ကိုယ့်အချစ်ရေးမှာသူတစ်ပါးစကားကိုနားယောင်ပြီးဆုံးဖြတ်ချက်မချပါနဲ့။

အချစ်နဲ့ပတ်သက်ရင် လူတိုင်းဟာကိုယ့်ကိုယ်ကိုယ် ပါရဂူဘွဲ့ရထားတယ်လို့ သတ်မှတ်ထားတတ်ကြတာပါ။ သင့်အချစ်ရေးကိုတောင်မှ သင့်ထက် ပိုသိတယ်လို့ ထင်နေတတ်ကြပါတယ်။

တကယ်ကတော့ လူတစ်ယောက်နဲ့ တစ်ယောက်ကြုံဆုံရတဲ့ အချစ်ရေးဆိုတာကွဲပြားပါတယ်။ အချစ်ဆိုတာဓားရှတာ၊ အအေးမိတာလိုမျိုးတစ်ပုံစံတည်းခံစားရတတ်တဲ့အရာမဟုတ်ပါဘူး။ ချစ်သူနဲ့ ပတ်သက်ပြီးခံစားရသမျှကိုကာယကံရှင်တွေသာသိနိုင်မှာပါ။ ဒါကြောင့် သင့်အချစ်ရေးနဲ့ပတ်သက်ပြီးဘယ်သူ့ဆီကမှ အကြံဉာဏ်မတောင်းပါနဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သင်တို့ကြားက ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ အမေ၊ သူငယ်ချင်းတွေနဲ့ ညီမတွေကိုရင်ဖွင့်ရင်ကောင်းမလားစဉ်းစားဖူးမှာပါ။ တချို့တွေဆိုအင်တာနက်ပေါ်ကသူစိမ်းတွေကိုတောင် ပြောပြကြသေးတယ်မလား။ တခြားသူတွေကသင်တို့နှစ်ယောက် ဘယ်အရာကိုရင်ဆိုင်နေရတယ်ဆိုတာမသိဘဲသူတို့ကြုံဖူးတဲ့အခြေအနေတွေပေါ်မှာပဲမူတည်ပြီးအကြံပေးနိုင်မှာပါ။ ဒါကြောင့် သူတို့အကြံဥာဏ်ကိုယူပြီးဆုံးဖြတ်ချက်ချလိုက်ခြင်းကသင်တို့အချစ်ရေးကိုအဆိုးဝါးဆုံးဖြစ်သွားစေပါလိမ့်မယ်။

သင့်အချစ်ရေးနဲ့ ပတ်သက်ပြီးတစ်စုံတစ်ခုမှားယွင်းနေလို့ ပြန်ပြင်ဆင်ချင်တယ်ဆိုရင် ဒီအချစ်ရေးမှာထပ်တူထပ်မျှခံစားရတဲ့သူဖြစ်တဲ့ သင့်ချစ်သူကိုဖွင့်ပြောလိုက်ပါ။ ဒီပြဿနာတွေအားလုံးရဲ့ အဖြေကိုသူကပဲပေးနိုင်မှာပါ။ သင်တို့နှစ်ယောက်ရည်မှန်းထားတဲ့ အနာဂတ်ကိုလည်းသူပဲသိရှိတာပါ။ ဒါကြောင့် တခြားသူတွေဆီကအကြံဉာဏ်တောင်းပြီးသင့်အချစ်ရေးကိုမဆိုးဝါးပါစေနဲ့။ အဆုံးသတ်မှာခံစားရမှာသင်တစ်ယောက်တည်းပါ။

စာချစ်သူတို့လည်းအချစ်ရေးမှာ ပြဿနာတွေကြုံလာတဲ့အခါမှာဘယ်လိုဖြေရှင်းဖြစ်တယ်ဆိုတာ comment box မှာ မျှဝေပေးသွားပါဦးနော်။