အိမ်ထောင်ပြုတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်အကျဉ်းချလိုက်တာလား။

ကျွန်မအိမ်ထောင်ကျတာ (၁၅) နှစ်ကျော်လောက်ရှိပါပြီ။ ကျွန်မမှာသားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်ရှိပါတယ်။ အိမ်ထောင်ကျပြီးတဲ့နောက်မှာ ကျွန်မက ခင်ပွန်းရှိတဲ့အိမ်ကိုလိုက်လာခဲ့ပါတယ်။ ကျွန်မရဲ့ ခင်ပွန်းက စီးပွားရေးတောင့်တင်းတဲ့ မိသားစုကဆင်းသက်လာတော့ သူဌေးလို့ပြောလို့ရတာပေါ့။ အဲ့ဒီသူဌေးဆိုတဲ့ ဂုဏ်ပုဒ်ကြောင့်ပဲ ကျွန်မရဲ့အလုပ်ကို စွန့်လွှတ်ခဲ့ရတယ်။ အိမ်မှာပျင်းပျင်းရှိတိုင်း မီးဖိုချောင်ဝင်တော့လည်း ကျွန်မရဲ့ယောက္ခမတွေ၊ ယောင်းမတွေက ဘာမှမလုပ်ခိုင်းခဲ့ဘူး။ အလုပ်သမားပေါင်းများစွာရှိနေတဲ့ အိမ်မှာ သားသမီးတွေကို ထိန်းရုံပါပဲ။ ကလေးတွေကျောင်းသွားတဲ့အချိန်တွေမှာဆို ကျွန်မပျင်းပျင်းနဲ့ စာဖတ်လိုက်၊ အိပ်လိုက်ပဲပေါ့။ အဲ့ဒါကြောင့်ပဲ ကျွန်မရဲ့ကိုယ်အလေးချိန်က တဖြည်းဖြည်းတိုးလာခဲ့ပါတယ်။

ကျွန်မရဲ့ခန္ဓာကိုယ်အလေးချိန်တိုးလာတာကို သတိထားမိတဲ့အချိန်မှာ ကျွန်မလေ့ကျင့်ခန်းလုပ်ဖို့၊ gym သွားဖို့ ကြိုးစားကြည့်တယ်။ ကျွန်မခင်ပွန်းက “လိုလို့လားကွာ” လို့ ပြောသလို အိမ်ကတခြားလူတွေကလည်း “ထူးထူးဆန်းဆန်းတွေမလုပ်နဲ့” လို့ပြောပါတယ်။ မနက်ခင်းဘက်မှာ ပြေးပြန်တော့လည်း “ဇာတ်လမ်းအသစ်ရှာတာလား”လို့ မကြားတကြားပြောပါတယ်။ သူတို့ပြောတဲ့စကားတွေကို မခံချင်တဲ့ကျွန်မ ဒီအတိုင်းနေလာလိုက်တာ ကျွန်မရဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်းဝိတ်တက်လာပြီး ကျွန်မစိတ်ဓာတ်တွေက ကျကျလာပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သူငယ်ချင်းတွေအပြင်သွားရင်လည်း “ကိုယ်က အိမ်ထောင်သည်ဆိုတာလည်း မမေ့နဲ့ဦး” ဆိုတဲ့ စကားနဲ့ ထိုးနှက်ပြန်၊ အမေ့အိမ်သွားပြန်တော့လည်း “အားအားယားယား” ဆိုတဲ့ စကားနဲ့ စကားနာထိုးပြန်ဆိုတော့ ကျွန်မစိတ်ဓာတ်ကျလာခဲ့တယ်။ ဖြီးဖြီးလိမ်းလိမ်းနေပြန်ရင်လည်း “ဒါက ကလေးအမေလား” လို့ပြောပြန်ပါတယ်။ ကျွန်မခင်ပွန်းကို ပြောပြရင်လည်း “အနေအထိုင်ဆင်ခြင်ပေါ့” ဆိုတဲ့ စကားနဲ့ပဲ ပြီးသွားတော့တယ်။ အဲ့ဒါနဲ့ပဲ ကျွန်မရဲ့ဘဝဟာ သူတို့အကြိုက်နေရင်း လှောင်ပိတ်လာပါတော့တယ်။

ကျွန်မရဲ့ပြဿနာက ပြဿနာလို့ပြောလို့ရအောင် သိသာထင်ရှားတာမျိုးမဟုတ်ပေမယ့် ကျွန်မရဲ့စိတ်ကိုတမြေ့မြေ့နဲ့ တိုက်စားနေပါတယ်။ ကျွန်မခင်ပွန်းက ကျွန်မအပေါ်သစ္စာမဖောက်သလို ကျွန်မကိုပြီးပြည့်စုံအောင်လည်း ထားပါတယ်။ ဒါပေမဲ့ ကျွန်မကိုယ်ကျွန်မဘာမှန်းကို မသိတော့လောက်အောင် ပျောက်ဆုံးနေရတယ်။ ကျွန်မရှူနေတဲ့ အောက်ဆီဂျင်တွေက အခြားလူတွေဆီက ချေးငှားထားသလို ခံစားနေရတယ်။ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်ရပ်တည်ချက်နဲ့ ကိုယ်ပိုင်အိပ်မက်မရှိတဲ့ ဘဝမှာ ကျွန်မအသက်ရှင်နေလျက်နဲ့ သေဆုံးနေသလို ခံစားနေရတယ်။

ကျွန်မမိဘတွေကို ရင်ဖွင့်ပြန်တော့လည်း “အိမ်ထောင်ကျပြီးသွားရင် လုပ်ချင်တိုင်းလုပ်လို့မရတော့ဘူး”တဲ့။ ကျွန်မသူငယ်ချင်းတွေကလည်း “နင့်ကိုအဲ့ဒီလောက် ပြည့်ပြည့်စုံစုံထားရက်သားနဲ့။ အသေးအဖွဲလေးကို ခံစားမနေနဲ့” တဲ့။

အိမ်ထောင်ကျပြီးတဲ့နောက်မှာ ကိုယ်ပိုင်ရပ်တည်မှုတွေမရှိတော့ဘူးလား။

အိမ်ထောင်ရှင်ဖြစ်သွားတာနဲ့ပဲ လူမှုဘဝမရှိတော့ဘူးလား။

ကလေးအမေဖြစ်သွားရင် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်လို့မရတော့ဘူးလား။

ကျွန်မအိမ်ထောင်ကျသွားတာဟာ အားလုံးရဲ့ အကြိုက်လိုက်နေဖို့၊ အိမ်သားနဲ့အဆင်ပြေအောင် အမြဲတမ်းတစ်ဖက်သတ်လိုက်ညှိနေဖို့လား။

အိမ်ထောင်ကျသွားတာဟာ မိမိကိုယ်ကို အကျဉ်းချလိုက်ခြင်းလား။