ကလေးတွေကို လူမကြောက်အောင် ဘယ်လိုလေ့ကျင့်ပေးမလဲ။

စာချစ်သူတို့ရေ….။

တချို့ဘေဘီလေးတွေဟာ လူစိမ်းတွေ့ရင် အော်ငိုတာတို့၊ လူကြောက်တာတို့ဖြစ်တတ်ပါတယ်။ တကယ်တော့ အဲ့ဒါဟာ ကလေးငယ်ရဲ့ ကြီးထွားမှုဖြစ်စဉ်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး ရင်းနှီးတဲ့ မျက်နှာတွေကို မှတ်မိနေပြီဖြစ်တယ်ဆိုတဲ့ အမှတ်အသားပဲဖြစ်ပါတယ်။ ဒါပေမဲ့ လူစိမ်းတွေကို တွေ့တိုင်း ငိုတဲ့အပြင် ကလေးအချင်းချင်းတောင် ကြောက်နေတယ်ဆိုရင် သင့်ကလေးငယ်ရဲ့ ပေါင်းသင်းဆက်ဆံရေးကို ထိခိုက်စေတဲ့အပြင် လူတောမတိုးတာမျိုးဖြစ်စေတတ်ပါတယ်။

လေ့လာသူတွေကတော့ အသက် (၆) လအရွယ်ကနေ အသက် (၂) အတွင်းကလေးတွေက သူစိမ်းတွေကို ပိုကြောက်တတ်တယ်လို့ ဆိုပါတယ်။

  • မိဘတွေအနားမှာမရှိတဲ့အခါ
  • တစ်ခါမှ မမြင်ဖူးတဲ့ လူတွေကိုမြင်တဲ့အခါ
  • ထူးခြားတဲ့အဝတ်အစားတွေ (ဥပမာ- ယူနီဖောင်း) ဝတ်ဆင်ထားတာကို တွေ့တဲ့အခါ မှာ ငိုတတ်ကြပါတယ်။

ကလေးတွေ လူကြောက်တတ်လွန်းတာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက်….

  • လူအသစ်တွေနဲ့ မိတ်ဆက်ပေးတဲ့အခါ ကလေးရင်းနှီးတဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်ပါ။ မိဘတွေလည်း ရှိနေပေးပါ။
  • ကလေးနဲ့စိမ်းတဲ့ ဆွေမျိုးတွေကို ကလေးအနားမကပ်ခင်မှာ အဝေးကနေ အသံပေးပြီး နှုတ်ဆက်တာမျိုးတွေ လုပ်ဆောင်စေပါ။
  • စိတ်ရှည်ပါ။ ကလေးကို သူမသိသေးတဲ့သူတွေနဲ့ အတင်းရင်းနှီးကျွမ်းဝင်သွားစေဖို့ ဖိအားပေးတာမျိုးတွေ ရှောင်ကြဉ်ပါ။
  • ကလေးကိုနွေးထွေးစေတဲ့ ခံစားမှုပေးစွမ်းတဲ့ အရာလေးတွေ လုပ်ဆောင်ပါ။ မိဘတွေက အသစ်မိတ်ဆက်ပေးမယ့် သူကို ပြုံးပြုံးရွှင်ရွှင်ဆက်ဆံပေးပါ။
  • ကလေးငယ်ကို လူတွေနဲ့ ခြိမ်းခြောက်တတ်တဲ့ အကျင့်ကိုရှောင်ပါ။ ကလေးငိုတဲ့အခါ အငိုတိတ်အောင် ခြောက်တတ်တဲ့အကျင့်ကို ပြင်ပါ။

သင့်ကလေးကော လူကြောက်တတ်လား။ သင်ဘယ်လိုနည်းတွေသုံးပြီး လူမကြောက်အောင် ပျိုးထောင်ပေးဖြစ်လဲ။ မျှဝေပေးပါဦး။ သင့်ရဲ့ ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားပြီးချိန်အထိ ရက်တစ်ထောင်ခရီးအတွက် လိုအပ်မယ့် ဗဟုသုတလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Ceelin Plus တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်တဲ့ စာစောင်လေးကို နှစ်သက်တယ်ဆိုရင် ဝေမျှပေးလိုက်ပါဦး။