အချစ်ကို လက်ပြနှုတ်ဆက်ရတဲ့အခါ…

blank
၁။ တစ်ယောက်နဲ့ တစ်ယောက်ကြင်ကြင်နာနာပြောဆိုဆက်ဆံပါ။

ကိုယ့်တစ်ဘဝလုံးစာအတွက်ရည်ရွယ်ပြီး ချစ်ခဲ့ရတဲ့ချစ်သူနဲ့ အကြောင်းမဆုံလို့ လမ်းခွဲလိုက်ရတယ်ဆိုရင်တောင် ဘယ်သူကမှတော့ အမုန်းနဲ့ လမ်းမခွဲချင်ကြပါဘူး။ ဒါပေမဲ့ relationship တစ်ခုကို ကောင်းကောင်းမွန်မွန် အဆုံးသတ်လိုက်နိုင်ဖို့ဆိုတာ ခက်ခဲတဲ့အတွက် နှစ်ဦးနှစ်ဖက်လုံးက ကြိုးစားမှသာ ဖြစ်မြောက်နိုင်တာပါ။ ဒါကြောင့် အခြေအနေတွေက ဘယ်လိုပဲ အဆိုးဖက်ကို ဦးတည်နေပါစေ ချစ်သူနဲ့ အဆင်ပြေပြေလမ်းခွဲလိုက်နိုင်ဖို့အတွက် တစ်ယောက်နဲ့ တစ်ယောက်ကြင်ကြင်နာနာပဲ ပြောဆိုဆက်ဆံပါ။ အဆင်မပြေလို့ လမ်းခွဲလိုက်ရပေမယ့် ရန်သူတော့ ဖြစ်သွားစရာမလိုဘူးမလား။

၂။ အတူပျော်ရွှင်ခဲ့တဲ့အချိန်လေးတွေကို သတိရပါ။

လမ်းခွဲရမယ့် အခြေအနေရောက်နေတာတောင်မှ အတူပျော်ရွှင်ခဲ့တဲ့အချိန်တွေကို သတိရရမယ်၊ ကောင်းကောင်းမွန်မွန်လေးပဲ ပြောဆိုနေရမယ်ဆိုတာ လွယ်တဲ့အရာတော့ မဟုတ်ပါဘူး။ ဘယ်သူကကော လမ်းခွဲရတော့မယ်ဆိုတဲ့အတွေးကြောင့် ပူဆွေးနေရတဲ့အချိန်မှာ အတူပျော်ရွှင်ခဲ့တာတွေကိုပဲ ပြန်တွေးတောနေချင်မှာတဲ့လဲ။ ဒီလိုတွေးနေမယ့်အစား လမ်းခွဲဖို့အထိ တွန်းပို့လိုက်တဲ့ အကြောင်းရင်းတွေကို စဉ်းစားနေလိုက်တာကတောင် သူ့ကို မြန်မြန်မေ့စေနိုင်ဦးမယ်မလား။ ဒါပေမဲ့ ဒီလိုအဆိုးတွေပေါ်ပဲ အာရုံစိုက်လိုက်ခြင်းက ကိုယ့်စိတ်ကို နာကျင်မှုတွေ၊ ကသိကအောင့်ဖြစ်မှုတွေ၊ အဆိုးမြင်မှုတွေနဲ့ပဲ ပြည့်လျှံစေပါလိမ့်မယ်။ ဒါကြောင့် ခက်ခဲတယ်ဆိုရင်တောင်မှ နှစ်ယောက်အတူပိုင်ဆိုင်ခဲ့တဲ့ အမှတ်တရတွေ၊ အချစ်တွေ၊ ပျော်ရွှင်မှုတွေကိုပဲ အာရုံစိုက်လိုက်ပါ။

၃။ ငိုချင်ရင် ငိုချလိုက်ပါ။

အကောင်းတွေ တွေးတောနေလိုက်တာနဲ့ပဲ လမ်းခွဲရခြင်းက ယူဆောင်လာတဲ့ ဝမ်းနည်းမှုတွေ၊ နာကျင်ရမှုတွေကို ရှောင်လွှဲလိုက်နိုင်မှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် နာကျင်မှုတွေကို ထိန်းချုပ်ပြီး ပျော်ချင်ယောင်ဆောင်မနေဘဲ ဒီခံစားချက်တွေကို လက်ခံနိုင်အောင် ကြိုးစားလိုက်ပါ။ ကြေကွဲဝမ်းနည်းရမှုတွေကို လက်ခံနိုင်ဖို့ဆိုတာ ခက်ခဲတယ်ဆိုပေမယ့် လက်ခံလိုက်နိုင်လေလေ ဘဝကို ရှေ့ဆက်တိုးနိုင်လေလေပါပဲ။ ဒါကြောင့် ငိုချင်ရင် ငိုသာချလိုက်ပါ။ စိတ်ထဲရှိတဲ့အရာတွေကို ဖွင့်ထုတ်လိုက်ပါ။ ဒါက ဘဝကို ရှေ့ဆက်တိုးနိုင်စေပါလိမ့်မယ်နော်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၎။ ကိုယ်ချစ်ရသူ၊ ကိုယ့်ကို ချစ်ခင်သူတွေရဲ့ ဘေးမှာနေပါ။

ဆုံးရှုံးလိုက်ရခြင်းအပေါ်မှာပဲ တဝဲလည်လည်ဖြစ်နေမယ့်အစား ကိုယ့်မှာရှိနေသေးတဲ့အရာတွေပေါ်မှာပဲ အာရုံစိုက်ဖို့ ကြိုးစားခဲ့ပါ။ အသည်းကွဲဝေဒနာကို ကုစားပေးနိုင်မယ့်၊ ကိုယ့်အပေါ်ထာဝရချစ်ခင်နေမယ့် ဖေဖေနဲ့ မေမေရယ်၊ ပြီးတော့ ကြင်နာတတ်ပြီး အရမ်းဖေးမကူညီတတ်တဲ့ သူငယ်ချင်းတွေလည်း ရှိတာပဲလေ။ ကိုယ့်ဘဝထဲက ပြီးပြည့်စုံတဲ့လူတစ်ယောက်ကို ဆုံးရှုံးခဲ့ရတယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ မဆုံးရှုံးလိုက်သေးပါဘူးလေ။ သူမရှိတဲ့ကွက်လပ်ကို မသိကျိုးကျွံမပြုလိုက်နိုင်ပေမယ့် တခြားအရာတွေပေါ်မှာ အာရုံစိုက်လိုက်ခြင်းက အတန်ငယ် စိတ်သက်သာရစေမှာပါ။ ဘဝမှာ ၁၅ဝဝ အချစ်ထက် အရေးပါတဲ့အရာတွေ အများကြီးရှိပါတယ်။

၅။ ဆုံးရှုံးရခြင်းကို လက်ခံပါ။

“ဆုံးရှုံးလိုက်ရပြီဆိုတာထက် ဆုံးရှုံးရခြင်းကို လက်ခံလိုက်ရခြင်းက ပိုနာကျင်စရာကောင်းပါတယ်” တဲ့။ ဒီစကားလေးလိုပါပဲနော် လမ်းခွဲခြင်းတစ်ခုမှာ အခက်ခဲဆုံးအပိုင်းက လက်ခံရခြင်းဆိုတဲ့အပိုင်းပါပဲ။ အတိတ်ကို ပြန်လည်မလိုချင်မိအောင် စိတ်ထိန်းနေရတာလည်း ခက်ခဲတယ်။ လက်ရှိမှာပဲ နေထိုင်နိုင်ဖို့ ရုန်းကန်နေရတာလည်း ခက်ခဲတယ်။ ဒါပေမဲ့ အတိတ်တွေ၊ အနာဂတ်တွေဟာ စိတ်ကူးတွေဖြစ်ပြီး လက်တွေ့ကသာ အစစ်အမှန်ဖြစ်တာကြောင့် အရှိအတိုင်းလက်ခံလိုက်ဖို့ပဲ ကြိုးစားလိုက်ပါ။ ခက်ခဲတယ်ဆိုပေမယ့် ဆုံးရှုံးခြင်းကို လက်မခံနိုင်ခြင်းကသာ ပိုမိုအခက်တွေ့စေပါလိမ့်မယ်။

၆။ ကိုယ်ဖြစ်ချင်တာတွေ လုပ်ပါ။

လမ်းခွဲခြင်းဟာ ခက်ခဲတယ်ဆိုပေမယ့် ကောင်းတဲ့အရာတစ်ခုကတော့ တစ်ယောက်တည်းလွတ်လွတ်လပ်လပ် ပြန်နေထိုင်ခွင့်ရှိသွားတာပါပဲ။ ဒီအချိန်မှာ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လိုချင်တာတွေကို အာရုံစိုက်ပြီး ဘဝတိုးတက်အောင် အကောင်းဆုံးကြိုးစားပါ။ ဒါဟာ ဘဝကို စိတ်ကြိုက်ပြင်ဆင်လိုက်နိုင်မယ့် အခွင့်အရေးတစ်ခုပါ။

အခြေအနေတွေက အကောင်းဖက်ကိုရောက်ပါတယ်ဆိုရင်တောင် လမ်းခွဲခြင်းကတော့ ခက်ခဲတာက ခက်ခဲတာပါပဲနော်။ တဖြည်းဖြည်းနဲ့ လွယ်သွားမှာပါပဲဆိုပေမယ့် လမ်းခွဲခါစအချိန်မှာတော့ နာကျင်ခံစားရတာချည်းပါပဲ။ ဒါကြောင့် ဒီအချိန်မှာ အသည်းကွဲသီချင်းလေးတွေနားထောင်ပါ။ အသည်းကွဲသီချင်းလေးတွေကလည်း စိတ်ဓာတ်ခွန်အားပေးနိုင်တာကို တွေ့လာမှာပါ။ “ငါ နင့်ကိုမုန်းတယ်၊ နင်ထွက်သွားလို့ ကျေးဇူးပါပဲ” ဒီလို အဓိပ္ပာယ်ရတဲ့ သီချင်းတွေတော့ နားမထောင်နဲ့ပေါ့လေ။

အသည်းကွဲနေတဲ့ သူငယ်ချင်းလေးတွေ စိတ်ဖြေသိမ့်နိုင်စေဖို့ မန်းရှင်းခေါ်ခဲ့ပါဦးနော်။