ချစ်ခြင်းဟာ အသားအရေအပေါ်မှာ အကျိုးသက်ရောက်မှုရှိနိုင်သလား။

blank

လူတိုင်းရဲ့ ပါးစပ်ဖျားမှာ “ဟယ် သူကလှလိုက်တာ” လို့ဖြစ်နေဖို့ဆိုတာဟာ မိတ်ကပ်ကောင်းကောင်းလိမ်းတတ်ဖို့တင် လိုအပ်တာမဟုတ်ဘဲ အသားအရေကောင်းမွန်ဖို့လည်း လိုအပ်ပါတယ်။ အသားအရေကောင်းမွန်ဖို့ဆိုတာကတော့ Skincare ကိုသေချာပုံမှန်လေး လုပ်ဆောင်ပေးဖို့ လိုအပ်တာပေါ့။ Skincare အပြင် ပတ်ဝန်းကျင်၊ အစားအသောက်စတဲ့အရာတွေကလည်း အရေးပါတယ်ဆိုတာကို မယ်လှချင်လေးတိုင်း သိကြပေမယ့် စိတ်ခံစားချက်တွေကကော အသားအရေပေါ်မှာ အကျိုးသက်ရောက်မှုရှိသလားဆိုတာကို စဉ်းစားဖို့တော့ အားလုံးက မေ့လျော့နေတတ်ကြပါတယ်။

တကယ်တော့ ပြီးပြည့်စုံတဲ့အလှတရားရဲ့ သော့ချက်ဆိုတာဟာ ခန္ဓာကိုယ်အတွင်းပိုင်းမှာ တည်ရှိတာဖြစ်တဲ့အတွက် ကျွန်မတို့ရဲ့ စိတ်ခံစားချက်တွေအားလုံးဟာ အသားအရေပေါ်မှာ အကျိုးသက်ရောက်မှုရှိပါတယ်။ စိတ်ခံစားချက်တွေအားလုံးထဲမှာမှ အချစ်က အသားအရေပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိတယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အချစ်က အသားအရေကို လင်းလက်တောက်ပစေနိုင်တယ်ဆိုတာ တကယ်မှန်ပါတယ်တဲ့။ သိပ္ပံပညာဆိုင်ရာ လေ့လာတွေ့ရှိချက်တွေအရ ချစ်ခြင်းကြောင့် စိတ်လှုပ်ရှားတဲ့အခါမှာ ထွက်ပေါ်လာတတ်တဲ့ အောက်စီတိုစင် (Oxytocin) လို့ခေါ်တဲ့ ဟော်မုန်းတွေဟာ အသားအရေအပေါ်မှာ ဘယ်လိုပေါင်းတင်မှုမျိုးနဲ့မှ မတူတဲ့ ကောင်းကျိုးကို ရရှိစေပါတယ်တဲ့။

Oxytocin ဆိုတာဟာ သံယောဇဉ်ဖြစ်စေတဲ့ ဟော်မုန်းလို့ အများက ညွှန်းဆိုတတ်ကြတဲ့ အချစ်ဟော်မုန်းပါပဲ။ ချစ်သူအချင်းချင်းကြားမှာ သံယောဇဉ်တိုးလာအောင်၊ မိခင်နဲ့ ကလေးကြားမှာ အချစ်တွေတိုးလာအောင်၊ ခွေးကလေး၊ ကြောင်ကလေးတွေနဲ့ လူတွေကြားမှာ သံယောဇဉ်ဖြစ်အောင် လုပ်ဆောင်ပေးနိုင်တာဟာ Oxytocin ပါ။ ဒါ့အပြင် Oxytocin ဟာ ပျောက်ကင်းဖို့ခက်ခဲနေတဲ့ တချို့သောရောင်ရမ်းမှုတွေကိုလည်း လျော့ကျစေနိုင်ပါတယ်တဲ့။ ဒါကြောင့် Oxytocin များလေလေ ဓာတ်မတည့်တာတွေနည်းပြီးတော့ ပိုတောက်ပလာလေလေပါပဲ။ ဒါ့အပြင် အသားအရေကို ဆိုးကျိုးတွေကိုဖြစ်ပေါ်စေတဲ့ Cortisol ပမာဏကိုလည်း လျော့နည်းစေပါတယ်တဲ့။ ဒါပေမဲ့ Oxytocin ဟော်မုန်းတွေထွက်ပေါ်လာစေတဲ့ အချစ်ဟာ သင့်ကို တစ်ချိန်လုံး ပျော်ရွှင်အူမြူးနေစေနိုင်တာမို့ ပါးစပ်ကြီး နားရွက်တက်ချိတ်သွားမှာကိုတော့ သတိထားဖို့ လိုအပ်ပါလိမ့်မယ်နော်။

စာချစ်သူတို့သိတဲ့ ချစ်ခြင်းရဲ့ အခြားသောကောင်းကျိုးလေးတွေကိုလည်း comment box မှာမျှဝေပေးခဲ့ပါဦးနော်။