သားသမီးတွေ တောင်းဆိုသမျှတွေကိုလိုက်လျောရင်းပျိုးထောင်ကြတဲ့အခါ…

blank

           သားသမီးတွေကိုပျိုးထောင်ခြင်းဆိုတာလွယ်ကူတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ သားသမီးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရသလိုသားသမီးတွေ ပူဆာတဲ့အခါ၊ မလုပ်သင့်တာကိုလုပ်တဲ့အခါ တားဆီးရ၊ ငြင်းဆိုရတာကလည်းခက်ခဲတဲ့အလုပ်တစ်ခုပါပဲ။

ချောင်းဆိုးနေတဲ့သားလေးကရေခဲမုန့်စားချင်တဲ့အခါ “နိုး” လို့ ငြင်းရတယ်။

မွေးနေ့ကိတ်ပေါ်ကကရင်မ်တွေကိုစားချင်တဲ့အခါမှာလည်း “နိုး” ရပြန်ရော။

ဘေးအိမ်ကကလေးတွေနဲ့ ကစားဖို့ “နိုး”

သူငယ်ချင်းအိမ်မှာညအိပ်ဖို့ တောင်းဆိုတဲ့အခါ “နိုး” နဲ့ မိဘတွေရဲ့ “နိုး” ပေါင်းများစွာဟာသားသမီးနဲ့ မိဘအကြားမှာခိုင်မာတဲ့ ကန့်လန့်ကာတစ်ခုဖြစ်လာတော့တယ်။ ဒါဆိုရင်… “သားသမီးတွေတောင်းဆိုသမျှတွေကိုမငြင်းဆန်ဘဲနဲ့ လိုက်လျောနေရတော့မှာလား။ သားသမီးတွေကိုထိခိုက်စေမယ်မှန်းသိသိနဲ့ အလိုလိုက်ရတော့မှာလား” ဒါဟာမိဘတိုင်းသိချင်နေကြတဲ့ မေးခွန်းပါ။

ကလေးလေးတွေဟာအရာရာကိုသင်ယူပြီးစူးစမ်းလေ့လာနေကြတဲ့ အရွယ်တွေပါ။ ကလေးတွေ တစ်ခုခုတောင်းဆိုတဲ့အခါ ဘာမှမရှင်းပြဘဲအမေမကြိုက်လို့ မလုပ်နဲ့၊ ဘာဖြစ်မှာမို့ မလုပ်နဲ့လို့ ငြင်းတဲ့အခါမှာသူတို့လက်ခံချင်စိတ်မရှိပါဘူး။ သင့်အနေနဲ့ လုပ်ရမှာကသူတို့တောင်းဆိုတာလေးတွေကိုလုပ်လိုက်ရင် ဖြစ်လာမယ့်အကျိုးဆက်ကိုပြောပြပါ။ ပြီးရင်လုပ်သင့်၊ မလုပ်သင့်ကိုသူတို့ကိုယ်တိုင်ပဲရွေးချယ်ခိုင်းပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဥပမာ-သားကရေခဲမုန့်စားချင်နေတာနော်။ ရေခဲမုန့်က ချောင်းဆိုးစေတယ်။ သားကအအေးပတ်ပြီးချောင်းဆိုးနေတယ်မဟုတ်လား။ သားရေခဲမုန့်စားရင်ချောင်းဆိုးပျောက်ဆေးတွေ သောက်ရလိမ့်မယ်။ ညဖက်ချောင်းဆိုနေရင် မေမေကောသားပါအိပ်ရေးပျက်လိမ့်မယ်။ သားစားချင်သေးလား။

ကလေးတွေရဲ့ ဆန္ဒတွေကိုအပျက်သဘောနဲ့ ငြင်းခြင်းဟာ ပြဿနာတွေကိုပိုပြီးဆိုးဝါးစေတဲ့အပြင် မိဘနဲ့သားသမီးကြားမှာလည်းနားလည်မှုလွဲမှားစေပါတယ်။ ကလေးတွေကိုအပြုသဘောနဲ့ ပြောပြပြီးရွေးချယ်မှုတွေလုပ်ခိုင်းတဲ့အခါ ကလေးငယ်ရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကိုလည်းတိုးပွားစေပါတယ်။

“နိုး” အစားပညားသားပါပါနဲ့ ငြင်းဆိုရင်းသားသမီးနဲ့မိဘအကြားချစ်ကြည်ရင်းနှီးမှုတွေ ရရှိကြပါစေနော်။