မဆုံတဲ့ဖူးစာကနေရရှိနိုင်တဲ့ သင်ခန်းစာများ

blank
couple holding broken heart

အချစ်ရေးတိုင်းဟာပေါင်းဖက်မှုနဲ့ အဆုံးသတ်ကြတာမဟုတ်ဘဲအသည်းကွဲခြင်းတွေ၊ ဆုံးရှုံးမှုတွေနဲ့လည်းအဆုံးသတ်နိုင်တယ်ဆိုတာအားလုံးသိကြပါတယ်။ ဖူးစာမပါလို့ လမ်းခွဲပြီးတဲ့နောက်မှာ ကျွန်မတို့အားလုံးဟာချစ်ရသူကိုဆုံးရှုံးလိုက်ရပြီဆိုတဲ့ အပေါ်မှာပဲယူကြုံးမရဖြစ်တတ်ကြတယ်။ နှစ်ကိုယ်တူစိတ်ကူးယဉ်ပြီးအစီအစဉ်တွေချခဲ့ရတဲ့ အနာဂတ်အစီအစဉ်တွေဟာမဖြစ်လာနိုင်တော့ဘူးဆိုတဲ့အသိနဲ့ ဆို့နင့်ကြေကွဲတတ်ကြတယ်။

တကယ်တော့ ဒီပြတ်စဲသွားတဲ့အချစ်ရေးတိုင်းဟာကြေကွဲဝမ်းနည်းရမှုတွေလိုမကောင်းတာတွေပဲချန်ရစ်ခဲ့တာတော့မဟုတ်ပါဘူး။ အခုပြောပြမှာကတော့ ပြတ်စဲသွားတဲ့အချစ်ရေးတစ်ခုကနေရရှိလိုက်နိုင်တဲ့ သင်ခန်းစာလေးတွေပါပဲ။

၁။ ပြတ်စဲသွားတဲ့အချစ်ရေးတွေဟာကျွန်မတို့ကိုကိုယ့်အကြောင်းကိုယ် ပိုမိုသိရှိစေပြီးဘယ်လိုနေရာတွေမှာ ကျွန်မတို့ ပိုမိုရှင်သန်နိုင်တယ်ဆိုတာ ပြပါတယ်။

တစ်စုံတစ်ယောက်နဲ့ နီးကပ်စွာနေထိုင်ခြင်းဟာကျွန်မတို့ကိုကိုယ့်ကိုယ်ကိုယ် ပိုမိုသိမြင်စေပါတယ်။ ကိုယ့်ကိုယ်ကိုယ် အခြားရှုထောင့်တစ်ခုကနေ ကြည့်မြင်စေလိုက်နိုင်ပါတယ်။ အငြင်းပွားမှုတစ်ခုကနေပြီးတော့ ကိုယ့်တန်ဖိုး၊ ကိုယ့်ယုံကြည်မှု၊ ကိုယ့်စည်းမျဉ်းစတာတွေကိုမီးမောင်းထိုးပြလိုက်နိုင်ပါတယ်။ ကျွန်မတို့ဘဝထဲကိုဝင်လာခဲ့တဲ့လူတစ်ဦးချင်းစီတိုင်းဟာ ကျွန်မတို့ကိုပုံသွင်းနိုင်ပြီးတော့ သေရာပါမယ့် ဒဏ်ရာတစ်ခုကိုပေးခဲ့ပါတယ်။

ကျွန်မတို့ရဲ့ အချစ်ရေးဟာ ကျွန်မတို့ရဲ့ အားနည်းချက်တွေကိုမီးမောင်းထိုးပြနိုင်ပြီးတော့ ဒီအားနည်းချက်တွေကိုကုစားနိုင်အောင် ကူညီပေးနိုင်သလိုအတိတ်တုန်းကရခဲ့တဲ့စိတ်ဒဏ်ရာတွေကိုလည်းကုစားပေးနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြတ်တောက်သွားတဲ့ဆက်ဆံရေးတစ်ခုဟာကိုယ့်အတွက် မှန်ကန်တဲ့သူတစ်ယောက်ကိုရှာဖွေတွေ့ရှိနိုင်အောင် တစ်ဖက်တစ်လမ်းကနေကူညီပေးနိုင်တယ်ဆိုတာတော့ မငြင်းနိုင်တာအမှန်ပါပဲ။

၂။ အားနည်းချက်တွေကိုကုစားပေးနိုင်တယ်။

အားနည်းချက်ဆိုတာရွှေပါ။ အချစ်ရေးတစ်ခုမှာဆိုရင် ကျွန်မတို့အားလုံးဟာ ကျွန်မတို့ရဲ့ နှလုံးသားကိုဖွင့်ဟတတ်ဖို့ သင်ကြားလာရပါတယ်။ အချင်းချင်းချစ်ခင်မှု၊ ဂရုစိုက်မှု၊ နားလည်နိုင်မှုစတာတွေကိုအချစ်ရေးမှာအားလုံးတွေ့ရှိနိုင်ပါတယ်။ အချစ်ရေးမှာပွင့်ပွင့်လင်းလင်းရှိလေလေအားနည်းချက်ကိုအကောင်းဆုံးသူငယ်ချင်းအဖြစ်ပြောင်းလဲဖို့ အခွင့်အရေးများလေလေပါပဲ။

လူအများစုဟာပွင့်လင်းရိုးသားဖို့ကိုကြောက်ရွံ့တတ်ကြပါတယ်။ အထူးသဖြင့် အသည်းကွဲဖူးတဲ့သူတွေပေါ့။ နာကျင်မှုတွေကိုခံစားနေရပေမယ့် အားနည်းချက်ကိုလှစ်ဟပြဖို့ ဆုံးဖြတ်ခြင်းဟာကျွန်မတို့ လုပ်နိုင်သမျှထဲမှာအရဲရင့်ဆုံးပါ။ ကိုယ့်ကိုယ်ကိုယ် ဖွင့်ဟလိုက်ခြင်းဟာကျရှုံးမှုတစ်ခုမဟုတ်ဘူးဆိုတာသိလာတာနဲ့အမျှ ဒီအချစ်ရေးကိုပိုမိုအလေးထားမိလာမှာပါ။

         ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၃။ အနာဂတ်ကို ကြိုတင်တွက်ဆထားလို့မရဘူးဆိုတာသဘောပေါက်စေတယ်။

ကျွန်မတို့အားလုံးဟာအနာဂတ်အတွက် အသင့်ဖြစ်နေအောင် ပြင်ဆင်ထားလေ့ရှိပါတယ်။ အချစ်ရေးတွေ ရှင်သန်နေစေချင်တာလည်း ကျွန်မတို့ အနာဂတ်အစီအစဉ်တွေထဲကတစ်ခုပါ။ အချစ်ရေးတွေ ပြတ်စဲရခြင်းရဲ့ ရင်အနာရဆုံးအပိုင်းကတော့ အတူတူစိတ်ကူးယဉ်ခဲ့ရတဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တစ်ခုမှမရှိတော့ဘဲအထားခဲ့ခံရတယ်ဆိုတာပါပဲ။ တကယ်လို့များအနာဂတ်အတွက်ပဲစဉ်းစားမနေဘဲနဲ့ ရှိနေစဉ်မှာပဲအတတ်နိုင်ဆုံးတန်ဖိုးထားမယ်ဆိုရင်ကောဘယ်လိုတွေ ပြောင်းလဲသွားနိုင်မလဲ။အနာဂတ်ဆိုတာသေချာတွက်လို့ရတဲ့ ခရီးတစ်ခုမဟုတ်ပါဘူး။ ဒါကြောင့် ပစ္စုပ္ပန်ကာလကိုပဲပိုမိုတန်ဖိုးထားရမယ်ဆိုတာသိရှိစေမှာပါ။

စာချစ်သူတို့ကောမဆုံစည်းနိုင်ခဲ့တဲ့အချစ်တစ်ခုကနေဘယ်လိုသင်ခန်းစာလေးတွေ ရရှိခဲ့ဖူးတယ်ဆိုတာ comment box မှာမျှဝေခဲ့ပါဦးနော်။