မဗိုက်လေးတွေအနေနဲ့ သူငယ်ချင်းတွေအတွက် ဘာကြောင့်အချိန်ပေးသင့်တာလဲ။

blank

ဂန္ထဝင်စာချစ်သူမဗိုက်လေးတို့ရေ…။

မကြာခင်မှာမိခင်တစ်ယောက်ဖြစ်တော့မယ့် သင့်အတွက် ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းသလို၊ ခန္ဓာကိုယ်အပြောင်းအလဲတွေ၊ ဟော်မုန်းအပြောင်းအလဲတွေနဲ့ စိတ်ဖိစီးမှုတွေလည်း ရှိနေပါတယ်။ တချို့ကိုယ်ဝန်ဆောင်မိခင်တွေဟာ မွေးဖွားလာမယ့် ရင်သွေးလေးအတွက် ပြင်ဆင်ရင်း လူမှုရေးတွေ၊ ပေါင်းသင်းဆက်ဆံရေးတွေအားလုံးကို မျက်ကွယ်ပြုလိုက်ပါတော့တယ်။ တကယ်ကော လူမှုရေးဘဝတွေအားလုံးကို မျက်ကွယ်ပြုလိုက်တာက မိခင်လောင်းတွေအတွက် ကောင်းတာလား။

တကယ်တော့ သူငယ်ချင်းတွေနဲ့ မုန့်အတူတူစားတာပဲ ဖြစ်ဖြစ်၊ ခင်ပွန်းဖြစ်သူနဲ့အတူတူ အပြင်ထွက်တာပဲဖြစ်ဖြစ် လူမှုဘဝနဲ့ ထိတွေ့ခြင်းဟာ မိခင်လောင်းအတွက် ကောင်းကျိုးတွေရှိနေပါတယ်။ လူထူထပ်လွန်းတဲ့နေရာတွေ၊ ဖုန်တွေ၊ ရောဂါပိုးတွေ ပျံ့နှံ့နိုင်ချေများတဲ့ နေရာတွေသွားတာကိုတော့ ရှောင်ကြဉ်သင့်တာပေါ့။ သူငယ်ချင်းတွေအတွက် အချိန်ပေးတဲ့အခါမှာ…

  • စိတ်ဖိစီးမှုတွေ၊ မွန်းကြပ်မှုတွေကို လျှော့ချနိုင်မယ်။
  • ကိုယ်ဝန်ဆောင်ကာလအတွက် အသုံးဝင်တဲ့ အကြံဉာဏ်တွေ ရနိုင်မယ်။ လတ်တလောမှာဖြစ်ပျက်နေတဲ့ သတင်းအချက်အလက်တွေကို သိနိုင်မယ်။
  • သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောရင်း လွတ်လပ်ပေါ့ပါးတဲ့ အချိန်တွေရနိုင်မယ်။
  • ကိုယ့်ကိုယ်ကိုယ်ပိုပြီး သုံးသပ်လာနိုင်မယ်။
  • ကိုယ်ခံစားနေရတာတွေကို နားလည်ပေးနိုင်တဲ့ သူတွေကို ရင်ဖွင့်ခြင်းအားဖြင့် ပူပန်မှုတွေကို လျှော့ချနိုင်မယ်။
  • စိတ်ပျော်ရွှင်တဲ့အတွက် မိခင်နဲ့ကလေးရဲ့ ကျန်းမာရေးကို အထောက်အကူပြုနိုင်မယ်။

စာချစ်သူတို့ရေ…။

အမျိုးသမီးအများစုဟာ အိမ်ထောင်ကျသွားတဲ့အခါမျိုးမှာ သူငယ်ချင်းတွေ၊ လူမှုရေးတွေနဲ့ ပြတ်တောက်သွားပြီး အိမ်တွင်းပုန်းနေတတ်တာမျိုးတွေဖြစ်တတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်နဲ့ မီးဖွားပြီးစအချိန်တွေမှာပေါ့။ သူငယ်ချင်းတွေအတွက် အချိန်ပေးခြင်းဟာ သင့်ရဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့နဲ့ သင့်ရဲ့ကိုယ်ဝန်ဆောင်ကာလအတွေ့အကြုံတွေအတွက် အကောင်းဆုံးအဖော်တွေရရှိစေပါတယ်။

ဒါကြောင့် မဗိုက်လေးတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့အတွက် သူငယ်ချင်းတွေအတွက်လည်း အချိန်ပေးဖို့ အရေးကြီးပါတယ်နော်။

သင့်ရဲ့သူငယ်ချင်းတွေထဲမှာ မဗိုက်လေးတွေရှိရင်လည်း သင့်အနေနဲ့ အဖော်ပြုပေးဖို့၊ သူတို့ပြောတာလေးတွေကို နားထောင်ပေးဖို့အချိန်ပေးပါ။ သင့်ရဲ့အချိန်တစ်ချို့ဟာ မဗိုက်လေးအတွက်ကော ရင်သွေးလေးအတွက်ပါ ကောင်းကျိုးတွေများစွာရှိနေပါတယ်။ သင့်ရဲ့ ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားချိန်အထိ ရက်တစ်ထောင်ခရီးအတွက် လိုအပ်မယ့်ဗဟုသုတလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Obipluz တို့မှ ပူပေါင်းစီစဉ်တင်ဆက်ပေးထားပါတယ်ရှင်။