အစားကျွေးခါနီးတိုင်း သားသားမီးမီးလေးတွေနဲ့ စစ်တိုက်နေရလား

blank

ဂန္ထဝင်စာချစ်သူတို့ရေ….။

အစာကျွေးရခက်တဲ့ သားသားမီးမီးလေးတွေကြောင့် စိတ်ညစ်နေလား။ အဲ့ဒီလို စိတ်ညစ်နေတာက သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ လေ့လာမှုတွေအရ အသက်(၅) နှစ်အောက်ကလေးတွေရဲ့ (၅ဝ) ရာခိုင်နှုန်းဟာ အစားကျွေးရခက်ပြီး ချေးများတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ မိဘတွေနဲ့ ကလေးတွေကြားမှာ အစားစားခါနီးတိုင်း စစ်ခင်းနေရတဲ့ အဖြစ်လေးတွေကနေ ငြိမ်းချမ်းရေးရပြီး အာဟာရဖြစ်အောင် ကျွေးမွေးနိုင်စေမယ့် နည်းလမ်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ အစားစာချိန်ကို သတ်သတ်မှတ်မှတ်ထားပါ။ အစာကျွေးခါနီးတဲ့အချိန်မှာ သရေစာတွေကျွေးတာမျိုးတွေကို ရှောင်ကြဉ်ပါ။ ကလေးအမှန်တကယ် ဗိုက်ဆာမှ ကျွေးပါ။

၂။ ကလေးနှစ်သက်တဲ့ အရုပ်ပုံပါတဲ့ ပန်းကန်လေးတွေနဲ့ ကျွေးခြင်းဟာ အစားအစာအပေါ်အာရုံကို စွဲဆောင်နိုင်စေပါတယ်။ သူတို့မစားတဲ့ အသီးအရွက်လေးတွေကိုလည်း ဆွဲဆောင်မှုရှိစွာ ပြင်ဆင်ကျွေးမွေးပါ။ ရောင်စုံအသီးအရွက်လေးတွေကို လှလှလေးပြင်ဆင်ပြီး  ကျွေးမွေးပါ။

၃။ မိဘအနေနဲ့လည်း ကျန်းမာရေးနဲ့ကိုက်ညီတဲ့အစားအစာတွေကို ဦးဆောင်ပြီး စားပြပါ။ အာဟာရပြည့်ဝတဲ့ အစားအစာတွေဟာ ကျန်းမာရေးအတွက် ဘယ်လောက်အရေးတယ်ဆိုတာကို သိမ်မွေ့စွာရှင်းပြပါ။

၎။ ကလေးလေးတွေကို အရသာအသစ်လေးတွေနဲ့ တဖြည်းဖြည်းချင်းမိတ်ဆက်ပါ။ အစားအစာလေးတွေကို သူတို့ပါးစပ်နဲ့ ကိုက်ညီအောင် အတုံးလေးလေးတွေတုံးပါ။ သူတို့ကြိုက်တဲ့ အရာလေးတွေကို များများထည့်ပြီး မကြိုက်တာလေးတွေကို နည်းနည်းချင်းကျွေးပါ။

၅။ သင်ကျွေးသမျှအားလုံးကုန်အောင်စားတဲ့အခါ၊ ချီးကျူးပါ။ သူတို့လိုချင်နေတဲ့ အရာလေးတွေပေးပြီး ဆုချပါ။ ကျွမ်းကျင်သူတွေက အဲ့ဒီလို ဆုချခြင်းဟာ ကလေးတွေမကြိုက်တဲ့ အစားအစာတွေကိုစားဖို့ အကောင်းဆုံးတွန်းအားတစ်ခုလို့ဆိုပါတယ်။

၆။ ကလေးအတွက် အစားအစာပြင်ဆင်တဲ့အခါ သူတို့လေးတွေကိုလည်း ပါဝင်ကူညီခိုင်းပါ။ သူတို့နှစ်သက်တာလေးတွေကို မေးမြန်းပါ။ အစားကျွေးရင်း ဖုန်းတွေ၊ တီဗွီတွေပြတာမျိုးတွေ ရှောင်ကြဉ်ပါ။ အစားကျွေးတဲ့အချိန်ကို ပျော်စရာကောင်းအောင် စီစဉ်ထားပါ။ ဥပမာ-ရွယ်တူကလေးလေးတွေနဲ့ အတူတူကျွေးတာမျိုး။

၇။ ကလေးက အစားစားဖို့ ငြင်းဆန်တဲ့အခါတွေမှာ…

အစားမြိုချရခက်နေတာလား၊

အစာချေလမ်းကြောင်းမှာ ပြဿနာရှိနေတာလား။

လည်ပင်းမှာ အနာပေါက်နေတာလား။

အစားတွေက မြိုချရခက်လောက်အောင် မာနေလို့လား။

နေမကောင်းဖြစ်နေလို့လား စတဲ့  အကြောင်းအရင်းတွေကိုသိအောင်လုပ်ပါ။ အမြဲတမ်းလိုလို အစားမစားဘူးဆိုရင်တော့ တတ်ကျွမ်းနားလည်သူတွေနဲ့ ပြသတိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားချိန်အထိ ရက်တစ်ထောင်ခရီးအတွက် လိုအပ်မယ့်ဗဟုသုတလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Ceelin Plus တို့မှ ပူပေါင်းစီစဉ်တင်ဆက်ပေးထားပါတယ်ရှင်။

ဘေဘီလေးတွေကို ပျိုးထောင်ပေးနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဗဟုသုတရစေဖို့ ဝေမျှပေးလိုက်ပါဦး။