မီးနေသည်တစ်ယောက် ဝေခွဲမရဖြစ်နေတဲ့ အဖြစ်လေးကို ကူပြီးစဉ်းစားပေးကြပါ။

ကျွန်မဟာ မီးဖွားပြီးစ မိခင်တစ်ယောက်ပါ။ သားဦးလေးဖြစ်တဲ့အတွက် ကလေးနဲ့ပတ်သက်ပြီး အတွေ့အကြုံလည်း မရှိပါဘူး။ ဒါ့ကြောင့် ကိုယ်ဝန်စရှိပြီဆိုကတည်းက OG နဲ့ သေချာအပ်ပြီး ကလေးအတွက် လိုအပ်တာတွေကို ပြင်ဆင်ခဲ့တယ်။  ကလေးပြုစုပျိုးထောင်ခြင်းနဲ့ ပတ်သက်ပြီး စာအုပ်တွေဖတ်တယ်။ ကလေးမီးဖွားပြီးတဲ့အခါမှာလည်း ကလေးနဲ့ပတ်သက်ပြီး လိုအပ်တာတွေကို OG က သေချာလေးပြောပြပေးပါတယ်။

ကျွန်မမီးဖွားထားတဲ့အချိန်မှာ ကျွန်မရဲ့ယောက္ခမက ကျွန်မတို့အိမ်ကို လာနေပေးပါတယ်။ ဇနီးမောင်နှံနှစ်ယောက်တည်းရှိတဲ့အိမ်မှာ ကျွန်မဆေးရုံတက်နေတဲ့အခိုက် အိမ်ကိုကြည့်ပေးပြီး ကလေးအတွက် အကြံဉာဏ်လေးတွေပေးနိုင်တဲ့ ယောက္ခမကြီးဟာ ကျွန်မတို့အတွက် ဘုရားပေးတဲ့ ဆုလာဘ်ပါပဲ။ အရာရာမှာ စေ့စပ်တိကျပြီး ဗဟုသုတကြွယ်ဝတဲ့အတွက် ကျွန်မအတွက် အားကိုးရပါတယ်။ ဒါပေမဲ့ ယောက္ခမကြီးဟာ လူကြီးပီပီ ကျွန်မတို့ပြောတာတွေကို လက်မခံတတ်တဲ့ အကျင့်လေးကြောင့် ကျွန်မတို့ စိတ်ညစ်ရပါတယ်။ အထူးသဖြင့် မီးနေသည်ကျွန်မရဲ့ စားရေးသောက်ရေးနဲ့ပတ်သက်ပြီးတော့ပေါ့။

ကျွန်မကလေးမွေးပြီး ဆေးရုံကဆင်းကတည်းက ဆရာဝန်က အာဟာရစုံလင်စွာစားဖို့၊ အစားတွေရှောင်မနေဖို့ မှာလိုက်ပါတယ်။ အပူအစပ်တွေ၊ ကဖင်းဓာတ်လွန်ကဲတဲ့ အစားအစာတွေ၊ အသင့်စားအစားအစာတွေ၊ ထုပ်ပိုးထားတဲ့ အသားတွေ၊ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားငါးတွေ၊ အရက်သေစာနဲ့ ဆေးလိပ်ကလွဲပြီး ကျန်တာအကုန်စားလို့ရတယ်တဲ့။ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာမှန်သမျှ အကုန်စားလို့ရတယ်တဲ့။ ဒါပေမဲ့ ကျွန်မယောက္ခမကြီးက ကျွန်မကိုငါးရံ့ခြောက်ဖုတ်နဲ့ပဲ စားခိုင်းပါတယ်။ မိခင်ဖြစ်တဲ့သူက အဟာရပြည့်ဝစွာ စာသုံးရမှ ရင်သွေးအနေနဲ့ ကျန်းမာဖွံ့ဖြိုးမယ်ဆိုတာကို သိထားတဲ့ ကျွန်မက အစားရှောင်စရာမလိုဘူးလို့ပြောပေမယ့်လည်း ယောက္ခကြီးကို ပြောလို့မနိုင်ပါဘူး။ တစ်ရက်တစ်ရက် ငါးရံ့ခြောက်ဖုတ်နဲ့ ဒန့်ဒလွန်ရွက်ဟင်းချိုကိုသာ သောက်နေရပါတယ်။ ကျွန်မက ဆရာဝန်ရဲ့ စကားကို အားယူပြီးပြောပြန်တော့လည်း ကလေးငိုတဲ့အခါတိုင်း၊ ညမအိပ်ဘဲ ဂျီကျတဲ့အခါတိုင်း ကျွန်မစားတဲ့အစားအစာတွေကို လက်ညှိုးထိုးပြီး အပြစ်တင်ပါတယ်။

သားဦးလေးဖြစ်တဲ့အတွက် အတွေ့အကြုံမရှိသေးတဲ့ ကျွန်မအနေနဲ့ ယောက္ခမကြီးပြောတာတွေ မှန်နေပြီလားလို့ စဉ်းစားမိတဲ့အခါတွေရှိသလို၊ ဆရာဝန်ပြောသလိုပဲ အစုံစားရမလားလို့ တွေဝေရပြန်တယ်။ တကယ်ကော… ငရံ့ခြောက်တစ်မျိုးတည်းနဲ့ စားတာက ကောင်းတာလား။ အစုံစားတာကကောင်းတာလား။

စာချစ်သူတို့အတွက် ဗဟုသုတလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Biogesic Kids တို့မှ ပူပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။