တစ်နယ်ခြားနေတဲ့ နှလုံးသားတစ်ဖက်ခြမ်းက ချစ်သူဖတ်ဖို့

blank

ရပ်ဝေးမြေက ချစ်ရတဲ့သူရေ….။

ကိုယ်နဲ့အဝေးမှာ မင်းတစ်ယောက်နေရတာ အဆင်ပြေရဲ့လား။ တစ်နေရာစီမှာ ရောက်နေပေမယ့် မင်းကိုအချိန်ပြည့်သတိရလျက်ပါ။ ဘေးနားမှာမင်းရှိရင်ကောင်းမယ်လို့ တမ်းတလိုက်မိတိုင်း ဘယ်ဖက်ရင်အုံက နှလုံးခုန်သံလေးကိုပဲ နားထောင်မိတယ်။ နှလုံးသားထဲမှာ မင်းရှိနေတယ်ဆိုတဲ့ အသိနဲ့ မင်းမရှိတဲ့ အရပ်မှာ ကိုယ်နေတတ်အောင် နေနေပါတယ်။

မင်းမရှိတဲ့အရပ်မှာ အောက်ဆီဂျင်တွေဟာ နည်းနည်းပေါ့တယ်။ တစ်ခါတလေဆိုရင် ဖြစ်ချင်ရာဖြစ်ဆိုပြီး မင်းအနားကိုပြေးလာချင်လိုက်တာ။ ဒါပေမဲ့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးနေရတဲ့ဘဝမှာ မင်းရဲ့ဓာတ်ပုံလေးတွေကို အားပြုရင်း အလွမ်းတွေကို ချွေးသိပ်နေရတယ်လေ။

ဘဝအခြေအနေအရ ရုန်းကန်နေရတဲ့အခါ မင်းအနားကိုစိတ်သာရောက်ပြီး လူမရောက်နိုင်တဲ့အခါ အချစ်တွေပေါ့သွားမလားပူရတာ ခဏခဏပါပဲ။ ကိုယ်မရှိတဲ့အခါ  “ အားငယ်နေမလား ။ နေထိုင်ကောင်းရဲ့လား။ အလုပ်ထဲမှာကော အဆင်ပြေပါ့မလား” စတဲ့မေးခွန်းတွေနဲ့ တစ်ယောက်တည်း လုံးချာလိုက်နေမိတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ချစ်သူရေ…။ မင်းနဲ့ကိုယ်ကြားမှာ မိုင်တွေဘယ်လောက်ခြားနေခြားနေ မင်းရဲ့တစ်နေ့တာကို ကိုယ်စိတ်ဝင်စားပါတယ်။ ဒါ့ကြောင့် မင်းအဆင်ပြေတာတွေကိုကော၊ အဆင်မပြေတာတွေကိုပါ ကိုယ့်ကိုရင်ဖွင့်ဖို့ မတွန့်ဆုတ်ပါနဲ့။ အခြေအနေအရ မင်းဖုန်းဆက်တဲ့အခါ မကိုင်နိုင်ရင်တောင် မင်းရဲ့ missed call ကို တွေ့တွေ့ချင်းကိုယ်ဖုန်းပြန်ခေါ်ပေးမယ်လေနော်။ စိတ်အားငယ်လာတဲ့အခါတိုင်း တစ်လောကလုံးနဲ့မင်းတစ်ယောက်တည်းဖြစ်ရင်တောင် မင်းဖက်မှာကိုယ်ရှိနေပေးမယ်ဆိုတာကို သိထားပေးပါ။ ကိုယ်တို့တွေဘယ်လောက်ပဲ ဝေးနေဝေးနေ မင်းဘေးမှာကိုယ်ရှိနေသလို သဘောထားပေးပါနော်။

နောက်တစ်ခုက ကိုယ့်မှာ ဝမ်းသာစရာတစ်ခုခု ကြုံရတဲ့အခါမှာပဲဖြစ်ဖြစ် ဝမ်းနည်းစရာ တစ်ခုခုကြုံရတဲ့အခါမှာပဲဖြစ်ဖြစ် မင်းဟာကိုယ်ပထမဦးဆုံးသတိရမိတဲ့သူပါ။ ဒါ့ကြောင့် မင်းရဲ့အဝေးမှာ မင်းကိုမေ့နေပြီလားလို့ဘယ်တော့မှ သံသယမဖြစ်ပါနဲ့နော်။ ရေမြေတွေဘယ်လောက်ခြားနေခြားနေ သစ္စာတရားတွေက အမြဲတမ်းမင်းအနားမှာပါပဲ။

သင့်ချစ်သူကိုပြောပြချင်တဲ့ စကားလေးတွေနဲ့ တူနေရင် mention ခေါ်ပြီး SHARE လိုက်ပါဦးနော်။