Ex ကြီး သိစေဖို့

ချစ်လှစွာသော Ex ကြီးရေ

နင်နဲ့ ပြတ်သွားတုန်းက လမ်းခွဲလိုက်ရတာ ကိုယ့်ကိုယ်ကိုယ်အပြစ်တွေတင်၊ နောင်တတွေ အရမ်းရနေခဲ့တာဟ။ အခုမှ သေချာပြန်စဉ်းစားကြည့်တော့ နောင်တရနေခဲ့သင့်တာမဟုတ်ဘဲ ကျေးဇူးတင်သင့်တာဆိုတာ သိလာတယ်။ နင်သင်ပေးသွားခဲ့တဲ့ သင်ခန်းစာလေးတွေအားလုံးအတွက် တကယ်ကို ရင်ထဲ၊ အသည်းထဲကနေ ကျေးဇူးတင်တယ်ဟာ။ တကယ်လို့ နင်သာ ထားမသွားခဲ့ဘူးဆိုရင် ငါက အခုနေရာတောင် ရောက်လာမှာမဟုတ်ဘူးလေ။

ပထမဆုံးအနေနဲ့ ငါ့ကို ရင်ခုန်တတ်အောင် သင်ပေးသွားလို့ ကျေးဇူးတင်ပါတယ်။ နင့်ကြောင့်မို့ပဲ ရင်ခုန်တာနဲ့ ချစ်တာမတူဘူးဆိုတာ ငါသိလာတယ်လေ။ ကောင်လေးတစ်ယောက်က အရမ်းယောကျာ်းပီသပြီး ခန့်ညားရင် ခန့်ညားနေမယ်။ ဒါပေမဲ့ အထူးစပါယ်ရှယ်ဖြစ်တဲ့ ငါ့နှလုံးသားကို လက်ခံယူနိုင်လောက်တဲ့အထိတော့ သူက ရဲရင့်ချင်မှ ရဲရင့်မယ်လေ။

နင့်သူငယ်ချင်းတွေကို ငါ့ထက်အမြဲဦးစားပေးလို့လည်း ကျေးဇူးတင်တယ်။ နင်အဲ့ဒီလိုဦးစားပေးခဲ့လို့သာ နင့်ရဲ့ဒုတိယဦးစားပေးခံဘဝနဲ့ကျေနပ်နေမယ့်အစား ကိုယ့်ကိုယ်ဂရုစိုက်ပြီး ဘုရင်မလုပ်နေတာပိုကောင်းတယ်လို့ ငါ့ကို သဘောပေါက်စေခဲ့တာ။ ပြီးတော့ အချစ်ရေးတစ်ခုမှာ ကိုယ့်သဘောဆန္ဒကို ရှင်းရှင်းလင်းလင်းပြောပြထားသင့်တယ်ဆိုတာရယ်၊ ငါ့ထက် သူငယ်ချင်းတွေကိုပဲ အမြဲဦးစားပေးတာမျိုးကို လက်သင့်မခံရဘူးဆိုတာ သိလာစေတယ်။ ပြီးတော့ အရာအားလုံးထက် ငါ့ကိုယ်ငါ ဦးစားပေးရမယ်ဆိုတာလည်း သိလာတယ်လေ။

ငါ့ကို တစ်ကြိမ်မကဘဲ မရေမတွက်နိုင်လောက်အောင် လိမ်ခဲ့တယ်။ နင့်ကြောင့်ပဲ အပြောထက် အလုပ်က ပိုအရေးပါတယ်ဆိုတာ သိလာတယ်။ တကယ်တော့ ချစ်တယ်ဆိုတာ စကားလုံးသက်သက်မဟုတ်ဘူးဟ။ နင့်အချစ်ကို ရဖို့ သနားစရာကောင်းလောက်အောင်ကို ငါတောင်းပန်ခဲ့ရင် တောင်းပန်ခဲ့ဖူးလိမ့်မယ်။ ဒါပေမဲ့ အခုတော့ ငါ့ကိုချစ်တဲ့၊ ဂရုစိုက်တဲ့သူတွေအနားမှာနေရင်း ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပြီလေ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ငါ့ကို အနက်ရှိုင်းဆုံး စိတ်ဒဏ်ရာတွေပေးသွားလို့လည်း ကျေးဇူးတင်တယ်။ နင်ငါ့ကို တချိန်လုံးဆဲရေးတိုင်းထွာနေတာ၊ လိုသုံးလို သဘောထားနေတာ၊ နင်လုပ်ချင်တာလုပ်လို့ရတဲ့ အရုပ်လေးတစ်ရုပ်လို ဆက်ဆံခဲ့တာတွေက ငါ့စိတ်ကို ဆိုးဆိုးဝါးဝါး ထိခိုက်စေခဲ့တယ်။ တကယ်တော့ ငါလည်း အသွေးနဲ့ အသားနဲ့ ခံစားချက်နဲ့ တည်ဆောက်ထားတဲ့ လူတစ်ယောက်ပဲလေ။ ဘယ်သူ့အရုပ်မှ မဟုတ်ဘူး။ ငါ့ကိုယ်ငါပဲပိုင်တာ။ နင့်ဆန္ဒအတိုင်း လိုက်ပြောင်းလဲပေးနေစရာမှ မလိုတာပဲ။ လူတစ်ယောက်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အဖြည့်ခံသက်သက်ဖြစ်နေပြီဆိုရင်တော့ အမြန်ဆုံးပဲ ထွက်ခွာသွားသင့်တယ်ဆိုတာ အခုတော့ ငါ သဘောပေါက်သွားပြီလေ။         နောက်ဆုံးပြောချင်တာတော့ ငါ့အဖေကို နင်အမြဲတမ်း မကောင်းပြောနေခဲ့လို့ ကျေးဇူးတင်တယ်ဆိုတာပါပဲ။ ငါ့မိသားစုထက် ဘယ်အရာကမှ အရေးမကြီးဘူးဟ။ ဘယ်အရာကမှ အရေးမကြီးတာနော်။ တစ်နေ့ကျရင် ငါ့အဖေလို လူမျိုးတစ်ယောက်ကိုပဲ လက်ထပ်မယ်။ ဘာလို့လဲဆိုတော့ အဖေ့အတွက်ဆို ငါက မင်းသမီးတစ်ပါးပဲလေ။ အခက်အခဲတွေ ရင်ဆိုင်ရပြီဆိုရင် အဖေက နင့်လို ထွက်ပြေးမသွားဘဲ ငါ့ကို အမြဲအားပေးခဲ့တာ။ ဒါကြောင့် အခက်အခဲတွေ ရင်ဆိုင်ရချိန်မှာလည်း ဆိုးတူကောင်းဖက် အမြဲအတူတူရှိနေမယ့် အဖေ့လိုလူမျိုးကိုပဲ ငါ့ဘဝအတွက် လက်တွဲမယ်။

ဒါကြောင့် နင့်ကို ပြောချင်တာက ငါ့ရှေ့ဘယ်တော့မှ ထပ်ပေါ်မလာပါနဲ့တော့လို့။ နင်မရှိမှ ဘဝကြီးက ပိုနေပျော်စရာကောင်းလွန်းလို့ပါဟာ…။

ဒီစာစောင်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် SHARE ပေးသွားပါဦးနော်။