ဂျီကျတဲ့ကလေးလေးတွေကို ဘယ်လိုကိုင်တွယ်ထိန်းကျောင်းမလဲ။

ကလေးလေးတွေဆိုတာ အပြစ်ကင်းစင်ပြီး မိသားစုကမ္ဘာလေးကို သာယာချိုမြိန်စေတဲ့ ဆည်း လည်းလေးတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့… တစ်ခါတလေ အဲ့ဒီဆည်းလည်းလေးတွေ ဂျီကျရင်လည်း သူတို့ခံစားချက်ကို လူကြီးတွေ နားလည်သဘောပေါက်အောင် သေချာပြောမပြတတ်သေး တဲ့အရွယ် မို့ မိဘတွေမှာ ဘာလုပ်ရမှန်းမသိဖြစ်ကြရပါတယ်။ ဗိုက်ဆာလို့၊ နေထိုင်မကောင်းလို့၊ စိတ်မကြည်လင် နေလို့ဆိုတာမျိုးတွေကြောင့်မဟုတ်ဘဲ အကြောင်းမဲ့ ဂျီကျနေတာမျိုးဆိုရင်တော့ ဒါဟာမိဘတွေဆီက အာရုံစိုက်မှုကို လိုချင်နေလို့ပဲဖြစ်နိုင်ပါတယ်။ သင့်ရင်သွေးဟာ ခဏခဏဂျီကျတတ်သူဆိုရင်တော့ အောက်က နည်းလမ်းလေးတွေက သင့် ကို ကူညီပေးနိုင်မှာပါ။

၁။ ကလေးရဲ့စိတ်ပိုင်းဆိုင်ရာကျေနပ်မှုကို ဖြည့်ဆည်းပေးပါ။

တစ်ခါတလေမှာ မိဘတွေအနေနဲ့ အလုပ်တစ်ဖက်လုပ်ရင်း ကလေးကို အချိန်ပေးနေတာ လုံ လောက်ပြီထင်ကြပေမဲ့ ကလေးတွေအနေနဲ့ သူတို့ကိုပဲ သီးသန့်ဂရုစိုက်စေချင်လို့ ဂျီကျတာရှိပါတယ်။ ဒါကြောင့် ကလေးကျေနပ်အောင် အရင်ဖြည့်ဆည်းပေးပါ။ ဥပမာ- ဈေးကပြန်လာရင် ဝယ်လာတာ တွေ အရင်မသိမ်းသေးဘဲ ကလေးကို ပွေ့ဖက်ပါ။ ငါးမိနစ်လောက် အတူဆော့ပေးလိုက်ပါ။ ပြီးမှ လုပ် စရာရှိတာ ဆက်လုပ်ရင် ကလေးလည်းဂျီမကျတော့ဘဲ မိဘတွေလည်းအလုပ်ကို ဖြောင့်ဖြောင့်တန်း တန်းလုပ်နိုင်မှာပါ။

၂။ ကလေးကိုယ်တိုင်ပြန်ရုန်းထွက်သွားချိန်အထိ ပွေ့ဖက်ထားပေးပါ။

ကလေးက သူနဲ့အတူကစားပေးဖို့ ဂျီကျနေတဲ့အခါ ကလေးနဲ့တစ်ပြေးညီဖြစ်အောင် ထိုင်ပါ။ ဒါမှမဟုတ် ကလေးကို ကောက်ပွေ့ပြီး ကလေးကိုယ်တိုင် ရုန်းထွက်သွားချိန်အထိ နွေးထွေးစွာ ပွေ့ ဖက်ထားပေးပါ။ ဒါဆို ကလေးစိတ်ထဲကျေနပ်သွားမှာပါ။

၃။ ကမ္ဘာကြီးကို ကလေးရဲ့အမြင်နဲ့ကြည့်ပေးပါ။

“ မေမေ့မှာ အလုပ်တွေရှိသေးတယ်” ဆိုတဲ့ သင့်ခံစားချက်ကို ကလေးကို ပြောပြမယ့်အစား ကလေးဘယ်လိုခံစားနေရတယ်ဆိုတာ နားလည်တဲ့အကြောင်း အသိပေးပါ။ “ ကလေးက မေမေနဲ့ ကစားချင်နေပါတယ်ဆိုမှ မေမေက အလုပ်တွေရှိနေတယ်နော်။ တော်တော်ဆိုးတဲ့ မေမေ” ဆိုတာမျိုး ပြောရင် ကလေးက စိတ်ပြေသွားမှာပါ။

၎။ မိဘတွေနဲ့ပူးပေါင်းဖို့ ကလေးကို ဖိတ်ခေါ်ပါ။

မီးဖိုချောင်ထဲမှာ ခေါက်ကုလားထိုင်လေးထားပြီး ကလေးကို ဆော့ခိုင်းထားတာ၊ နည်းနည်းကြီး တဲ့ ကလေးဆိုရင် မိဘနဲ့အတူ စားပွဲမှာထိုင်တာ၊ အသီးအရွက်တွေ သင်ကူနိုင်ပါတယ်။

၅။ ကလေးကို ရွေးချယ်စရာလေးတွေပေးပါ။

“သမီးလေးက မေမေ့ကို ချက်ပြုတ်တဲ့နေရာမှာ ဝင်ကူပေးမလား။ ဒါမှမဟုတ် သမီးကစားစရာ လေးတွေကို မီးဖိုချောင်ထဲယူလာပြီး မေမေ့အနားမှာ ကစားမလား” ဆိုတာမျိုးနဲ့ ကလေးကို ရွေးချယ် စရာတွေ ပေးပါ။ ရွေးချယ်စရာတွေပေးပြီး ကလေးနဲ့ပူးပေါင်းလိုက်ခြင်းဖြင့် ကလေးလည်း ကျေနပ်ပြီး ဂျီကျတော့မှာ မဟုတ်ပါဘူး။

၆။ ကလေးဘာသာကစားနေတဲ့အခါ အသုံးဝင်မယ့်အကြံဉာဏ်လေးတွေ ပေးပါ။

ကလေးကစားနေတာကို ဦးဆောင်ပေးစရာမလိုပါဘူး။ ဒါပေမဲ့ ကလေးကစားနေတဲ့အချိန်လို အပ်တဲ့အခါ အကြံဉာဏ်ကောင်းလေးတွေ ဝင်ပေးပါ။ “သမီးဘာသာ ကစားပေးလို့ ကျေးဇူးပါ။ အခုဆို မေမေက အားလုံးအတူတူစားဖို့ အရသာရှိတာလေးတွေကိုလည်း ချက်ပြုတ်ပြီးသွားပြီ” ဆိုတဲ့ အသိ အမှတ်ပြုစကားလေးတွေ ပြောပေးပါ။ အဲ့ဒါဆို ကလေးက မိဘကို ဂျီမကျတော့ဘဲ ကိုယ့်ဘာသာ ကိုယ် အေးအေးဆေးဆေးကစားရတာ ကြိုက်သွားမှာပါ။

တချို့ကလေးတွေအနေနဲ့တော့ ကိုယ်တိုင်ကစားတတ်အောင် အလေ့အကျင့်လုပ်ပေးဖို့က ခက်ပါတယ်။ အဲ့ဒါမျိုးဆိုရင် ကလေးနဲ့အတူ အရင်ကစားပေးပြီး မီးဖိုထဲ ခဏအလုပ်ဝင်လုပ်ပါ။ ပြီးရင် ကလေးဆီပြန်လာပါ။ ကလေးနဲ့နီးတဲ့နေရာကို အသီးအရွက်တွေ သယ်သွားတာမျိုးဆို ကလေးက တောင် ဝင်ကူညီတတ်လာမှာပါ။ ဖြည်းဖြည်းချင်းအလေ့အကျင့်လုပ်သွားရတဲ့အရာတွေမို့ စိတ်ရှည်ဖို့ တော့ မမေ့ပါနဲ့နော်။

ကဲ… ဖေဖေမေမေတို့ကော ကလေးတွေဂျီကျတဲ့အခါ ဘာလေးတွေလုပ်ဖြစ်လဲ။ ပြန်မျှဝေခဲ့နော်။

ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားချိန်အထိ ရက်တစ်ထောင်ခရီးအတွက် လိုအပ်မယ့်ဗဟုသုတ လေးတွေကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Ceelin Plus  တို့မှ ပူပေါင်းစီစဉ်တင်ဆက်ထားပါတယ်ရှင်။

ဘေဘီလေးတွေကို ပျိုးထောင်ပေးနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဗဟုသုတရစေဖို့ ဝေမျှ ပေးလိုက်ပါဦး။