“မြင်မြင်ချင်း ချစ်မိတယ်” ဆိုတာ တကယ်ရော ဖြစ်နိုင်လို့လား

blank

           “မြင်မြင်ချင်း ချစ်မိတယ်” တဲ့။ ဒီစကားလေးကို ကဗျာတွေ၊ စာတွေမှာသာမက လက်တွေ့ဘဝရဲ့ ရေလဲသုံးချစ်စကားလေးတွေမှာပါ တွေ့နေရပါတယ်။ တကယ်ရော ဒီလို မြင်မြင်ချင်းချစ်မိသွားနိုင်လား။ မြင်မြင်ချင်းအချစ်က တကယ်ရော စစ်မှန်ရဲ့လား။ မျက်လုံးချင်းဆုံတာနဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားပါပြီလို့ ဘယ်လိုပြောနိုင်မှာလဲ။

ပထမဆုံးပြောရရင် မြင်မြင်ချင်းချစ်မိတယ်ဆိုတာကို အဓိပ္ပာယ်သတ်မှတ်ဖို့ ခက်ခဲပါတယ်။ ရင်ခုန်သွားမိတာဖြစ်နိုင်သလို ချစ်မိသွားတာလဲဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သိထားရမှာတစ်ခုက ရင်ခုန်တာနဲ့ ချစ်တာနဲ့ မတူဘူးဆိုတာပါပဲ။ တစ်ခါတလေမှာ စဉ်းစားမိလိမ့်မယ်… အခုမှတွေ့ဖူးတဲ့ သူစိမ်းတစ်ယောက်ရဲ့ မျက်လုံးထဲမှာ အနာဂတ်ဘဝတစ်ခုလုံးကို တွေ့ရှိသွားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ပေါ့။ တကယ်တော့ ဖြစ်နိုင်ပါတယ်။

လူတိုင်းမှာ သူတို့စိတ်ကို ဆွဲဆောင်နိုင်တဲ့ အရာလေးတွေရှိပါတယ်။ ဆံပင်ရှည်တွေကို မြတ်နိုးတဲ့ယောက်ျားလေးအတွက် ဆံပင်ရှည်ကြီးတွေနဲ့ မိန်းကလေးတွေက ဆွဲဆောင်မှုရှိတယ်။ အရပ်ရှည်တဲ့ကောင်လေးတွေကိုမှ ရင်ခုန်တဲ့ကောင်မလေးတွေအတွက် အရပ်ရှည်တဲ့ကောင်လေးတွေက ဆွဲဆောင်မှုရှိတယ်။ အဲဒီလို ဆွဲဆောင်မှုရှိတဲ့သူကို မြင်လိုက်ရတဲ့ခဏမှာ အတိတ်က တစ်စုံတစ်ယောက်ကို သတိရသွားတာစေတာမျိုးဖြစ်တတ်တယ်။  ပြီးတော့ စိတ်ထဲမှာ ရင်းနှီးသလို ခံစားရတတ်တယ်။ အဲဒီလိုနဲ့ အလွယ်တကူ ချစ်မိသွားတတ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နောက်တစ်ခုက ကိုယ်ချစ်ရတဲ့သူနဲ့ အမူအကျင့်၊ ရုပ်သွင် တစ်မျိုးမျိုးမှာ တူနေတတ်ခြင်းပါ။ အဲဒီလို တူညီမှုတွေကို ဦးနှောက်က အလွယ်တကူမှတ်မိပြီး နှလုံးသားကို ဆက်သွယ်ပေးတဲ့အတွက် အခုမှတွေ့တဲ့သူစိမ်းဖြစ်နေရင်တောင် အလွယ်တကူ သံယောဇဉ်တွယ်သွားတတ်ကြတယ်။ ပြီးတော့ ရင်ခုန်တယ်။ ဒီလိုကနေစပြီး မြင်မြင်ချင်း ချစ်မိသွားတယ်ဆိုတာ ဖြစ်လာတာပါပဲ။

ဒါကြောင့်အနှစ်ချုပ်ပြောရရင် မြင်မြင်ချင်းချစ်မိတယ်ဆိုတာ တကယ်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မြင်မြင်ချင်းချစ်မိတဲ့ ချစ်သူတိုင်း တစ်သက်တာလုံး ပေါင်းဖက်သွားရမယ်ဆိုတာတော့ ပုံသေသတ်မှတ်လို့ မရပါဘူး။ မြင်မြင်ချင်းချစ်တာက သပ်သပ်၊ ရာသက်ပန်ချစ်သွားနိုင်ဖို့ သစ္စာ၊ မေတ္တာ၊ နားလည်မှုတွေ ထားရမှာက သပ်သပ်မဟုတ်လား။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။