သင့်ရင်သွေးလေးကို ဆံပင်မရိတ်ပေးခင် ဒါလေးအရင်ဖတ်ပါ။

မေမေတို့ရေ…

လသားအရွယ်ရင်သွေးလေးကို ကတုံးတုံးပေးဖို့ စိတ်ကူးနေပြီလား။ ဒီလိုဆိုရင်တော့ မေမေ တို့ သိထားသင့်တဲ့အချက်လေးတွေကို လေ့လာနိုင်ဖို့ ဝေမျှချင်တာလေးတွေ ရှိပါတယ်။

အာရှနိုင်ငံအများစုမှာတော့ အမေတွေချင်းလက်ဆင့်ကမ်းလာကြတဲ့ “ ကလေးတွေကို ဆံပင် များများရိတ်ပေးလေ ကလေးဆံပင်သန်ပြီး ထူလာလေ” ဆိုတဲ့ စကားက အထူးရေပန်းစားပါတယ်။ က လေးဆံပင်တွေသန်ဖို့ ဆံပင်ရိတ်ပေးဖို့ အရေးကြီးတယ်လို့လည်း ထင်ကြပါတယ်။

တကယ်တော့ အဲ့ဒီလိုမဟုတ်ပါဘူး။ ပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်အရ ကလေးရဲ့ဆံပင် သန်ခြင်း၊ မသန်ခြင်းဆိုတာ ကလေးရဲ့မွေးရာပါမျိုးရိုးဗီဇအရ ကြိုတင်သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကလေးတွေဟာ သူတို့အမြဲပိုင်ဆိုင်သွားရမယ့် ဆံပင်မွေးညင်းပေါက်တွေနဲ့ မွေးဖွား လာကြပြီးသား ဖြစ်ပါတယ်။

ဆံပင်မွေးညင်းပေါက်လေးတွေဆိုတာ ဆံပင်ထွက်တဲ့ ဦးရေပြားမျက်နှာပြင် အောက်ခြေဆဲလ် တွေရဲ့အိတ်လေးတွေဖြစ်ပြီး မွေးညင်းပေါက်အရွယ်အစား အကြီးအသေးက ကလေးရဲ့ဆံပင်သန်ခြင်း၊ မသန်ခြင်းကို ဆုံးဖြတ်ပေးပါတယ်။ မွေးညင်းပေါက်ကြီးလေလေ ဆံပင်သန်လေလေပါပဲ။ မွေးညင်း ပေါက်အရေအတွက် အနည်းအများကတော့ ဆံပင်ထူခြင်း၊ ပါးခြင်းကို ဆုံးဖြတ်ပေးပါတယ်။

ဒါကြောင့် မေမေတို့ရေ…

ဆံပင်ရိတ်ပေးရုံနဲ့ ကလေးရဲ့ဦးရေပြားမှာ တည်ရှိနေပြီးသား နဂိုမွေးညင်းပေါက်အမြစ်တွေကို ပြောင်းလဲသွားစေဖို့က မဖြစ်နိုင်ပါဘူးနော်။ ဒါက မျိုးရိုးဗီဇနဲ့သာ သက်ဆိုင်တာဖြစ်ပြီး ခေါင်းရိတ်ခြင်း မ ရိတ်ခြင်းနဲ့ မဆိုင်ပါဘူး။ ကျွမ်းကျင်ပညာရှင်တွေကတော့ ခေါင်းရိတ်ခြင်းက အခန့်မသင့်ရင် ကလေးရဲ့ ဦးခေါင်းကို ထိခိုက်စေနိုင်တယ်လို့တောင် သတိပေးထားကြတာပါ။ ဘာကြောင့်လဲဆိုတော့ ကလေး တွေရဲ့ငယ်ထိပ်ဟာ အလွန်နူးညံ့ပြီး ဦးခေါင်းခွံရိုးတွေကလည်း အပြည့်အဝမရှိသေးလို့ပါပဲ။

ကဲ… မေမေတို့လည်း ကလေးဆံပင်သန်ဖို့ ခေါင်းရိတ်တော့မယ်ဆိုရင် ဒါလေးကို သတိရလိုက် ပါနော်။

ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားချိန်အထိ ရက်တစ်ထောင်ခရီးအတွက် လိုအပ်မယ့်ဗဟုသုတ လေးတွေကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Biogesic Kids တို့မှ ပူပေါင်းစီစဉ်တင်ဆက်ထားပါတယ်ရှင်။

ဘေဘီလေးတွေကို ပျိုးထောင်ပေးနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဗဟုသုတရစေဖို့ ဝေမျှ ပေးလိုက်ပါဦး။