ကလေးတွေကို စည်းကမ်းလိုက်နာတတ်အောင် ဘယ်လိုသင်ပေးမလဲ။

blank

စာချစ်သူတို့ရေ….။

သားသမီးတွေကို ငယ်စဉ်ကတည်းက စည်းကမ်းရှိအောင် သင်ပေးထားဖြင်းအားဖြင့် ဘဝအတွက် အရေးပါတဲ့ ခြေလှမ်းကို စတင်ပြီးဖြစ်တယ်တဲ့။ စည်းကမ်းတွေဟာ အစပိုင်းမှာ ပျိုးထောင်ပေးရပေမယ့် နောက်ပိုင်းမှာတော့ သင့်ကလေးနဲ့သင့်အကြားမှာ အပေးအယူမျှတစေဖို့ ကူညီပေးတဲ့အရာတွေတောင် ဖြစ်နိုင်စေပါတယ်။ ဒါ့ကြောင့် စည်းကမ်းလိုက်နာတတ်တဲ့ ကလေးလေးတွေဖြစ်စေဖို့ ပျိုးထောင်ဖို့အတွက် အကြံဉာဏ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

၁။ သင့်ကလေးရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်ပေးပါ။ အဲ့ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ကလေးငယ်တွေကို အချိန်နဲ့ပတ်သက်တဲ့ စည်းမျဉ်းလေးတွေကို ငယ်စဉ်ကတည်းက တတ်မြောက်စေပါတယ်။ အစားစားချိန်စား၊ အိပ်ချိန်အိပ်နဲ့ အချိန်မှန်လုပ်ဆောင်တတ်လာပါတယ်။

၂။ စည်းမျဉ်းတစ်ခုကို သတ်မှတ်တိုင်း အကြောင်းအကျိုးနဲ့ ယှဉ်ပြီး ရှင်းပြပေးပါ။ “မေမေမကြိုက်လို့” ဆိုပြီး တစ်ဖက်ပိတ်နဲ့ ဆုံးမမယ့်အစား အကျိုးအကြောင်းညီအောင် ရှင်းပြပြီးမှ စည်းကမ်းတွေကို ချမှတ်ပါ။

၃။ သင့်ကလေးက တစ်ခုခုလုပ်ချင်တယ်လို့ ဂျီကျတဲ့အခါ အကျိုးဆက်တွေကို ပြောပြပေးပါ။ ပြီးမှ သူတို့ဘာကိုရွေးချယ်မလဲဆိုတာကို မေးပါ။ ဥပမာ- ဒီအချိန်မှာ မုန့်စားရင် ခဏနေရင် ထမင်းစားနိုင်တော့မှာ မဟုတ်ဘူး။ ထမင်းမစားရင် သားကသန်မာတဲ့ ကလေးလေးဖြစ်လာတော့မှာ မဟုတ်ဘူး။ သားက သန်မာတဲ့ကလေးလေးဖြစ်ချင်တာမဟုတ်လား။

၎။ ကလေးငယ်လေးတွေကို စည်းကမ်းတွေအများကြီးနဲ့ အကျဉ်းချထားမယ့်အစား အသက်အရွယ်အလိုက် ရှိသင့်တဲ့ စည်းကမ်းလေးတွေကို နည်းနည်းချင်းချမှတ်ပေးပါ။ သင်ကိုယ်တိုင်က အဲ့ဒီစည်းကမ်းတွေကို လိုက်နာရင်း သူတို့လေးတွေကိုလည်း အသားကျအောင် တဆင့်ချင်းပျိုးထောင်ပေးပါ။ ဥပမာ- မေမေတို့ ထမင်းစားချိန်မှာ ဖုန်းမကြည့်ဘဲနေရအောင်။

၅။ သင့်ကလေးက သတ်မှတ်စည်းကမ်းတွေကို လိုက်နာတဲ့အခါမှာ အသိအမှတ်ပြုချီးကျူးပေးပါ။ ဆုသေးသေးလေးတွေနဲ့ ချီးမြှင့်ပေးပါ။

၆။ ပြဿနာရပ်သေးသေးလေးတွေကို သူတို့နဲ့အတူ ဖြေရှင်းပါ။ သူတို့အသက်အရွယ်အလိုက် နားလည်မယ့် ကိစ္စရပ်လေးတွေနဲ့ယှဉ်ပြီး စည်းကမ်းလေးတွေကို ချမှတ်ပါ။ ဥပမာ- ကစားစရာလေးတွေကို မသိမ်းဘဲထားရင် ဘာဖြစ်သွားမယ်ထင်လဲ။ မေမေခလုတ်တိုက်လဲမယ်၊ အခြားလူတွေတက်နင်းမိပြီး ခိုက်မိနိုင်သလို အရုပ်လေးတွေလည်း ကျိုးသွားလိမ့်မယ်။

၇။ သင်ကိုယ်တိုင်က စံပြဖြစ်အောင်နေခြင်းဟာ ကလေးတွေအတွက် စည်းကမ်းတွေကို လိုက်နာစေဖို့အတွက် သင်ကိုယ်တိုင်လိုက်နာရမယ့် စည်းကမ်းပဲဖြစ်ပါတယ်။ ကလေးတွေကို လိုက်နာစေချင်တဲ့စည်းကမ်းတွေကို သင်ကိုယ်တိုင်ကလိုက်နာပါ။

ဒီအကြံဉာဏ်လေးတွေက သင့်အတွက် အသုံးဝင်တယ်လို့ထင်လား။ Comment box မှာ မျှဝေပေးပါဦး။

ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားချိန်အထိ ရက်တစ်ထောင်ခရီးအတွက် လိုအပ်မယ့်ဗဟုသုတလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Ceelin Plus တို့မှ ပူပေါင်းစီစဉ်တင်ဆက်ပေးထားပါတယ်ရှင်။

ဘေဘီလေးတွေကို ပျိုးထောင်ပေးနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဗဟုသုတရစေဖို့ ဝေမျှပေးလိုက်ပါဦး။