ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်တာမှန်လား။ မလှုပ်မယှက်နေတာ ကောင်းလား။

          ကျွန်မက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ပါ။ လူအများစုလိုပဲ ကိုယ်ဝန်ဆောင်ချိန်မှာ ငြိမ်ငြိမ်လေးနေရမယ်လို့ ထင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အိုဂျီလုပ်နေတဲ့ ကျွန်မသူငယ်ချင်းက ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကလေးမီးဖွားဖို့ လွယ်ကူစေတဲ့အပြင်

  • ကျောအောင့်တာကို သက်သာစေတယ်။ ဝမ်းချုပ်တာ၊ ဝမ်းဖောတာတွေကို သက်သာစေတယ်။
  • စိတ်ကိုကြည်လင်စေတယ်။
  • အဝလွန်ခြင်းကို ကာကွယ်ပေးတယ်။
  • နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ်။
  • ကြွက်သားတွေကို ပြေလျော့စေတယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ပြီး ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေ၊ ယောဂလေ့ကျင့်ခန်းလေးတွေ၊ လမ်းလျှောက်တာလေးတွေ လုပ်ဖို့ အကြံပေးပါတယ်။ အဲ့ဒီအကြောင်းကို အိမ်ကလူတွေကို ပြောပြဖြစ်တော့ အိမ်ကလူကြီးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ငြိမ်ငြိမ်လေးပဲ နေသင့်တယ်၊ ကိုယ်ဝန်ပျက်ကျလိမ့်မယ်လို့ ပြောပါတယ်။

ကျွန်မသူငယ်ချင်းကတော့ အဆုတ်နဲ့သက်ဆိုင်တဲ့ရောဂါ၊ နှလုံးရောရါရှိတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်ချိန်ကျမှ သွေးစတိုးတဲ့သူတွေ၊ သားအိမ်ခေါင်းမှာ ပြဿနာရှိတဲ့သူတွေ၊ လမစေ့ဘဲ ကလေးမွေးတတ်သူတွေ၊ သွေးအားနည်းရောဂါရှိသူတွေသာ ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်လို့မရဘူးလို့ ပြောပါတယ်။ ပြီးတော့ တတ်ကျွမ်းနားလည်သူနဲ့ တိုင်ပင်ပြီး တစ်ရက်ကို နာရီဝက်လောက်တော့ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်သင့်တယ်လို့ ပြောပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့

အိမ်နီးပါးနီးကို လမ်းလျှောက်ထွက်တာမျိုး…

အိမ်ထောင်ဖက်နဲ့အတူ ညနေခင်းလမ်းလျှောက်တာမျိုး…

အခြားကိုယ်ဝန်ဆောင်တွေနဲ့အတူ လေ့ကျင့်ခန်းလုပ်တဲ့နေရာတွေမှာ ပူးပေါင်းလုပ်ဆောင်တာမျိုးတွေ လုပ်သင့်တယ်လို့လည်း အကြံပေးပါတယ်။ အကယ်၍ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ…

  • မူးဝေခြင်း
  • အသက်ရှူမဝခြင်း
  • ရင်ဘတ်နာကျင်ခြင်း
  • မောပန်းခြင်း
  • မိန်းမကိုယ်မှ သွေးနဲ့ အရည်ကြည်တွေ ဆင်းခြင်း
  • ဗိုက်ထဲက ကလေးလှုပ်ရှားမှုမရှိတော့ခြင်းတွေ ဖြစ်တယ်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်တာကို ရပ်ပြီး ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်တယ်လို့ ဆိုပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်ပေါ်တဲ့ ခန္ဓာကိုယ်အပြောင်းအလဲတွေ၊ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်စေတယ်လို့လည်း တတ်ကျွမ်းနားလည်သူတွေက အကြံပေးထားတာဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်လုပ်သင့်တယ်လို့ ထင်လား။

ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားချိန်အထိ ရက်တစ်ထောင်ခရီးအတွက် လိုအပ်မယ့်ဗဟုသုတလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Obipluz တို့မှ ပူပေါင်းစီစဉ်တင်ဆက်ပေးထားပါတယ်ရှင်။