ကိုယ့်ရွေးချယ်မှုကြောင့်ရောက်လာတဲ့ သားသမီးတွေကို ဘယ်တော့မှ အပြစ်မပုံချမိပါစေနဲ့။

blank

သားလေး ကျွန်မဘဝထဲရောက်လာတဲ့အချိန်မှာပဲ ကျွန်မခင်ပွန်းက သူ့ရဲ့အတွင်းရေးမှူးမလေးနဲ့ ဇာတ်လမ်းတွေဖြစ်နေပြီး ကျွန်မနဲ့ကွာရှင်းတော့မယ်လို့ အတိအလင်းကြေငြာခဲ့တယ်။ “မောင့်မျက်နှာ တစ်ရွာ” ထင်ပြီး သူ့နောက်ကောက်ကောက်ပါအောင် လိုက်လာခဲ့တဲ့ ကျွန်မအတွက်တော့ ကမ္ဘာပြိုသလိုပဲပေါ့။
အိမ်ထောင်မကျခင်တုန်းက အလုပ်လုပ်ခဲ့ပေမယ့် ကျွန်မခင်ပွန်းက သူ့ရဲ့စည်းစိမ်းဥစ္စာတွေကို ဗန်းပြပြီးကျွန်မကို အလုပ်နားစေခဲ့တယ်။ ဒီဇိုင်းနာလောကမှာ နာမည်ရစပြုလာတဲ့ ကျွန်မအလုပ်နားတော့ သူငယ်ချင်းတွေက နှမျောတာပေါ့။ ကျွန်မ လသားအရွယ်သားလေးလက်ကို ဆွဲပြီး သူငယ်ချင်းရဲ့ တိုက်ခန်းတစ်ခန်းမှာပြောင်းနေခဲ့တယ်။ ကျွန်မရဲ့ ခင်ပွန်းဖြစ်ခဲ့ဖူးသူက ကျွန်မကို ငွေပေးဖို့ကြိုးစားခဲ့ပါသေးတယ်။ ကျွန်မရဲ့မာနက လုံးဝခွင့်မပြုခဲ့ဘူး။ ကျွန်မမှာ အားကိုးအားထားပြုစရာ ပညာရှိတာပဲလေ။ ကျွန်မသူ့ရဲ့ငွေတွေမလိုပါဘူး။

ကျွန်မသူငယ်ချင်းရဲ့ တိုက်ခန်းမှာပဲ သားလေးနဲ့အတူ ရုန်းကန်ရပါတယ်။ သားလေးဟာ သာမန်ကလေးတွေထက် ဖွံ့ဖြိုးမှုနှေးတဲ့အပြင် ကျန်းမာရေးလည်း အရမ်းချူချာပါတယ်။ သားလေးကို ရင်ခွင်ပိုက်မူကြိုကိုပို့ပြီး ကျွန်မအလုပ်လုပ်ခဲ့တယ်။ အလုပ်သွားတဲ့အချိန် သားလေးကိုမူကြိုပို့၊ အလုပ်ကအပြန်ဝင်ခေါ်၊ အိမ်အလုပ်တွေလုပ်ရင်း ကျွန်မဘဝလုံးချာရိုက်နေခဲ့တယ်။

သားလေးဟာ ချူချာတဲ့ကလေးဖြစ်တဲ့အပြင် အရမ်းဂျီကျပါတယ်။ အစားစားရင် ဖြောင့်ဖြောင့်တန်းတန်းမစားတာ၊ သူဝတ်နေကျ အင်္ကျီရေစိုနေရင် အခြားအင်္ကျီမဝတ်ချင်လို့ ငိုတာ၊ သူသောက်နေကျရေခွက်နဲ့မှ သောက်ချင်လို့ ဂျီကျတာ စတဲ့ အသေးအဖွဲလေးတွေကြောင့် ကျွန်မစိတ်အရမ်းညစ်မိပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အိပ်ရေးပျက်လို့မရတဲ့ ကျွန်မရဲ့အာရုံစူးစိုက်ရတဲ့အလုပ်ကြောင့် ညနက်တဲ့အခါ ထထငိုတဲ့ သားလေးကို စိတ်ပျက်မိတယ်။ ကျွန်မ မချက်တတ်ချက်တတ် ချက်ထားတဲ့ ထမင်းဟင်းတွေကို သားက ထွေးထွေးချတဲ့အခါ ကျွန်မသားလေးကို ရိုက်မိတယ်။ ဝင်ငွေနည်းနေတဲ့အချိန် ဆေးဖိုးကုန်လာတာများလာတဲ့အခါ၊ အလုပ်မှာအဆင်မပြေဖြစ်လာတဲ့အခါ၊ “အားလုံးဒီကလေးကြောင့် ဖြစ်နေတာ” လို့ ကျွန်မစဉ်းစားမိလာတယ်။ ဒီကလေးမရှိတော့ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတာလည်း ခဏခဏပါပဲ။ အလုပ်မှာအဆင်မပြေတိုင်း ဂျီကျတဲ့သားလေးကို ရိုက်မိတာအခါခါပါပဲ။

တစ်နေ့မှာ ကျွန်မစဉ်းစားမိတယ်။ သားလေးဟာ ဒီလောကထဲကို ကျွန်မခေါ်လို့ရောက်လာခဲ့တဲ့ ကလေးတစ်ယောက်လေ။ တကယ်တော့ ကျွန်မရဲ့ရွေးချယ်မှုကြောင့် ရွေးချယ်ခွင့်မရှိဘဲ လောကထဲကိုရောက်လာခဲ့တယ်။ ကျွန်မရဲ့အဆင်မပြေမှုတွေကို သားလေးကိုဘာ့ကြောင့် ပုံချမိရတာလဲ။ ကျွန်မမပျော်ရွှင်တာက နည်းလမ်းတစ်ခုခုမှားနေလို့လေ။ သားလေးကြောင့်မှ မဟုတ်ဘဲ။

• ကျွန်မ စိတ်ဓာတ်တက်ကြွစေမယ့်အရာတွေ၊ စိတ်ထွက်ပေါက်ရစေမယ့်အရာတွေ၊ စိတ်ကိုပျော်ရွှင်စေမယ့်အရာတွေ မလုပ်ဘဲနေတာ ဘယ်လောက်ကြာခဲ့ပြီလဲ။

• အဆင်မပြေမှုတွေထဲမှာ နစ်မွန်းနေပြီး အဆင်ပြေမယ့် နည်းလမ်းတွေကို မရှာခဲ့တာ၊ ပြဿနာတွေကြားထဲက ရုန်းမထွက်ခဲ့တာ ဘယ်လောက်ကြာပြီလဲ။

• ကျွန်မကိုယ်ကျွန်မအချိန်မပေးတာ၊ သားလေးနဲ့ အေးအေးဆေးဆေး လျှောက်မသွားတာ ဘယ်လောက်ကြာခဲ့ပြီလဲ။
အဲ့ဒါတွေကို အဖြေရှာပြီးတဲ့နောက်မှာ ကျွန်မကိုယ်ကျွန်မအချိန်ပေးခဲ့တယ်။ လေ့ကျင့်ခန်းလုပ်တယ်။ တရားထိုင်တယ်။

အကြာကြီးပစ်ထားတဲ့ အလှပြင်ပစ္စည်းတွေကို ထုတ်ပြီး စိတ်လိုလက်ရအလှပြင်တယ်။ ကျွန်မခံစားရသမျှတွေကို နားလည်နိုင်မယ့် သူငယ်ချင်းတွေကို ရင်ဖွင့်တယ်။ သူတို့ဆီက အကူအညီယူတယ်။ အမေ့ကို ဖုန်းခေါ်တယ်။ အမေ့ရဲ့ အသံဟာ မိုင်ပေါင်းများစွာကနေ ကျွန်မကို အားဖြည့်နိုင်စွမ်းရှိတယ်ဆိုတာကို ကျွန်မနားလည်လာခဲ့တယ်။

ကျွန်မရဲ့သားလေးဟာ အရင်ကထက် စိတ်ရှည်လက်ရှည်ဖြစ်လာတဲ့ ကျွန်မအပေါ် ဂျီကျတာတွေ လျော့လာတယ်။ သူကြိုက်တာလေးတွေကို ကျွန်မကပြင်ဆင်ပေးလာတာလည်းပါတာပေါ့။ သားလေးအားရပါးရပြုံးတာကိုကြည့်ရင်း ကျွန်မလည်း စိတ်ချမ်းသာလာတယ်။ အခုဆိုရင် အလုပ်မှာလည်း အဆင်ပြေလာပြီ။ သားသမီးတွေကို စိတ်ချမ်းသာအောင် ထားဖို့ဆိုတာ မိခင်တွေအရင်ဆုံးစိတ်ချမ်းသာဖို့လိုတယ်ဆိုတာကို ကျွန်မသဘောပေါက်လာခဲ့ပါပြီ။

သင်ကော… အဆင်မပြေမှုတွေထဲက ရုန်းထွက်ဖို့အဆင်သင့်ဖြစ်ပြီလား။