ကလေးအဖေဖြစ်တော့မယ်ဆိုရင် ဒါလေးတွေ သိထားဖို့ လိုလိမ့်မယ်။

မကြာမီမှာဖခင်ဖြစ်တော့မယ့် ဂန္ထဝင်စာချစ်သူတို့ရေ…။

သင့်ရဲ့ဇနီးကိုယ်ဝန်ရှိနေပြီဆိုတဲ့ သတင်းကို သင်ကြားလိုက်ရတဲ့အချိန်မှာ ရုပ်ရှင်တွေထဲကလို သင်ထခုန်ဖြစ်ချင်မှ ထခုန်ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သင့်ရင်သွေးလေး လောကထဲရောက်လာတော့မယ်ဆိုတဲ့ အချိန်မှာ သင့်အတွက် တာဝန်တွေ ဝတ္တရားတွေ ပိုလာကတော့ သေချာပါတယ်။ အထူးသဖြင့် ပထမဦးဆုံးကိုယ်ဝန်ကို ဆောင်ထားရတယ်ဆိုရင်တော့ သင်နဲ့သင့်ဇနီးအတွက် အရာရာဟာ အသစ်ဖြစ်နေပြီး သင်ယူစရာတွေ များနေတဲ့ ကာလပေါ့။ ဒါကြောင့် ကလေးအဖေဖြစ်တော့မယ်ဆိုရင် သင်သိထားရမယ့်အရာလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

သင့်ဇနီးသည်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ သင်မြင်နိုင်တဲ့ ပြင်ပပြောင်းလဲမှုတွေအပြင် သင်မမြင်နိုင်တဲ့ ဟော်မုန်းအပြောင်းအလဲတွေ ကြုံတွေ့ရတော့မှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဟာ သာမန်အမျိုးသမီးတစ်ယောက် နှစ်နှစ်တာမှာ ထုတ်လုပ်တဲ့ ဟော်မုန်းပမာဏနဲ့ တူညီတဲ့ဟော်မုန်းတွေကို ထုတ်လုပ်ရပါတယ်။ ဒါ့ကြောင့် သူမမှာ သူမကိုယ်တိုင်တောင် ထိန်းချုပ်လို့မရနိုင်တဲ့ စိတ်အပြောင်းအလဲတွေ ဖြစ်နေတတ်ပါတယ်။ အဲ့ဒီအချိန်မှာ သူမကို ဆန့်ကျင်ဖို့ လုံးဝမစဉ်းစားပါနဲ့။ သူမက ဖြူဆို သင်လည်း ဖြူလိုက်ပါ။ သူမက မည်းဆို သင်လည်း မည်းဖို့ အဆင်သင့်ရှိနေပါစေ။

သင့်ရင်သွေးမရောက်လာခင်မှာ သင့်ဇနီးသည်ဆီကို ပထမဦးဆုံးရောက်လာမယ့် ဧည့်သည်လေးကတော့ morning sickness ဆိုတဲ့ ဝေဒနာလေးပါ။ မူးဝေအော့အန်နေတတ်တဲ့ သူမကို ဖေးမပေးပါ။ ခံတွင်းပျက်နေတာကြောင့် တို့ကနန်းဆိတ်ကနန်းစားနေတတ်တဲ့ သူမအတွက် ခံတွင်းလိုက်မယ့် အစားအစာလေးတွေကို ပြင်ဆင်ကျွေးမွေးပေးပါ။

ကိုယ်ဝန်ဆောင်ကာလမှာ သူမရဲ့စိတ်တွေဟာ မိုးလေဝသထက်တောင် အပြောင်းအလဲမြန်နေတတ်ပါတယ်။ စိတ်အလိုမကျတာတွေ၊ အလိုလိုဝမ်းနည်းနေတာတွေ၊ သင်မမှားဘဲ ဒေါသထွက်တာတွေကို ခံရတဲ့အခါမှာ သင်လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက သူမကို ချော့မော့ဖို့နဲ့ ပွေ့ဖက်နှစ်သိမ့်ပေးဖို့ပါပဲ။ သူမရဲ့ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံးမှာသ သင့်ရဲ့ အားပေးကူညီမှုတွေဟာ သူမအတွက် အားဆေးပါပဲ။ သင့်ဇနီးဟာ အလုပ်လုပ်တဲ့သူတစ်ယောက်ဆိုရင်တော့ သူမအလုပ်က အဆင်မပြေမှုတွေ၊ သူမရဲ့ အလိုမကျမှုတွေကို နားထောင်ပေးမယ့် သူတစ်ယောက်လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလဟာ သင့်ဇနီးအတွက် သင့်ရဲ့ အချိန်နဲ့ ဂရုစိုက်မှုက အလိုအပ်ဆုံးအရာတွေပါ။ သင့်အနေနဲ့ ငွေစုဆောင်းဖို့ တစ်ခုတည်းမဟုတ်ဘဲ သင့်ဇနီးသည်အတွက် အချိန်ပေးနိုင်သလောက်ပေးဖို့ အရေးကြီးပါတယ်။ တစ်ခါတလေမှာ သူမကိုနားခိုင်းပြီး သူမကြိုက်တဲ့ ဟင်းလေးတွေကို ချက်ကျွေးဖို့ ကြိုးစားကြည့်ပါ။ သင့်ရဲ့လက်ရာက အကောင်းဆုံးမဟုတ်ရင်တောင်မှ သူမကိုတော့ ပျော်ရွှင်စေမှာ အသေအချာပါပဲ။ အိမ်အလုပ်တွေမှာ သူမကို ကူညီပေးတာကလည်း ပျော်ရွှင်ကျန်းမာတဲ့ ကလေးတွေကို မွေးဖွားစေမယ့် သော့ချက်လေးပါပဲ။

အမျိုးသား အများစုဟာ ကလေးမီးဖွားဖို့အတွက် ပြင်ဆင်တာတွေကို အမျိုးသမီးတွေလုပ်ရမယ့် အလုပ်လို့ပဲ သတ်မှတ်ထားတတ်ကြပါတယ်။ တကယ်တော့ ကိုယ်ဝန်ဆောင်အားဆေးရွေးချယ်တာက အစ၊ မွေးဖွားမယ့်ဆေးရုံရွေးချယ်တာအထိ နှစ်ယောက်သားအတူတူ တိုင်ပင်သင့်ပါတယ်။ ဇနီးမောင်နှံနှစ်ယောက်လုံးရဲ့ ရွေးချယ်မှုနဲ့လောကထဲရောက်လာတော့မယ့် သားသမီးတွေရဲ့ အရေးကို နှစ်ယောက်သားအတူတူတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

သင့်ဇနီးသည်က သင့်ကိုပြောပြသည်ဖြစ်စေ၊ မပြောပြသည်ဖြစ်စေ စိတ်ထဲမှာတော့ ပူပန်မှုလေးတွေရှိနေပါတယ်။ သင့်ရဲ့ အပြုသဘောဆောင်တဲ့ အားပေးစကားတွေဟာ သူမရဲ့ စိတ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ရင်သွေးလေးကိုမွေးဖွားမယ့် ဖြစ်စဉ်အစအဆုံးမှာ သင်က သူမဘေးနားမှာ အမြဲတမ်းရှိနေမယ်ဆိုတာကိုလည်း သူမရင်ထဲထိရောက်နေအောင် သင့်ရဲ့အပြုအမူတွေကနေတဆင့် ပြသပါ။

စာချစ်သူတို့အတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့  Obipluz တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်တဲ့ ဒီစာစောင်လေးကို နှစ်သက်တယ်ဆိုရင် ဝေမျှပေးလိုက်ပါဦး။