မီးဖွားပြီးသူတိုင်း မဖတ်မဖြစ်ဖတ်ရမယ့် စာလေးတစ်စောင်

blank

စာချစ်သူတို့ရေ…

ရင်သွေးလေးကို လောကကြီးထဲ ခေါ်ဆောင်လာပြီးတဲ့နောက်မှာ အိပ်ပျက်ညတွေ၊ တာဝန်ဝတ္တရားအသစ်တွေ၊ ကိုယ့်ရဲ့ရပ်တည်မှုပျောက်ဆုံးသွားတဲ့ အချိန်တွေမှာ မိခင်တွေမှာ စိတ်ပူပန်မှုတွေ၊မောပန်းမှုတွေ၊ ဝမ်းနည်းမှုတွေကြုံရတတ်တယ်။ အဲ့ဒီအချိန်မှာ မိခင်တွေအနေနဲ့ baby blues ကို ခံစားရတတ်ကြပြီး စိတ်ပင်ပန်းမှုတွေကို ခံစားရတတ်ပါတယ်။ သာမန် baby blues ဟာ ကလေးနဲ့အသားကျပြီးနောက်မှာ အလိုအလျောက်ပျောက်သွားတတ်ပေမယ့် အဲ့ဒီထက်ဆိုးဝါးလာရင်တော့ postpartum depression အဖြစ်ပြောင်းသွားတတ်ပါတယ်။  ပထမဦးဆုံး ရင်သွေးလေးကို မွေးဖွားထားတဲ့ မိခင်တွေ အနေနဲ့ Postpartum depression ခံစားရတတ်ပါတယ်။ Postpartum depression ဖြစ်တဲ့အခါ…

  • အလိုလိုဝမ်းနည်းကြေကွဲနေမယ်။ ငိုနေမယ်။
  • စိတ်ထိရှလွယ်နေမယ်။ စိတ်အတက်အကျမြန်နေမယ်။
  • အအိပ်အစားပျက်မယ်။
  • ကိုယ့်ကိုယ်ကိုယ်ကော ကလေးကိုပါ စိတ်ပျက်နေမယ်။
  • ကိုယ့်ကိုယ်ကိုယ် တာဝန်မကျေတဲ့ မိခင်တစ်ယောက်အဖြစ်ခံစားရမယ်။
  • ကလေးမအိပ်တဲ့အခါ၊ ငိုတဲ့အခါတွေမှာ မိခင်အနေနဲ့ ထိန်းချုပ်လို့မရတာကို စိတ်ညစ်နေမယ်။
  • ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမရှိတဲ့သူတစ်ယောက်လို၊ အထီးကျန်သလို ခံစားရမယ်။
  • အသက်ရှင်ချင်စိတ်ပျောက်ဆုံးနေမယ်။
  • ကလေးကို ထိခိုက်အောင်၊ ကိုယ့်ကိုယ်ကိုယ်ထိခိုက်အောင် လုပ်ချင်စိတ်ဖြစ်မယ်။
  • တကယ်မရှိတဲ့အရာတွေကို မြင်သလို၊ ကြားသလို ခံစားရမယ်။ စိတ်ရှုပ်ထွေးမယ်။
  • ပစ်ပယ်ခံထားသလို ခံစားရမယ်။

Postpartum depression ဖြစ်ရခြင်းအကြောင်းကို ဆန်းစစ်ကြည့်တဲ့အခါ…။

  • အမျိုးသမီးတွေဟာ ကလေးမီးဖွားပြီးတဲ့နောက်မှာ estrogen နဲ့ progesterone ဟော်မုန်းတွေ ကျသွားတတ်ပါတယ်။ တိုင်းရိုက် ပမာဏတွေလည်း ကျသွားတာကြောင့် မောပန်းတာတွေ စိတ်ဖိစီးမှုတွေ ဖြစ်တတ်ပါတယ်။ ဟော်မုန်းပြောင်းလဲခြင်းနဲ့အတူ သွေးဖိအားအတက်အကျတွေ၊ ခုခံစွမ်းအားအလုပ်လုပ်ပုံတွေ၊ ဇီဝဖြစ်စဉ်တွေမှာ ပြောင်းလဲလာတာကြောင့်
  • ကလေးမွေးဖွားပြီးတဲ့နောက်မှာ ခန္ဓာကိုယ်ဟာ အရင်ကနဲ့ မတူတဲ့ ပုံစံတွေဖြစ်လာတတ်ပါတယ်။ ပုံစံပြောင်းလာတဲ့ ခန္ဓာကိုယ်ကြောင့် ဆွဲဆောင်မှုမရှိတော့မှာလည်း စိုးရိမ်နေတတ်တာကြောင့်
  • မိဖွားပြီးတဲ့နောက်မှာ ကလေးအပေါ်တာဝန်မကျေမှာ စိုးရိမ်တဲ့စိတ်၊ ကိုယ့်ရဲ့ရပ်တည်မှုတွေ ပျောက်ဆုံးမှာ စိုးရိမ်တဲ့စိတ်တွေကြောင့် Postpartum depression ဖြစ်တတ်ပါတယ်။

Postpartrum depression ခံစားနေရတယ်ဆိုရင်…။

  • မိခင်နဲ့ကလေးကြားမှာ နွေးထွေးမှုကို တည်ဆောက်ပါ။
  • ကိုယ့်ကိုနားလည်ပေးနိုင်မယ့် သူကို ရင်ဖွင့်ပါ။ အကူအညီတောင်းပါ။
  • ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ။ လမ်းလျှောက်ပါ။ နေပူစာလုံပါ။ တရားထိုင်ပါ။  စိတ်ကိုပေါ့ပေါ့ပါးပါးထားပါ။
  • အလုပ်လျှော့လုပ်ပါ။ မနိုင်ဝန်မထမ်းပါနဲ့။
  • အိမ်ထောင်ဖက်ဒါမှမဟုတ် မိသားစုဝင်တွေကို ကလေးထိန်းပေးဖို့ အကူအညီတောင်းပြီး တစ်ရေးတစ်မောအိပ်ပါ။
  • ကိုယ့်ကိုယ်ကိုယ်အတွက် အချိန်ပေးပါ။ ခင်ပွန်းနဲ့ စကားစမြည်ပြောပါ။ သူငယ်ချင်းတွေနဲ့ ဖုန်းပြောပါ။
  • အာဟာရပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေကို စားသောက်ပါ။
  • ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ကုသမှုတွေ ခံယူပါ။

မိမိရဲ့ ဇနီးသည်က အဲ့ဒီလို ခံစားနေရတယ်ဆိုရင်လည်း တတ်စွမ်းသလောက် ကူညီပေးပါ၊ အားပေးစကားပြောပါ။ ခံစားချက်တွေကို နားလည်ပေးပါ။ သူမအတွက် အချိန်ပေးပါ။ သူမအိပ်ရေးဝဝအိပ်နိုင်ဖို့၊ ဝါသနာပါရာလေးတွေ လုပ်ဖို့၊ လုံလုံလောက်လောက် အနားပေးနိုင်ဖို့ ကူညီပေးပါ။ လိင်မှုရေးရာတွေမှာ သူမရဲ့ ဆန္ဒရှိမှု၊ မရှိမှုကို ဦးစားပေးပါ။ သူမနဲ့အတူ လမ်းလျှောက်ပေးပါ။ အရေးအကြီးဆုံးကတော့ သူမအပေါ် အရင်ကလိုပဲ မပြောင်းမလဲ ချစ်နေတယ်ဆိုတာကို ပြောပြပေးပါနော်။

သင့်ရဲ့ ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားပြီးချိန်အထိ ရက်တစ်ထောင်ခရီးအတွက် လိုအပ်မယ့် ဗဟုသုတလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Biogesic Kids တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်တဲ့ စာစောင်လေးကို နှစ်သက်တယ်ဆိုရင် ဝေမျှပေးလိုက်ပါဦး။