သွေးအမျိုးအစားအလိုက် ကွဲပြားကြသော စိတ်နေသဘောထားများ

blank

သိပ္ပံပညာအရ သက်သေပြထားတာတော့ မရှိပေမယ့် ဂျပန်နိုင်ငံမှာဆိုရင် သွေးအမျိုးအစားတွေက လူတွေရဲ့စိတ်နေသဘောထားကို ခန့်မှန်းလို့ရတယ်လို့ ယုံကြည်ကြပါတယ်။ လူတစ်ယောက်ရဲ့ သဘောသဘာဝ၊ လိုက်လျောညီထွေရှိမှုတွေကနေ ကိုယ်ကဘယ်လိုလူမျိုး၊ ကိုယ်ဘယ်လို အစားအသောက်တွေကို စားသုံးသင့်တယ် ဆိုတာမျိုးထိကို ခန့်မှန်းကြပါတယ်။ အခု ဒီဆောင်းပါးလေးမှာတော့ ကိုယ့်ရဲ့သွေးအမျိုးအစားက ကိုယ်ဘယ်လိုလူမျိုးလဲဆိုတာ ဖော်ထုတ်ပေးမယ့်အကြောင်းကို ဖော်ပြပေးသွားမှာပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။       သွေးအုပ်စု အေ (A)

သွေးအုပ်စု အေ အမျိုးအစားပိုင်ရှင်တွေကတော့ လူတစ်ဖက်သားကို စဉ်းစားပေးတတ်ပြီး သစ္စာရှိကြတဲ့ လူမျိုးတွေပါ။ သူတို့က ခံစားချက်ကို မျှဝေတဲ့အခါမှာ လျှို့လျှို့ဝှက်ဝှက်တော့ ရှိနိုင်ပါတယ်။ အများရှေ့မှာတော့ တည်တည်ငြိမ်ငြိမ်ရှိတတ်ကြပါတယ်။ ဒါပေမယ့် အတွင်းမှာတော့ စိတ်ဖိစီးပြီး ပူပန်နေပါတယ်။ ဒီပူပန်တာတွေရှိပေမယ့်လည်း သူတို့တွေက ယုံကြည်လို့ရတဲ့ ရိုးသားတဲ့ လူတွေဖြစ်ပါတယ်။

စိတ်နေသဘောထား – ရှေးဆန်တယ်၊ ကိုယ့်အတွေးနဲ့ကိုယ်နေတတ်တယ်၊ လျှို့ဝှက်တယ်၊ တာဝန်ယူတတ်တယ်၊ စိတ်ရှည်တယ်၊ ကိုယ့်ကိုယ်ကို ပြည့်ပြည့်ဝဝ ယုံကြည်သူတွေ ဖြစ်ကြပါတယ်။

မကောင်းသောအချက် – အစွဲအလမ်းကြီးတယ်၊ ကိုယ့်ကိုယ်ကိုသိတတ်တယ်၊ တခါတရံ ခေါင်းမာတတ်ပါတယ်။

အစားအသောက် – သွေးအုပ်စု အေပိုင်ရှင်တွေက အသီးအရွက်စားရတာကို နှစ်သက်ကြပါတယ်။ လူတော်တော်များများက အသား၊ အာလူးတို့အစား ပဲနဲ့ အသီးအရွက်တွေကို စားသုံးဖို့ ခက်ခဲကြပါတယ်။ ဒါပေမယ့် သွေးအုပ်စုအေပိုင်ရှင်တွေကတော့ သူတို့အစားအသောက်ကို တတ်နိုင်သလောက် သဘာဝကရတဲ့ လတ်ဆတ်တဲ့ အစာတွေပဲ စားတတ်ပါတယ်။

၂။       သွေးအုပ်စု ဘီ (B)

သွေးအုပ်စု ဘီ ပိုင်ရှင်တွေကတော့ စာနာသနားတတ်တယ်၊ တဖက်လူ အမြင်ကို နားလည်ပါတယ်။ တခါတရံတော့ ရင်ဆိုင်ရမှာ စိန်ခေါ်ရမှာ တွန့်ဆုတ်တတ်ကြပါတယ်။ သူတို့တွေက ပျော့ပျောင်းတဲ့ မိတ်ဆွေကောင်းတွေပါ။ လက်တွေ့လည်း ဆန်ပါတယ်။ သူတို့တွေက ကိုယ်ပိုင် အမြင်နဲ့ ကိုယ်ပိုင်စည်းကမ်းတွေကို ထားရှိတတ်ပါတယ်။ သူတို့ပန်းတိုင် မရောက်မချင်း အာရုံစိုက်ပြီး စွဲစွဲမြဲမြဲ လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီအချက်တွေက တခြားလူတွေအတွက်တော့ တကိုယ်ကောင်းဆန်ပြီး တာဝန်မယူတတ်ဘူးဆိုတာ ဖြစ်စေပါတယ်။

သွေးအုပ်စု ဘီပိုင်ရှင်တွေဟာ သွေးအုပ်စု အိုနဲ့ အေပိုင်ရှင်တွေထက် သဘောသဘာဝတွေက ပိုများပြားကွဲပြားနေပါတယ်။ ရောဂါမျိုးစုံ ဖြစ်လွယ်တဲ့အတွက် အစားအစာမျိုးစုံကို စားပေးသင့်ပါတယ်။ လေ့ကျင့်ခန်းကိုလည်း မျိုးစုံလုပ်ပေးတာ ကောင်းပါတယ်။

စိတ်နေသဘောထား – တီထွင်ကြံဆတတ်တယ်၊ စိတ်ပျော့ပျောင်းတယ်၊ အမှီအခိုကင်းတယ်၊ အကောင်းမြင်တတ်တယ်၊ ချစ်ခင်တတ်ကြပါတယ်။

မကောင်းသောအချက် – မေ့လွယ်တယ်၊ တခါတရံ တာဝန်မယူတတ်ကြပါဘူး။

အစားအသောက် – သွေးအုပ်စု ဘီ ပိုင်ရှင်တွေက အစာခြေစနစ်အားကောင်းပေမယ့် ကြက်သား၊ အမဲသားနဲ့ ဝက်သားတွေကို ရှောင်သင့်ပါတယ်။ အထူးသဖြင့် ကြက်သားကို ရှောင်သင့်ပါတယ်။ သွေးလည်ပတ်မှုလမ်းကြောင်းကို ထိခိုက်စေပြီး လေဖြတ်ခြင်းနှင့် ကိုယ်ခံအားဆိုင်ရာ ရောဂါများ ဖြစ်စေတတ်လို့ပါပဲ။

၃။       သွေးအုပ်စု အေဘီ (AB)

ဒီသွေးအုပ်စု ပိုင်ရှင်တွေကတော့ ခန့်မှန်းရခက်တဲ့လူတွေပါ။ သွေးအုပ်စု အေနဲ့ ဘီရောထားတဲ့ စိတ်နေသဘောထားမျိုးပါ။ ကြိုတင်ခန့်မှန်းလို့မရတာကြောင့် သူတို့ကို အန္တရာယ်များတဲ့လူတွေ အဖြစ် သတ်မှတ်ထားပါတယ်။ သူတို့က ပုံစံခွက်ထဲမှာ မနေဘဲ ကွဲထွက်ချင်တဲ့ လူမျိုးဖြစ်ကြပါတယ်။

သွေးအုပ်စု အေဘီ ပိုင်ရှင်တွေက စွဲလမ်းစရာကောင်းပြီး လူသိများကြပါတယ်။ သူတို့တွေက သူတို့နှလုံးသားထက် ဦးနှောက်ကို အသုံးချဖို့ ယုံကြည်ကြပါတယ်။ သေးငယ်တဲ့ကိစ္စတွေ လောက်နဲ့ ချွေးမထွက်တတ်ပါဘူး၊ သူတို့ဟာ စိတ်ဓာတ်ကြံ့ခိုင်တဲ့လူတွေပါ။

စိတ်နေသဘောထား – အေးအေးဆေးဆေးနေတတ်တယ်၊ ကိုယ့်အတွေးနဲ့ကိုယ်နေတယ်၊ မျှမျှတတရှိကြပါတယ်။

မကောင်းသောအချက် – အပြစ်ရှာတတ်တယ်၊ မပြတ်သားဘူး၊ ခွင့်မလွတ်တတ်ဘူး၊ သီးခြားနေတတ်တယ်။

အစားအသောက် – ထိခိုက်လွယ်တဲ့ အစာခြေစနစ် ပိုင်ဆိုင်တာကြောင့် ကြက်သား၊ အမဲသားနဲ့ ဝက်သားတွေကို ရှောင်သင့်ပါတယ်။ ဒါပေမယ့် ပင်လယ်စာ၊ တိုဖူး နဲ့ နို့ထွက်အစားအစာတွေကိုတော့ စားသောက်နိုင်ပါတယ်။

၎။       သွေးအုပ်စု အို (O)

သွေးအုပ်စု အိုပိုင်ရှင်တွေကတော့ ပွင့်လင်းတယ်၊ ခင်မင်တတ်တယ်၊ လူမှုရေးကောင်းကြပါတယ်။ အကောင်းမြင်စိတ်ရှိပြီး ခေါင်းဆောင်လုပ်ပြီး ထိန်းချုပ်ချင်ကြပါတယ်။ အောင်မြင်မှုကို လိုလားပြီး စွန့်စားရမှာ၊ အလောင်းအစားပြုလုပ်ရမှာကို မကြောက်ကြပါဘူး။ ဒီအချက်ကိုတော့ အကောင်းဆုံး သွေးအမျိုးအစားအဖြစ် မှတ်ယူကြပါတယ်။ ပန်းတိုင်တွေထားရှိပြီး အမြဲတမ်း စတင်နိုင်ပေမယ့် အဆုံးသတ်ဖို့ ခက်ခဲနေတတ်ကြပါတယ်။ သူတို့တွေက မာနကြီးပြီး မခံစားတတ်တာလည်း ဖြစ်နိုင်ပါတယ်။

စိတ်နေသဘောထား – ရည်မှန်းချက်ကြီးတယ်၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတယ်၊ စိတ်ဓာတ်ခိုင်မာတယ်။

မကောင်းသောအချက် – မာနကြီးတယ်၊ ခံစားမလွယ်ဘူး၊ ကြွားဝါတတ်ပါတယ်။

အစားအသောက် – အစာခြေစနစ်က အိုဟောင်းနေတဲ့သဘောရှိတာကြောင့် အသား၊ ဥစားကြက်နှင့် ငါးတွေကို စားသင့်ပါတယ်။ ပေါင်မုန့်နဲ့ အစေ့များကို လျှော့စားသင့်ပါတယ်။

ဘယ်လိုလဲ ကိုယ့်သွေးအုပ်စုနဲ့ ကိုယ့်စိတ်နေသဘောထားနဲ့ ကိုက်ညီမှုရှိရဲ့လား။ ထင်မြင်ချက်လေးတွေကို comment section ကနေတဆင့် မျှဝေပေးလိုက်ပါဦး။

မျှဝေပေးတယ်ဆိုတာဂရုစိုက်လို့ပါပဲ။အောက်ဖော်ပြပါ SHARE button လေးကို တစ်ချက်နှိပ်ပြီးသင့်သူငယ်ချင်းတွေကိုဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ဖော်ပြလိုက်ပါ။