ကျွန်မဘဝထဲ အချစ်တွေသယ်လာမယ့် ကောင်လေးအတွက်

ကျွန်မဘဝထဲကို အချစ်တွေနဲ့အတူ ဝင်ရောက်လာမယ့် ကောင်လေးရေ….။

အတိတ်က ကျွန်မရဲ့  အချစ်ရေးမှာလေ….နှလုံးသားကို အသုံးချခံခဲ့ရတယ်….။

ရင်ခုန်သံတွေ အနှိပ်စက်ခံခဲ့ရတယ်….။

ခံစားချက်တွေကို  အလွဲသုံးစားလုပ်ခံခဲ့ရတယ်။

ချစ်သူရှိရက်နဲ့ အသည်းကွဲနေခဲ့ရတယ်။

ကျွန်မရဲ့ ခံစားချက်တွေကို နားလည်ပေးဖို့၊ အာရုံစိုက်မှုတွေကိုရဖို့ တောင်းပန်နေခဲ့ရတယ်။ ရှင်ကျွန်မဘဝထဲကို ရောက်လာတဲ့အခါ အဲ့ဒီလိုအဖြစ်မျိုးတွေ မကြုံပါရစေနဲ့နော်။

ကျွန်မကလေ ရှင့်အနားမှာ နေချင်သလို တစ်ယောက်တည်းနေချင်တဲ့အခါတွေလည်း ရှိလိမ့်မယ်။ စကားတွေရေပက်မဝင်အောင် ပြောတတ်သလို ဘာစကားမှမပြောချင်တဲ့အခါမျိုးလည်း ရှိတတ်တယ်။ အဲ့ဒီအခါမျိုးမှာ နားလည်ရခက်တဲ့ မိန်းကလေးဆိုပြီး ကျွန်မကို မငြိုငြင်ပါနဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မရဲ့အတိတ်ဟာ လှပတဲ့ကျောက်သားလမ်းလေးမဟုတ်ခဲ့ပါဘူး။ ကျွန်မလေ ထိခိုက်နာကျင်စရာတွေ အများကြီးကြုံခဲ့ရတယ်။ ဒါပေမဲ့ မလှပတဲ့ အချစ်ရေးတစ်ခုကပဲ အချစ်ရေးတစ်ခုကို လှလှပပပုံဖော်နိုင်မယ့် နည်းလမ်းတွေကို သိလာစေခဲ့တယ်။

အတိတ်ကကျွန်မဟာ ရူးသွပ်ခဲ့တယ်။ အဲ့ဒီရူးသွပ်ရိုင်းစိုင်းမှုတွေထက်ပိုပြီး လွတ်လပ်မှု၊ ဂရုစိုက်မှု၊ တာဝန်ယူမှု၊ နားလည်မှု၊ ခွင့်လွှတ်မှု စတာတွေကို ပိုင်ဆိုင်ထားတဲ့မိန်းမသားတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ ဘယ်သူဆီကမှ အဆိုးမြင်အတွေးတွေကို လက်မခံတတ်တဲ့ ကျွန်မကို ခေါင်းမာသူတစ်ယောက်လို့ လူတွေက ထင်ကြတယ်။

ကျွန်မလေ လူတစ်ယောက်ကို ထပ်ချစ်ရမှာကြောက်နေပြီ။ အတိတ်ကအချစ်ရေးတွေမှာ နာကျင်ခဲ့ရပြီးပြီ။ အသည်းကွဲခဲ့ရပြီးပြီ။ ဒါကြောင့် လူတစ်ယောက်ကို ယုံကြည်ရမှာ၊ နှလုံးသားတစ်ခုလုံးအပ်နှင်းထားရမှာ၊ ထားခဲ့ခံရမှာ၊ နောက်တစ်ကြိမ် အသည်းကွဲရမှာ ကျွန်မကြောက်နေပြီ။

ဒါ့ကြောင့်လေ… အခက်အခဲတွေကို ကျွန်မနဲ့အတူ ကျော်လွှားရင်ဆိုင်ပေးပါ။ ကျွန်မရဲ့ နှလုံးသားနဲ့ ထိုက်တန်တဲ့ချစ်ခြင်းတွေကိုပေးပါ။ ကျွန်မနှလုံးသားရဲ့ ဒဏ်ရာအနာတရတွေကိုလည်း ကုစားပေးပါနော်။

ရှင် ကျွန်မဘဝထဲရောက်လာမယ့် နေ့ရက်တွေကို မျှော်နေတယ်။