်မနေခဲ့ပါဘူး။ သူနဲ့ချစ်သူဖြစ်ပြီး (၆) လကျော်လောက်ကတည်းက တစ်ပတ်မှာ (၆) ရက်လောက်က စိတ်ဆင်းရဲနေခဲ့ရတယ်။ သူ့ရဲ့ လိုင်းပေါ်ကဇာတ်လမ်းတွေ၊ ကျွန်မအပေါ်မှာ နိုင့်ထက်စီးနင်းပြုမှုတွေက ကျွန်မကိုအချိန်တိုင်းနှိပ်စက်နေခဲ့တယ်။ အဆိုးဆုံးကတာ့ ကျွန်မရဲ့ အရည်အချင်းတွေကို အသိအမှတ်မပြုဘဲ နှိမ်ချချင်တာပါပဲ။ သူပြောတာတွေကို နားထောင်ရင်း ကျွန်မရဲ့အရည်အချင်းတွေကိုလည်း ကျွန်မသံသယဖြစ်လာတဲ့အထိပါပဲ။ သူ့ရဲ့ဇာတ်လမ်းတွေအကြောင်း ကျွန်မပြောတိုင်း “အချိန်တန်ရင် လက်ထပ်မယ့်သူက ကျွန်မ” ဆိုတဲ့ စကားလေးနဲ့ပဲ အဆုံးသတ်တတ်ပါတယ်။ သူက ဇာတ်လမ်းတွေရှုပ်နေတတ်သလို ကျွန်မကိုလည်း မယုံသင်္ကာနဲ့အမြဲဖြစ်နေတတ်တယ်။ ယောက်ျားလေးသူငယ်ချင်းတွေနဲ့ စကားပြောတိုင်း၊ ပြဿနာအရှာခံရတယ်။ အဆင်မပြေလို့ လမ်းခွဲမယ်လို့ပြောလိုက်တိုင်း သူက “ နောက်မလုပ်တော့ပါဘူး။ ပြင်ပါတော့မယ်” ဆိုတဲ့ စကားနဲ့ ကျွန်မကို လာချည်နှောင်ပြန်ပါတယ်။ ဒီလိုနဲ့ပဲ ရန်ဖြစ်လိုက်ပြန်အဆင်ပြေလိုက်ဖြစ်နေခဲ့တယ်။

ကျွန်မကျောင်းပြီးသွားတော့ ကျွန်မဝါသနာပါတဲ့ အလုပ်ကိုလုပ်ဖို့ သူ့ကိုတိုင်ပင်တယ်။ သူက “ အချိန်တန်ရင် အိမ်ရှင်မပဲ လုပ်ရမှာကို” လို့ပြောပြီး အလုပ်မလုပ်ဖို့တားပါတယ်။ သူ့ရဲ့အကြောင်းပြချက်က “ယောက်ျားတွေ တရုန်းရုန်းနဲ့ ရုံးထဲမှာကွာ” တဲ့။ ကျွန်မလေ အဲ့ဒီအဖြစ်အပျက်ဖြစ်သွားပြီးတဲ့နောက်ပိုင်း သူ့ကိုရှောင်နေမိတယ်။ ပြီးတော့ ကျွန်မတို့နှစ်ယောက်အကြောင်း သေချာသုံးသပ်နေမိတယ်။ ဒီလိုမျိုးသာ ရှေ့ဆက်သွားမယ်ဆိုရင် ကျွန်မစိတ်ဆင်းရဲနေရဖို့ပဲ သေချာတော့တယ်။ ဒါပေမဲ့ သူနဲ့ကျွန်မရဲ့အကြောင်းကို အားလုံးကသိထားကြပြီဆိုတော့ ကျွန်မသူ့ကိုလက်မထပ်ခဲ့ရင် ပတ်ဝန်းကျင်က ကျွန်မကို ဘယ်လိုမြင်ကြမလဲ။ တစ်ယောက်တည်းကိုပဲ ချစ်ပြီး တစ်ယောက်တည်းကိုပဲ လက်ထပ်မယ်လို့ ပိုင်းဖြတ်ထားတဲ့ ခံယူချက်တွေကိုကော ဘယ်လိုလုပ်ရမလဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မတို့မိန်းကလေးအများစုဟာ အချစ်ရေးတစ်ခု ဘယ်လောက်ပဲအဆင်မပြေဖြစ်နေပါစေ ရုန်းထွက်ဖို့ ခက်ခဲနေတတ်ကြတယ်။ “ပတ်ဝန်းကျင်က ဘယ်လိုပြောကြမလဲ” ဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုယ်ကိုယ် လှောင်ပိတ်ထားတတ်ကြတယ်။ တွဲခဲ့တဲ့ နှစ်တွေကို ပြန်ပြန်ကြည့်ရင်း ရှေ့ဆက်မယ့်ဘဝခရီးကို အကျဉ်းချထားတတ်ကြတယ်။ အဲ့ဒီလိုအချစ်ရေးတစ်ခုကို ဇွတ်မှိတ်တည်ဆောက်နေလို့ကော ဘဝမှာပျော်ရွှင်လာမှာလား။ လက်မထပ်ခင်မှာ သစ္စာမထိန်းတဲ့သူက လက်ထပ်ပြီးရင် တကယ်ခြေငြိမ်သွားမှာလား။ လက်မထပ်ခင်မှာ စိတ်ဆင်းရဲနေစေတဲ့ ချစ်သူဟာ ပျော်ရွှင်မှုကိုသယ်ဆောင်လာတဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်လာနိုင်မှာလား။ တစ်ပတ်မှာ တစ်ရက်လောက်သာ ရတဲ့ ပျော်ရွှင်မှုကိုငဲ့ပြီး ကျန်တဲ့ရက်မှာ နာကျင်မှုတွေကို မြိန်မြိန်ယှက်ယှက်စားသုံးနေတော့မှာလား။ ကျွန်မရဲ့အရည်အချင်းတွေကို ပြက်ရယ်ပြုတဲ့သူဆီမှာ ကျွန်မရဲ့ဘဝကို ပုံအပ်ထိုက်ရဲ့လား။ ကျွန်မကိုယ်ကျွန်မသေသေချာချာမေးကြည့်မိတယ်။

ကျွန်မနေရာမှာ ကျွန်မသိပ်ချစ်ရတဲ့ ညီမလေးတစ်ယောက်၊ သိပ်တွယ်တာရတဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်နေမယ်ဆိုရင် အဲ့ဒီလိုလူနဲ့လက်ထပ်ဖို့ ကျွန်မသဘောတူမှာလား လို့စဉ်းစားမိတယ်။

နောက်နေ့မှာ ကျွန်မသူ့ကို မျက်နှာချင်းဆိုင်ပြီးတော့ “ ကျွန်မရဲ့ ဘဝကို ကျွန်မနည်း ကျွန်မဟန်နဲ့ လျှောက်လှမ်းခွင့်ပေးပါ” လို့ ပြောလိုက်တယ်။ သူက “ညှိရအောင်လေ” တဲ့။ ကျွန်မသူ့ရဲ့စကားတွေကို နားမထောင်တော့ဘဲ သူနဲ့ဆန့်ကျင်ဖက်အရပ်ကို ပေါ့ပေါ့ပါးပါးနဲ့ လျှောက်လှမ်းလာမိတော့တယ်။

ကျွန်မရဲ့လျှောက်လှမ်းလာခဲ့တဲ့အရပ်မှာ ပျော်ရွှင်မှုတွေရှိနေမယ်လို့ သင်ထင်လားဟင်။