သမီးတွေကိုသင်ပေးရမယ့်အရာ

blank

သင့်သမီးလေးကိုယုံကြည်မှုရှိရှိနဲ့ သွားလာနိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်စေဖို့….။

“သမီးဝလာတယ်နော်” “သမီးပိန်သွားတယ်” စတဲ့ မှတ်ချက်တွေကိုဘယ်တော့မှ မပေးပါနဲ့။ အဲ့ဒီအစားသူမရဲ့ ခန္ဓာကိုယ်ကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုသင်ပေးပါ။ သင့်သမီးလေးမှာလှပတဲ့ ခန္ဓာကိုယ်အချိုးအဆကိုပိုင်ဆိုင်ထားတယ်ဆိုရင်လည်း “သမီးကြည့်ရတာကျန်းမာသန်စွမ်းတဲ့ ပုံပဲ” လို့ပဲချီးကျူးပါ။ ပိန်ခြင်း၊ ဝခြင်း၊ ခန္ဓာကိုယ်လှပခြင်းတွေထက် သူမကိုယ်သူမချစ်တတ်ဖို့ လိုတယ်ဆိုတာကိုသင်ပေးပါ။

“ စိတ်ချမ်းသာနေလို့ ထင်တယ်။ သမီးအသားအရေတွေလှလာတယ်။

ညအိပ်ရေးမဝလို့လား။ ဝက်ခြံတွေထွက်နေတယ်” လို့ပြောချင်ပြောပါ။

သင့်သမီးကိုသူမကိုယ်သူမချစ်စေချင်တယ်ဆိုရင်…

သင့်သမီးရှေ့မှာအခြားမိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အကြောင်းမှတ်ချက်မပေးပါနဲ့။ သင့်ခန္ဓာကိုယ်ကအပြစ်အနာတွေကိုလည်းသင့်သမီးရှေ့မှာမပြောပါနဲ့။ မိန်းကလေးတစ်ယောက်ရဲ့ အလှဆိုတာ ကြင်နာမှုတွေပြည့်နေတဲ့ နှလုံးသားပဲဆိုတာကိုနားလည်နေပါစေ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အမျိုးသမီးတစ်ယောက်ဟာဝိတ်လျှော့ဖို့ထက် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားဖို့ အရေးကြီးတယ်ဆိုတာ….

ပိန်အောင် လေ့ကျင့်ခန်းလုပ်ဖို့ထက် စိတ်ဖိစီးမှုလျှော့ချဖို့ လေ့ကျင့်ခန်းလုပ်သင့်တယ်ဆိုတာ….

သဘာဝအလှတရားတွေကိုခံစားချင်တယ်ဆိုရင် တောင်ထိပ်ကိုတက်ဖို့ လိုတယ်ဆိုတာ….

လှိုင်းလေးတွေရဲ့ အငြိမ့်မှာပျော်ရွှင်မှုကိုခံစားရမယ်ဆိုတာ….

လူတွေအထင်ကြီးအောင် အားကစားလုပ်ပြဖို့ထက် ယုံကြည်မှုရှိတဲ့ အမျိုးသမီးဖြစ်အောင်၊ စိတ်ဓာတ်ကြံ့ခိုင်အောင် အားကစားလုပ်သင့်တယ်ဆိုတာ….

အသက်ဘယ်လောက်ပဲ ကြီးသွားကြီးသွားခင်မင်ရတဲ့ သူငယ်ချင်းတွေရှိဖို့ လိုတယ်ဆိုတာသင်ပေးပါ။

ပေါင်တံလှလှလေးတွေ၊ ခါးသေးရင်ချီတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ချင်တာကမိန်းကလေးအများစုရဲ့ ဆန္ဒပါ။ ဒါပေမဲ့ ကိုယ့်ရဲ့အိပ်မက်တွေဆီချီတက်ဖို့ သန်စွမ်းတဲ့ခြေထောက်နဲ့ ရည်မှန်းချက်တွေပြည့်အောင် ကြိုးစားဖို့ ကျန်းမာသန်စွမ်းဖို့ လိုတယ်ဆိုတာကိုပြောပြပေးပါ။

သင့်ဆီမှာလေ… သမီးလေးတစ်ယောက်လောက်ရှိရင် ပြောပြပေးပါ။ သူမရဲ့ ခန္ဓာကိုယ်ဟာစိတ်ထားအလှတွေကိုထင်ဟပ်စေတဲ့ အရာတစ်ခုသာ ဖြစ်သင့်တယ်ဆိုတာကိုပေါ့။