အသက်(၆) လအရွယ်သားလေးကို မိခင်နို့တစ်မျိုးတည်းတိုက်တဲ့ ဆုံးဖြတ်ချက်ဟာ မှန်လား။ မှားလား။

ကျွန်မဟာ မီးဖွားပြီးစ မိခင်တစ်ယောက်ပါ။ ကျွန်မရဲ့ခင်ပွန်းနဲ့အတူတူ တစ်ရုံးတည်းမှာပဲ အလုပ်လုပ်ပါတယ်။ မီးဖွားခွင့်ရပေမယ့် သားလေးကိုမီးဖွားပြီး (၃) လအကြာမှာ အလုပ်ပြန်ဝင်ရပါတယ်။ အဲ့ဒီအချိန်မှာ  နယ်မှာနေတဲ့ အမေက သားလေးကို ထိန်းပေးဖို့ဆိုပြီး ကျွန်မနဲ့ အတူလာနေပေးပါတယ်။ တစ်နေ့လုံးမှာ သားလေးကိုတိုက်ဖို့ နို့ကိုညှစ်ပြီး ရေခဲသေတ္တာထဲထည့်ထားခဲ့ပါတယ်။  အိမ်မှာအလုပ်လုပ်တဲ့ ညီမလေးရယ် အမေရယ်က သားလေးကို တုန်နေအောင် ချစ်ကြ၊ ဂရုစိုက်ကြတဲ့အတွက် သားလေးကို စိတ်ချလက်ချထားခဲ့နိုင်ပါတယ်။ သားလေးကို လွမ်းတာကတော့ ခြွင်းချက်ပေါ့လေ။

ကျွန်မရဲ့ သားလေးဟာ သူ့အရွယ်အခြားကလေးတွေထက် ထွားသလို လည်လည်းလည်ပါတယ်။ သားလေးကိုကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာဟာရပြည့်ဝအောင် စားခဲ့သလို နို့ချိုတိုက်ကျွေးတဲ့အခါမှာလည်း အာဟာရစုံအောင် စားတဲ့အတွက် သားလေးက ဖွံ့ဖြိုးပါတယ်။ အခုဆိုရင် ပစ္စည်းတွေကို ဆွဲတတ်ပြီ။ သူ့ကိုမြူရင် အားရပါးရပြုံးပြတတ်ပြီ။ အိမ်ကလူတွေကို လိုက်ကြည့်ပြီး သူ့ကိုခေါ်ဖို့ အချက်ပြတတ်ပြီ။ သားလေးရဲ့ ရယ်သံတွေနဲ့ ဖုံးလွှမ်းနေတဲ့ ကျွန်မတို့အိမ်က သိပ်ကိုစိတ်ချမ်းသာပျော်ရွှင်ဖို့ကောင်းပါတယ်။

ပြဿနာကတော့ သားလေး အသက် (၄) အရွယ်လောက်မှာ စပါတယ်။ သားလေးဟာ ဖွံ့ဖြိုးတဲ့အပြင် ဗိုက်လည်းခဏခဏဆာတတ်ပါတယ်။ သူ့ရှေ့မှာတစ်ယောက်ယောက် အစားစားတာမြင်ရင် ဆွဲချင်ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်မအမေက သူ့မြေးက မိခင်နို့နဲ့မရတော့တဲ့အကြောင်း ကျွန်မတို့ငယ်ငယ်တုန်းက ကျွေးခဲ့သလို ထမင်းကို ထောင်းပြီး ကျွေးရင်ကျွေး၊ မဟုတ်ရင် ဝါးပြီး ကျွေးရတော့မယ်လို့ ပြောပါတယ်။ ကျွန်မကဆေးရုံကမဆင်းခင် ဆရာဝန်မှာလိုက်တဲ့အတိုင်း အသက် (၆) လမပြည့်ခင် မိခင်နို့တစ်မျိုးတည်းပဲ တိုက်မယ်လို့ပြောတော့ အမေကကျွန်မပြောတာကို လက်မခံပါဘူး။

  • မိခင်နို့ဟာ ရင်သွေးငယ်တွေအတွက် အသင့်တော်ဆုံးဖြစ်တဲ့အတွက် ထမင်းကျွေးမယ့်အစား မိခင်နို့မှာ  အာဟာရဓာတ်အစုံအလင်ပါဝင်အောင် ဂရုစိုက်သင့်တဲ့အကြောင်း
  • အသက်(၆) လအောက် ကလေးငယ်တွေရဲ့ အစာချေလမ်းကြောင်းဟာ နုနယ်သေးတဲ့အတွက် အစာခဲတွေကို မချေနိုင်သေးတဲ့အတွက် မိခင်နို့ တစ်မျိုးတည်း တိုက်ကျွေးသင့်ကြောင်း
  • ထမင်းဝါးကျွေးခြင်းဟာ အစာခြေစနစ်အတွက် မကောင်းမွန်သလို လူကြီးမှာရှိနေတဲ့ ခံတွင်းဆိုင်ရာ ရောဂါပိုးတွေ ကလေးကို ကူးစက်နိုင်ကြောင်း ရှင်းပြလိုက်တော့ “နင်တို့ငယ်ငယ်ကလည်း ထမင်းဝါးပြီး ကျွေးခဲ့တာပဲ။ အခုမှ ဒါတွေလာပြောနေတယ်” ဆိုပြီး ကျွန်မကိုစိတ်ဆိုးသွားပါတယ်။

ကျွန်မအမေက ကျွန်မကိုစိတ်ဆိုးသွားတာကို စိတ်မကောင်းဖြစ်မိပေမယ့် သားလေးကိုတော့ အသက် (၆) အထိ မိခင်နို့ တစ်မျိုးတည်းတိုက်ကျွေးဖို့ ဆုံးဖြတ်ထားတယ်။ ကျွန်မအမေက ကျွန်မကိုစိတ်ဆိုးတာက တစ်နာရီထက်ပိုမှာမဟုတ်ဘူး။ ဒါပေမဲ့ လက်တွေ့ကျပြီး အချက်အလက်တွေ မှန်ကန်တဲ့ ဆရာဝန်ရဲ့ စကားကို လွန်ဆန်မိရင် သားလေးအတွက် ကျရောက်လာမယ့် အန္တရာယ်တွေက ကျွန်မအတွက်သေရာပါဖြစ်သွားနိုင်တယ်လေ။ သားလေးခဏခဏဆာတတ်ရင် ခဏခဏနို့တိုက်မှာပေါ့။ ကျွန်မရဲ့ ဆုံးဖြတ်ချက်မှန်တယ်မဟုတ်လားဟင်။

ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားပြီးချိန်အထိ ရက်တစ်ထောင်ခရီးအတွက် ဗဟုသုတရစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ Biogesic Kids တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်တဲ့ စာစောင်လေးကို နှစ်သက်တယ်ဆိုရင် ဝေမျှပေးလိုက်ပါဦး။