ပေးခဲ့တဲ့ ဒဏ်ရာတွေကို ပန်းပွင့်လေးတွေနဲ့ ကြေအေးလို့ရလား။

blank

ဒီနေ့ ကျွန်မမွေးနေ့လည်းမဟုတ်၊ ကျွန်မအတွက် ထူးခြားတဲ့နေ့လည်းမဟုတ်ဘဲနဲ့ ပန်းစည်းလေး လက်ဆောင်ရလိုက်ပါတယ်။ မနေ့ညက ကျွန်မခင်ပွန်းနဲ့ ပထမဆုံးအကြိမ် စကားများကြပါတယ်။ ကျွန်မကို ထိခိုက်စေတဲ့ စကားတွေနဲ့ ဆဲဆိုတယ်။ ကျွန်မသိပ်ကိုဝမ်းနည်းတာပဲ။ နောက်နေ့မနက်ရောက်တော့ သူကျွန်မအတွက် ပန်းစည်းလေးတစ်စည်းဝယ်လာတယ်။

“တမင်ရည်ရွယ်ပြီး ပြောခဲ့တာမဟုတ်ပါဘူး” တဲ့။ သူက ကျွန်မကိုချစ်လို့ ဒေါသထွက်တာပါ လို့ ကျွန်မဖြေတွေးလိုက်ပါတယ်။

ဒီနေ့ ကျွန်မတို့နှစ်ပတ်လည်နေ့လည်းမဟုတ်၊ ထူးခြားတဲ့နေ့တစ်နေ့လည်းမဟုတ်ဘဲနဲ့ ပန်းစည်းလေးလက်ဆောင်ရပြန်ပါတယ်။ မနေ့ညက အိပ်မက်ဆိုးတစ်ခုလိုပဲ သူနဲ့ကျွန်မ စကားများကြရင်း ကျွန်မကို အားနဲ့တွန်းပြီး ကျွန်မအင်္ကျီစကို အသက်ရှုကြပ်မတတ် ဆွဲညှစ်ထားတယ်။ တကယ့်အဖြစ်အပျက်လားဆိုတာတောင် ကျွန်မကိုယ်ကျွန်မ မယုံနိုင်ဘူး။ မနက်အိပ်ရာနိုးတော့ ကျွန်မလည်ပင်းနာနေပြီး အညိုမဲတွေ စွဲနေတယ်။ သူလုပ်ခဲ့တာတွေအတွက် တကယ်ဝမ်းနည်းနေမယ်ဆိုတာ ကျွန်မသိပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့လည်း သူ ကျွန်မကို ပန်းစည်းလေး ပေးထားတယ်လေ။

ဒီနေ့ အမေများနေ့လည်းမဟုတ်၊ တခြားထူးခြားတဲ့နေ့လည်းမဟုတ်ဘဲနဲ့ ကျွန်မ ပန်းစည်းလေးလက်ဆောင်ရပြန်ပါပြီ်။ မနေ့ညက သူ ကျွန်မကို အရင်အခါတွေထက် ဆိုးဆိုးရွားရွား ထပ်ရိုက်ပြန်ပါတယ်။ သူ့ကြောင့် စိတ်ရောကိုယ်ပါ နာကျင်ရလွန်းလို့ သူ့တစ်ယောက်တည်း ပစ်ထားခဲ့ဖို့ ကျွန်မစဉ်းစားပါသေးတယ်။ ဒါပေမဲ့ သူမရှိဘဲ ကျွန်မ ဘယ်လိုရှေ့ဆက်ရမလဲ။ ကလေးတွေကို ကျွန်မတစ်ယောက်တည်း ဘယ်လိုစောင့်ရှောက်ပေးရမလဲ။ ငွေအတွက်ရော ဘယ်လိုလုပ်ရမလဲ။ ကျွန်မ သူ့ကိုကြောက်ပေမဲ့ သူ့ကို ထားပစ်ခဲ့ရမှာလည်း မဝံ့ရဲပါဘူး။ သူ့ဗီဇအရ ကျွန်မကို နှိပ်စက်နေပေမဲ့ သူကျွန်မကိုချစ်တယ်ဆိုတာကိုတော့ ကျွန်မသိပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့လည်း သူ ကျွန်မကို ပန်းစည်းလေး ပေးထားပြန်ပြီ်လေ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီနေ့က ကျွန်မအတွက် အထူးခြားဆုံးနေ့လေးတစ်နေ့ဖြစ်တာကြောင့် ကျွန်မ ပန်းစည်းလေး ရလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ဟာ ကျွန်မရဲ့ဈာပနနေ့လေးပါ။ မနေ့ညက သူ့ရဲ့ရိုက်ချက်တွေကြောင့် ဒဏ်ရာတွေအလူးအလဲနဲ့ ကျွန်မအသက်ဆုံးခဲ့ရတယ်။ နောက်ဆုံးတော့ ကျွန်မ သူ့ကို ပစ်ထားဖို့ ခွန်အားတွေ စုစည်းနိုင်ခဲ့ပြီလေ။ ဒါပေမဲ့ ဒီနေ့ရလိုက်တဲ့ ပန်းစည်းလေးကိုတော့ ကျွန်မကိုင်ကြည့်ခွင့် မရလိုက်တော့ပါဘူး။

စာချစ်သူတို့ရေ…။

နာကျင်အောင် ရိုက်နှက်ပြီးမှ ပန်းပွင့်လေးတွေ ပေးတယ်ဆိုတာ ချစ်ခြင်းမဟုတ်ပါဘူး။ သင့်ကိုတကယ်ချစ်တဲ့သူက သင့်ကိုထိခိုက်အောင် မလုပ်ခင်ကတည်းက သင့်ကိုကြင်နာနေမှာပါ။ တကယ်ချစ်တဲ့သူဟာ ပန်းစည်းတွေမပေးရင်တောင် နာကျင်ခြင်းတွေတော့ ပေးမှာမဟုတ်ပါဘူး။

အိမ်တွင်းအကြမ်းဖက်မှုတွေအားလုံးကို ကိုယ်စားပြုထားတဲ့ ဒီ ဇာတ်လမ်းလေးဟာ သင့်ကိုတွေးစရာတစ်ခုခုပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။